နို့ (Milk) ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

နို့ (Milk) ကို ကလေးတွေအတွက် ကျန်းမာရေး ကောင်းစေတယ်ဆိုပြီး လူကြီးတွေက တိုက်လေ့ ရှိကြပါတယ်။  တကယ်တော့ နို့ဟာ ကလေးတွေအတွက် သာမက လူကြီးတွေ အတွက်လည်း ကောင်းမွန်တဲ့ အရာပါ။ နို့မှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်လို့ ကျန်းမာရေးအတွက် သင့်တော်တာလဲ ဆိုတာကို သိရှိနိုင်ဖို့အတွက် နို့အကြောင်း ရေးသားလိုက်ရပါတယ်။


နို့တွင်ပါဝင်သော အရာများ
နိုင်ငံတကာ နို့နဲ့ နို့ထွက်ပစ္စည်း ကောင်စီရဲ့ လေ့လာမှုအရ နို့မှာ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ မရှိမဖြစ် အာဟာရဓာတ် ကိုးမျိုး ပါဝင်ပါတယ်။

ကယ်လ်စီယမ်- အရိုးတွေနဲ့ သွားတွေကို သန်စွမ်း ကျန်းမာစေပြီး အရိုးထုထည်ကို ကောင်းမွန်စေပါတယ်။
ပရိုတင်းဓာတ်- စွမ်းအင် အရင်းအမြစ်အဖြစ် ဆောင်ရွက်ပေးကာ ကြွက်သား တစ်သျှူးတွေကို ပြန်လည် ပြုပြင်ရေးနဲ့ တည်ဆောက်ရေးမှာ ပါဝင် လုပ်ဆောင်ပါတယ်။
ပိုတက်စီယမ်- သွေးဖိအားကို ကောင်းမွန်အောင် ထိန်းပေးထားနိုင်ပါတယ်။
ဖော့စ်ဖရပ်စ်- အရိုးတွေကို သန်စွမ်းစေပြီး စွမ်းအင်ကို ထုတ်ပေးပါတယ်။
ဗီတာမင်ဒီ- အရိုးတွေကို သန်စွမ်းအောင် ကူညီ အားဖြည့်ပေးပါတယ်။
ဗီတာမင် B12- သွေးနီဆဲလ်တွေနဲ့ နာ့ဗ်တစ်သျှူးတွေကို ကျန်းမာအောင် ထိန်းပေးနိုင်ပါတယ်။
ဗီတာမင် အေ- ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပြီး အမြင်အားကောင်းအောင်၊ အရေပြား ကျန်းမာလှပအောင် ထိန်းပေးနိုင်ပါတယ်။
ရိုင်ဘိုဖလေဗင်- အစားအစာကို စွမ်းအင်အဖြစ် ပြောင်းပေးနိုင်ပါတယ်။
နိုင်ယာစင်- သကြားနဲ့ ဖက်တီး အက်စစ်တွေကို တည်ဆောက် ဖြိုခွဲပေးပါတယ်။

နို့ (Milk) နှင့် ကိုယ်အလေးချိန် ထိန်းပေးနိုင်စွမ်း
နို့မှာပါဝင်တဲ့ အာဟာရဓာတ်တွေကြောင့် ကျွန်မတို့ရဲ့ ကိုယ်ကျန်းမာရေးနဲ့ စိတ်ချမ်းသာရေးကို ကောင်းမွန်စေသလိုပဲ အဝလွန်နေသူတွေနဲ့ ကိုယ်အလေးချိန် များနေသူတွေမှာ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်နေအောင် ထိန်းပေးနိုင်စွမ်း ရှိပါတယ်လို့ ကနေဒါ တက္ကသိုလ်ရဲ့ ကျန်းမာရေးသိပ္ပံ ပညာရှင် တွဲဖက်ပါမောက္ခ ဒေါက်တာဘရိုင်ယန်က ဆိုပါတယ်။ အထူးသဖြင့် နို့ကို လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ သောက်ပေးရင် အဆီပိုတွေ လျော့ကျရေးမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ လူငယ်တွေမှာ လေ့ကျင့်ခန်း လုပ်ပြီးချိန် နို့သောက်တာကြောင့် ခန္ဓာကိုယ် အဆီများများ ဆုံးရှုံးပြီး ကြွက်သားထုထည် တိုးလာမှုက သိသာတယ်လို့ သိရပါတယ်။ တခြားဖျော်ရည်တွေ သောက်သူတွေထက် သိသာတဲ့ အကျိုးကျေးဇူးကို ရရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

နို့ (Milk) နှင့် ရောဂါ သက်သာနိုင်စွမ်း
ကားဒစ်တက္ကသိုလ်ရဲ့ ပါမောက္ခ ပီတာအယ်လ်ဝုဒ်က နို့သောက်တာဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ လေဖြတ်တာတွေလို နာမကျန်းမှုကြောင့် သေဆုံးနှုန်းကို ၁၅-၂၀ ရာခိုင်နှုန်းနဲ့ အထက် လျော့ကျစေတယ်လို့ ဆိုပါတယ်။ နို့ဟာ အဆီထုတ်ထားတဲ့ နို့အမျိုးအစား ဖြစ်ဖို့တော့ လိုပါတယ်။ အဆီပါတဲ့ နို့ဟာ သွေးတွင်း ကိုလက်စထရော အဆင့်ကို မြင့်တက်စေပါတယ်။ သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရောတွေ စုပုံနေရင် နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ အန္တရာယ်ကို မြင့်တက်စေတာကြောင့်ပါ။ အချိန်ကြာကြာ လေ့လာခဲ့တဲ့ လေ့လာမှုကြီး တစ်ခုအရ အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို သောက်တာက နှလုံးရောဂါ၊ လေဖြတ်တာ၊ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ၊ အူမကြီးကင်ဆာနဲ့ ဆီးအိတ်ကင်ဆာ စတဲ့ ရောဂါတွေကြောင့် သေဆုံးနိုင်ခြေကို လျော့ကျစေတယ်လို့ သိရပါတယ်။

နို့သောက်သင့်သော ပမာဏ
နို့ (Milk) ထဲမှာ ပါဝင်တဲ့ အာဟာရဓာတ် ကိုးမျိုးရဲ့ အာနိသင်ကို ရရှိဖို့ဆိုရင် အရွယ်ရောက်သူတိုင်းဟာ တစ်နေ့မှာ နို့သုံးခွက် သောက်သင့်တယ်လို့ USDA က ဆိုပါတယ်။ နို့ကို မသောက်ဖြစ်ရင် ဒိန်ချဉ်၊ ချိစ် (Cheese) စတဲ့ နို့ထွက် ပစ္စည်းတွေကိုလည်း သောက်နိုင်ပါတယ်။ တစ်ကြိမ်မှာ နို့တစ်ခွက် (Cup)၊ (ဒိန်ချဉ်တစ်ခွက် (Cup)၊ ချိစ်နှစ်အောင်စခန့်) ပါဝင်ရပါမယ်။ ဒါဆိုရင် သင့်ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရရှိပြီး ကျန်းမာသန်စွမ်းတဲ့ အလှတရားကို ပိုင်ဆိုင်ပါလိမ့်မယ်။

ကြယ်စင်
Good Health

No comments:

Post a Comment