လူအများစုက
ဘ၀အတွက် ရည်ရွယ်ချက် အမျိုးမျိုးရှိကြသည်။ တချို့တွေက ဘ၀မှာ
အောင်မြင်ချင်ကြသည်၊ ချမ်းသာချင်ကြသည်။ နာမည်ကြီးချင်ကြသည်။ တချို့ကတော့
ဘ၀ကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းလိုကြသည်။ တချို့ကတော့ ဘ၀ကို
လွယ်လွယ်တွေးပြီး၊ ပေါ့ပေါ့လေး ဖြတ်သန်းချင်ကြသည်။ တချို့တွေအတွက် ဘ၀က
အစစအရာရာ အဆင်သင့်ဖြစ်နေပြီး ဖြောင့်ဖြူးသည်။ တချို့တွေအတွက်
အခက်အခဲများကို ကျော်ဖြတ်ပြီး ကြိုးစားရသည်။
ပညာ၏အရေးပါမှု
ဘယ်လိုရည်ရွယ်ချက်မျိုးမဆို
ပညာက အခြေခံကျသည့်နေရာမှာ ပါဝင်သည်ဟု ကျမယုံကြည်သည်။ ပညာဟုဆိုရာတွင်
ကျောင်းတွေကပေးသော အတန်းပညာသာမက၊ ဘ၀ကပေးသော လက်တွေ့ပညာ၊ အသိပညာ တို့လည်း
ပါဝင်သည်။ ပညာရှိမှ ကျမတို့ အမြင်ကျယ်ပြီး ကိုယ့်ဘ၀မှာ ဖြစ်နေတာတွေကို
စဉ်းစားဆင်ခြင်တတ်မည်။ ဘ၀မှာ ဘာတွေလုပ်နိုင်သလဲဆိုတာ တွေးတတ်လာမည်။
ကျမစာသင်ရသော
မြန်မာကျောင်းသား ကျောင်းသူများကို ဘ၀မှာ ဘယ်လို ရည်ရွယ်ချက်တွေ ရှိလဲဟု
ကျမက မေးလေ့ရှိသည်။ အများစုက အလုပ်ကောင်းကောင်းရဖို့၊ လူတန်းစေ့
နေနိုင်ဖို့ လိုချင်ကြသည်။ တချို့တွေကတော့ လူ့အဖွဲ့အစည်းအတွက်
အသုံးဝင်သောသူ ဖြစ်ချင်ကြသည်။ သူတို့အားလုံးက အတန်းပညာမှာ
တပြေးညီရှိကြသော်လည်း၊ မတူညီကြသော ဘ၀များမှ လာကြသည့်အတွက် ဘ၀ကပေးသော အသိပညာ
ကွဲပြားကြသည်။ ထို့ကြောင့် ဘ၀အတွက် ရည်ရွယ်ချက်တို့လည်း ကွဲပြားသွားကြသည်။
အထူးသဖြင့်
လူငယ်ဘ၀မှာ ကျမတို့ ကြီးပြင်းသော ပတ်ဝန်းကျင်က ကျမတို့ ဘ၀မှာ
ဘာလုပ်ချင်တယ်ဆိုတာအပေါ် သက်ရောက်မှုရှိတတ်သည်။ ကျမငယ်စဉ်က မိဘတွေပြောဖူးသော
စကားတခွန်းရှိသည်။ “ဖေဖေ မေမေတို့က သားနဲ့သမီးကို ဒီတသက်တော့ ပညာအမွေပဲ
ပေးနိုင်မယ်။ ပညာရွှေအိုး လူမခိုး ဆိုတဲ့အတိုင်း ပညာကိုသာ ဘ၀မှာ အရေးကြီးတဲ့
အမွေတခုအနေနဲ့ သင်ယူကြ”။
ကျမတို့မောင်နှမလည်း
မိဘတွေပြောတဲ့အတိုင်း ဘ၀မှာ ချမ်းသာဖို့ဆိုတာထက်၊ ပညာတတ်ရင်
လူတန်းစေ့နေနိုင်မယ်ဆိုတာကို ယုံကြည်ပြီး ကြိုးစားခဲ့ကြသည်။
ဘွဲ့ကောင်းကောင်းရဖို့၊ အလုပ်ကောင်းကောင်းရဖို့တို့က ထိုစဉ်က ကျမတို့၏
ရည်ရွယ်ချက်များ ဖြစ်ခဲ့သည်။
အွန်လိုင်းပေါ်က ဆောင်းပါးတပုဒ်မှာ နယူဇီလန်နိုင်ငံရှိ အသက် ၁၈ နှစ်အောက် ယောက်ျားလေးတချို့၏ ဘ၀အတွက် ရည်ရွယ်ချက်များက ကလေးအများကြီးယူဖို့၊ မိန်းကလေး
တယောက်ပြီး တယောက်နှင့် လက်မထပ်ဘဲ တွဲနေဖို့၊ အိမ်တွေအများကြီး
ပိုင်ဆိုင်ဖို့၊ အစိုးရဆီက အထောက်အပံ့ကို ရနိုင်သလောက်ရဖို့ စတာတွေ
ဖြစ်သည်ဟု ရေးထားတာ ဖတ်ဖူးသည်။ မြန်မာနိုင်ငံမှ လူအများစုအတွက် ထိုသို့
ရည်ရွယ်ချက်မျိုးနှင့် လူငယ်တွေ ရှိသလားဟု အံ့သြချင်