သွေးကင်ဆာအကြောင်း သိကောင်းစရာများ


Leukaemias ( လူကီးမီးယား) ကို သွေးကင်ဆာအဖြစ် လူသိများကြပါတယ် ။ လူကီးမီးယားဆိုတာ ရိုးတွင်းချဉ် ဆီတွေ ကို ထုတ်လုပ်တဲ့ Haematopoietic stem cell ဌာနမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါ တစ်မျိုး (Malignant disorder ) ဖြစ်ပါတယ် ။ လူကီးမီးယား ဖြစ်ပြီဆိုရင် Bone Marrow လို့ခေါ်တဲ့ ရိုးတွင်းချဉ်ဆီထဲမှာ (သို့မဟုတ်) Peripheral Blood ထဲမှာ သွေးဖြူဥဆဲလ် အရေအတွက်တွေမြင့်တက်လာပါတယ် ။ လူကီးမီးယား ဖြစ်ပွားတဲ့ဖြစ် စဉ်ဟာ သူ့ရဲ့အမျိုးအစားပေါ် မူတည်ပြီးတော့ ရက်အနည်းငယ် (သို့) ရက်သတ္တပတ်အနည်းငယ် (သို့) နှစ်ပေါင်း များစွာ ထိအောင်ကြာမြင့်နိုင်ပါတယ် ။ သွေးကင်ဆာပုံစံအမျိုးမျိုးရဲ့ ဖြစ်ပွားမှုနှုန်းဟာ နှစ်စဉ် လူတစ်သိန်းမှာ ၁၀ ယောက်လောက်ဖြစ်ပွားလေ့ရှိပြီး အဲဒီထဲက တစ်ဝက်ခန့်က လူကီးမီးယားပဲဖြစ်ပါတယ် ။ မိန်းမတွေ ထက် ယောင်္ကျားတွေက ပိုအဖြစ်များနိုင်ပြီး အချိုးအနေနဲ့ကြည့်မယ်ဆိုရင် Acute leukaemia မှာ ၃း၂ ရှိပြီး နာတာရှည် Chronic Lymphocytic Leukaemia မှာ ၂း၁ ရှိပါတယ် ။ ပထ၀ီမြေပြင်အနေအထားအရတော့ တရုတ် ၊ တရုတ်နှင့် ဆက်နွယ်သော မျိုးနွယ်များမှာ Chronic lymphocytic leukaemia အဖြစ်များပါတယ် ။ Acute Leukaemia ကိုတော့ အသက် အသက်အရွယ်မျိုးစုံမှာ တွေ့ရလေ့ရှိပါတယ် ။ Acute Lymphocytic Leukaemia ဟာ အသက် တစ်နှစ်ကနေ ငါးနှစ်အတွင်းမှာ အများဆုံးဖြစ်ပါတယ် ။ Acute Myeloid Leukaemia ပုံစံ မျိုးစုံ ကတော့ ငယ်ရွယ်ချိန်အဖြစ်နည်းပြီး အလယ်အလတ်ပိုင်းနဲ့ အသက်အရွယ်ကြီးသူတွေမှာ ဖြစ်လေ့ရှိပါတယ် ။

သွေးကင်ဆာ ဘာကြောင့်ဖြစ်သလဲ ?



လူနာအများစုမှာ သွေးကင်ဆာကိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို မသိရှိရပါဘူး ။ ဒါပေမယ့်လည်း လူကီးမီး ယားဖြစ်စဉ်နဲ့ ပါဝင်ပတ်သတ်ဆက်နွယ်မှုရှိနေပါတယ် ။

၁ ။ ဓါတ်ရောင်ခြင်သင့်ခြင်း (Ionising radiation)

ဂျပန်နိုင်ငံရှိ မြို့တော်တွေမှာ Atomic bombing ( အနုမြူရောင်ခြည်သင့် ) ကြောင့် Myeloid Leukaemia တွေ လွန်စွာမြင့်မား လာခဲ့ပါတယ် ။ ခါးရိုးဆစ်နာခြင်း ( Ankylosing spondylitis ) အား ဓါတ်ရောင်ခြည်ပေးပြီးသော အခါ နဲ့ ကိုယ်ဝန်ဆောင်စဉ် ကလေးငယ်အား ဓါတ်မှန်ရိုက်ခြင်း ( Diagnostic X-Rays ) တို့ကြောင့် လူကီးမီး ယား ဖြစ်ပွားမှု မြင့်တက်လာပါတယ် ။

၂ ။ အဆိပ်အတောက်ဖြစ်စေသော ဆေးဝါးများ ( Cytotoxic drugs)

နှစ်ပေါင်းများစွာ cytotoxic drugs တွေသုံးစွဲခြင်း အားဖြင့် Myeloid Leukaemia ကိုဖြစ်စေပါတယ် ။ စက်ရုံတွေ မှာ benzene ကိုထိတွေ့ခြင်းကြောင့်လည်း ဖြစ်စေပါတယ် ။

၃ ။ ဗိုင်းရပ်စ်များ ( Retroviruses)

ကြောင်တွေမှာဖြစ်စေတဲ့ လူကီးမီးယားအားဖြစ်ပွားစေသော ဗိုင်းရပ်စ်နှင့်ဆင်တူသည့် retroviruses ဟာ ရှားပါးသော T-cell leukaemia/ Lymphoma နဲ့ ဆက်နွယ်မှုရှိနေပါတယ် ။

၎ ။ မျိုးရိုးဗီဇ ( Genetic)

သွေးကင်ဆာရှိတဲ့ အမွှာ တွေကနေ သွေးကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်မားလေ့ရှိတယ် ။ Down's Syndrome နဲ့အ ခြားသော မျိုးဗီဇ ရောဂါတွေမှာလည်း ဖြစ်ပွားမှုနှုန်းမြင့်မားလေ့ရှိပါတယ် ။

၅ ။ ခုခံအားစနစ် (Immunological )

လတ်တလော သွေးကင်ဆာ (Acute Leukaemia ) ဟာ primitive stem cells တွေကိုပွားများစေပြီး blasts တွေ ကို စုပုံစေပါတယ် ။ အထူးသဖြင့် ရိုးတွင်းချဉ်ဆီထဲမှာ blasts တွေ စုပုံလာတဲ့အတွက် ရိုးတွင်းချဉ်ဆီ ပျက်ဆီးခြင်း ( bone marrow failure ) ကိုဖြစ်စေပါတယ် ။ လူကီးမီးယားကို အဓိကအားဖြင့် အုပ်စုလေး စုခွဲခြားနိုင် ပါတယ် ။ အဲဒါတွေကတော့

-Acute Lymphoblastic Leukaemia ( ALL )
-Acute Myeloid Leukaemia ( AML )
-Chronic Lymphocytic Leukaemia ( CLL )
-Chronic Myeloid Leukaemia (CML ) စသည်တို့ ဖြစ်ပါတယ် ။ လူကီးမီးယားလို့ သံသယရှိပြီ ဆိုရင် သွေးဖြူဥ အရည်အတွက် မြင့်မားလာပြီး သွေးဆဲလ်အရည်အတွက် မူမမှန်ခြင်းကနေစတင်ပါတယ် ။

လူကီးမီးယားလို့ ဘယ်လိုသိရှိနိုင်မလဲ ?



လူကီးမီးယားကို ရောဂါအမည်သတ်မှတ်ဖို့ ( Diagnosis ) လုပ်ဖို့ဆိုရင် ရိုးတွင်းချဉ်ဆီကို စစ်ဆေးရပါမယ် ။ အဲဒီမှာ မူမ မှန်ဆဲလ်တွေရဲ့ Morphology ကိုစမ်းသပ်ခြင်း ၊ Cell surface markers ( immunophenotyping ) အား စစ်ဆေးခြင်း ၊ မူမမှန် ( Clone-specific chromosone ) နဲ့ မော်လီကျူးတွေပြောင်းလဲခြင်းတို့ ပါဝင်ပါတယ် ။ ဒါဟာ တိကျတဲ့ ရောဂါအမည်သတ်မှတ်ခြင်းကို ပေးယုံသာမကပဲ တန်ဖိုးရှိတဲ့ ရောဂါကောင်းကျိုးခန့်မှန်းချက် ( Valuable prognostic infromation) ကိုလည်းပေးစေပါတယ် ။

လူကီးမီယားရဲ့ လက္ခဏာတွေက ဘာတွေလဲ ?

လူကီးမီးယား ဆဲလ် အရေအတွက် မြင့်မားလာခြင်းနဲ့ သင့်ရဲ့ ရိုးတွင်းချဉ်ဆီက ပုံမှန် သွေးဆဲလ်တွေကို မထုတ် လုပ်နိုင်ခြင်းကနေ လူကီးမီးယားရဲ့ လက္ခဏာတွေက စတင်ပါတယ် ။ Acute leukaemia တွေဖြစ်တဲ့ (AML , ALL ) မှာဆိုရင် ပုံမှန် သွေးဖြူဥဆဲလ်တွေနဲသွားပြီး Neutropenia ဆိုတဲ့အခြေအနေတစ်ခုကို ဖြစ်စေပါတယ် ။ မော ပန်းလွယ်ပြီး ဖြူဖျော့လာမယ် ။ အသက်ရှူရတာလည်း ခက်လဲပင်ပန်းလာမယ် ။ Platelets လို့ခေါ်တဲ့ သွေးခဲစေတဲ့ အရာတွေနဲသွားရင်တော့ Thrombocytopenia လို့ခေါ်တဲ့ သွေးမခဲတဲ့ အခြေအနေ တစ် ခုဖြစ်နိုင်ပြီး သွေးထွက်ခြင်း ၊ သွေးမတိတ်ခြင်း လက္ခဏာတွေ ခံစားရပါမယ် ။ သွေးခြေဥခြင်းနဲ့ သင့်ရဲ့ အရေ ပြားပေါ် မှာ ခရမ်းရောင် သို့မဟုတ် အနီစက်လေးတွေ တွေ့လာပါမယ် ။ ယေဘူယျ လက္ခဏာတွေကတော့
- အဖျားတက်ခြင်း
- ပိန်ချုံးခြင်း
- ကိုယ်လက်မအီမသာဖြစ်ခြင်း
- လည်ချောင်းနာခြင်း
- သွားဖုံးရောင်ခြင်း
- ညဖက်တွင်ချွေးစေးများထွက်ခြင်း
- ခေါင်းကိုက်ခြင်း ၊ အန်ခြင်း
- အမြင်အာရုံ ချို့တဲ့ခြင်း ပြဿနာများ
- အရိုးနှင့် အဆစ်အမြစ်နာခြင်း
- Lymph nodes များတွင် နာကျင်မှုမရှိပဲ ရောင်ရမ်းခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

Chronic leukaemia ရဲ့ အစပိုင်းအဆင့်များမှာတော့ Leukaemic cells တွေဟာ ပုံမှန်အခြေအနေရှိပြီး ဘာ လက္ခဏာမှ ပြလေ့မရှိပါဘူး ။ လက္ခဏာပြပြီဆိုရင်လည်း အနည်းငယ်မျှ သာဖြစ်ပြီးနောက်ပိုင်းမှာ တဖြည်းဖြည်း နဲ့ ဆိုးလာပါတယ် ။ Chronic Leukaemia ရဲ့ ယေဘူယျလက္ခဏာတွေကတော့

- မောပန်းလွယ်ခြင်း
- ကိုယ်လက်မအီမသာဖြစ်ခြင်း
- အစားအသောက်ပျက်ခြင်း
- ပိန်ချုံးခြင်း
- ညဖက်တွင်ချွေးစေးများထွက်ခြင်း
- Lymph nodes များတွင် နာကျင်မှုမရှိပဲ ရောင်ရမ်းခြင်း စသည်တို့ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အထက်ပါ လက္ခဏာတွေ ရှိတိုင်းလည်း လူကီးမီးယားမဟုတ်ပါဘူး ။ တခြားပြဿနာတွေဖြစ်တဲ့ ပိုးဝင်ခြင်းနဲ့ ဖျားနာ တုပ်ကွေး တွေလည်း ဖြစ်နိုင်ပါတယ် ။ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှသာ ရောဂါအမည် သတ်မှတ်နိုင် မှာဖြစ်ပါတယ် ။

Ref - Davidson's Principle and Practice of Medicine ( 20th Edition)
- http://www.cancer.ca/

www.thettantvillage.com
သက်တန့်ချို

အမျိုးသားများ ဆံပင်ကျွတ်ခြင်းအကြောင်းသိကောင်းစရာများ




၁ ။ ဆံပင်ကျွတ်ခြင်းဆိုတာ အဖြစ်များတဲ့ပြဿနာ တစ်ခုပါ ။

American Hair Loss Association ရဲ့အဆိုအရ ယောင်္ကျားတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အသက်ငါး ဆယ်အနား ချဉ်းကပ်လာပြီဆိုတာနဲ့ ဆံပင်ပါးခြင်းဆိုတဲ့ အရာကို ရင်ဆိုင်ကြုံတွေ့ရပါပြီ ။ အချို့သော ယောင်္ကျားတွေမှာ အ သက် ၂၁ နှစ်မတိုင်ခင်မှာပဲ ဆံပင်ကျွတ်ခြင်းကို စတင်ကြုံတွေ့ရလေ့ ရှိပါတယ် ။

၂ ။ ဆံပင်ကျွတ်ခြင်းအကြောင်းကို လေ့လာဆန်းစစ်ခြင်း

ဘေ့စ်ဘောရိုက်တဲ့အခါဆောင်းတဲ့ဦးထုပ်ကို ဆောင်းခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေပါသလား ?

မဟုတ်ပါဘူး ။ တစ်စုံတစ်ယောက်က သူ့လက်ချောင်းတွေနဲ့ သင့်ဦးပေါင်းကို ပွတ်သတ်ခြင်းဟာလည်း ဆံပင် ကျွတ်ခြင်းကိုမဖြစ်ပေါ်စေနိုင်ပါဘူး ။ ဘီးဖီးခြင်း ၊ ဘရပ်ခ်ျနဲ့ပွတ်ခြင်း၊ ဆံပင်ကိုလိမ်ကောက်ခြင်း နှင့်ပုံသွင်းခြင်း စသည် တို့ကလည်း မဖြစ်စေနိုင်ပါဘူး ။ ဒါပေမယ့် ဆံပင်သားတွေ မပျက်ဆီးအောင်တော့ အထက်ပါ အကြောင်းအရာတွေကို ကြမ်းကြမ်းတမ်းတမ်းမပြုမိလုပ်ဖို့တော့လိုပါတယ် ။

၃ ။ ဆေးလိပ်ဖြတ်ခြင်းက သင့်ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သလား ။

လေ့လာမှုတွေအမျိုးအမျိုးအရ ဆေးလိပ်သောက်ခြင်းဟာ ယောင်္ကျားလေးတွေမှာ ဆံပင်ကျွတ်ခြင်းကို ပိုမိုဆိုး ရွားတာ မြန်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ် ။ ဒါကြောင့် သင့်ဆေးလိပ်ဖြတ်ဖို့ အကြောင်းအရင်းတွေထဲမှာ ဆံပင် ကျွတ်ခြင်းကိုပါ ထည့်သွင်းလိုက်ပါ ။

၎ ။ ဆံပင်ကျွတ်ခြင်းဟာ သင့်ရဲ့ကျန်းမာရေးအခြေအနေကို ဘယ်လိုပြောပြသလဲ ။

ကံကောင်းထောက်မစွာနဲ့ Alopecia လို့ခေါ်တဲ့ ဆံပင်ကျွတ်ခြင်း( ဦးခေါင်းပြောင်ခြင်း) ရဲ့ ဖြစ်စဉ် အများစုမှာ တော့ ရောဂါ တစ်ခုခုနဲ့ ဆက်နွယ်မှုမရှိဘူးဆိုတာသိရပါတယ် ။ ပြီးတော့ ဒါဟာ ကျန်းမာရေး ချို့တဲ့မှုကိုလည်း မဖြစ်စေ နိုင်ပါဘူး ။ ဒါပေမယ့် လည်း ပထမဆုံးအနေနဲ့ ဆံပင်တွေကျွတ်ပြီဆိုတာနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာပါတယ် ဒါမှမဟုတ် ဆံပင်ကျွတ်တာကြောင့် လက်ရှိအသက်အရွယ်အစားထက် ပိုမိုအိုမင်း သ ယောင် ကိုယ့်ကိုယ်ကိုယ် ထင်လာတတ်ပါတယ် ။

၅ ။ ဘယ်အရာတွေက ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေသလဲ ။

အမျိုးသားတွေရဲ့ ဆံပင်ကျွတ်ခြင်းရဲ့ ၉၅% ဟာ အမှန်တော့ မျိုးရိုးဗီဇ ( Genetic trait ) ကြောင့်သာ လျှင်ဖြစ်ပါတယ် ။ မျိုးဗီဇ (gene) ဟာ မိဘတစ်ဦးချင်းစီကနေ ဆင်းသက်လာပါတယ် ။ တချို့ ဆံပင်ကျွတ်ခြင်း တွေမှာတော့ ရောဂါတစ်ခုခုကို ကုသနေတဲ့ဆေးဝါးတွေကြောင့် ၊ ဗီတာမင်အေဓါတ်တွေ အလွန်အမင်း များပြား နေတဲ့အတွက်ကြောင့် ဒါမှမဟုတ် ပရိုတိန်းဓါတ်တွေကို လုံလောက်စွာ မရှိလို့ ဆံပင်တွေကျွတ်တာကို ဖြစ်ပေါ်စေ နိုင်ပါတယ် ။ Telogen effluvium လို့ခေါ်တဲ့ ပုံပြင်ဆန်ဆန် ဆံပင်တွေကျွတ်ကျခြင်းကတော့ ဖျားနာခြင်း သို့မ ဟုတ် စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

၆ ။ သင့်ဆံပင်တွေကို ဘယ်လိုထိမ်းသိမ်းမလဲ ။

ဆံပင်မကျွတ်အောင်ကာကွယ်ခြင်းက ဆံပင်တုတွေ ထပ်စိုက်ခြင်းထက်ပိုမိုလွယ်ကူပါတယ် ။ အကယ်၍ သင်နည်း လမ်း ရှာချင်တယ်ဆိုရင်တော့ အဲဒီနည်းလမ်းက သင့်ကို ထောက်ပံ့ပေးမှာပါ ။ တိတိကျကျသာ လိုက်နာ ပါ ။ ဒါပေမယ့် ဂရုစိုက်ဖို့တော့လိုပါတယ် ။ အံ့သြဖွယ်ရာ ထုတ်ကုန်တွေနဲ့ ကုသမှုတွေဟာ သိပ်ပြီး ယုံကြည်ဖွယ်တော့မကောင်းပါဘူး ။ အတုအယောင်တွေများပါတယ် ။ သင်သံသယရှိမယ်ဆိုရင်တော့ သင့်ရဲ့ ဆရာဝန်သို့မဟုတ် အရေပြားဆရာဝန်က သင့်ကို ကူညီနိုင်ပါလိမ့်မယ် ။

၇ ။ ဆံပင်ကျွတ်ခြင်းအတွက် ဆေးတစ်လက် - Minoxidil

မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းကို ကုသဖို့နည်းလမ်းမရှိပေမယ့်လည်း အချို့သောဆေးဝါးတွေနဲ့ ဆံပင် ကျွတ်တာကို နှေးအောင်တော့ပြုလုပ်လို့ရပါတယ် ။ Minoxidil ဆိုတာ ဆံပင်ကျွတ်ခြင်းအတွက် သင့်ရဲ့ဦး ရေပြားအတွက် FDA က ထောက်ခံပေးထားတဲ့ ဆေးဝါးတစ်လက်ဖြစ်ပါတယ် ။ အဲဒီဆေးဟာ ယောင်္ကျားတွေမှာ ဆံပင်ကျွတ်ခြင်းကို နှေးစေပြီး အချို့ယောင်္ကျားတွေမှာ ဆံပင်အသစ်တွေကိုတောင်ပြန်ပေါက်စေပါတယ် ။ ဒါပေမယ့် သင်ဆေးသုံးတာကို ရပ်လိုက်တာနဲ့ သင့်ဆံပင်ကျွတ်ခြင်းဟာ နဂိုအတိုင်းပြန်ဖြစ်နေမှာပါပဲ ။

၈ ။ မျိုးရိုးဗီဇအရ ဆံပင်ကျွတ်ခြင်းကို ဘာတွေမျှော်လင့်မလဲ ။

မျိုးရိုး ဗီဇအရ ဆံပင်ကျွတ်ခြင်း (Male-pattern baldness) ရဲ့လက္ခဏာတွေတော့ M ပုံသဏ္ဍာန် လမ်း ကြောင်းဖြစ်ပေါ်ခြင်းပါ ။ ပြီးတော့ သင့်ဦးခေါင်းထိပ်ကဆံပင်ဟာ စတင်ပြီး ပါးလာပါလိမ့်မယ် နောက်ပြီးတော့ အကွက် လိုက် ထိပ်ပြောင်လာပါလိမ့်မယ် ။ အဲဒီလို တပြိုင်နက် လမ်းကြောင်းနှစ်ခု ဆုံတွေပြီဆိုရင် မြင်းခွာပုံ သဏ္ဍာန် လမ်းကြောင်းတွေ ဘေးဖက်မှာ ဖြစ်ပေါ်လာပါလိမ့်မယ် ။ ဒီ Male-pattern baldness ကို ပုံဖော်ထားတဲ့ ဟာကို Norwood scale လို့ခေါ်ပါတယ် ။

၉ ။ Male-Pattern Baldness - ဟော်မုန်းတွေကြောင့်လား ။

ဒီ မျိုးရိုးဗီဇကြောင့်ဆံပင်ကျွတ်ခြင်းမှာ DHT လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးဟာ ဆံပင် ဆံပင်ချောင်း ( Hair Follicles) တွေကို သေးသိမ်ပိန်လှီသွားစေပါတယ်။တပြိုင်နက်ထဲမှာပဲ ဒီဆံပင်ချောင်းတွေအရမ်းကို သေးငယ်ပါး လွှာလာတနဲ့တပြိုင်နက် အဲဒီနေရာမှာ ဆံပင်တွေဆက်လက် မကြီးထွားတော့ပါဘူး ။

၁၀ ။ ဆံပင်ကျွတ်ခြင်းအတွက် Finasteride

ဆရာဝန်ညွှန်ကြားချက်ပါမှ သောက်လို့ရတဲ့ ဆေးကို Prescription pill လို့ခေါ်ပါတယ် ။ အဲဒီလိုဆေး တွေထဲမှာတော့ Finasteride ဟာ ခန္ဓာကိုယ်က DHT ဟော်မုန်းထွက်တာကို နှေးကွေးစေခြင်းအားဖြင့် ဆံပင် ကျွတ်ခြင်းကို လည်း နှေးကွေးစေပါတယ် ။ အဲဒီဆေးကို သောက်ခြင်းဖြင့်လည်း တချို့ယောင်္ကျားတွေမှာ ဆံပင်အ သစ်ပြန်ပေါက်လာတာတွေ့ရပါသေးတယ် ။ ယေဘူယျအားဖြင့် Minoxidil ထက် စာရင်ပို ကောင်း ပါတယ် ။ ကိုယ်ဝန်ဆောင်မိခင်တွေတော့ ဒီဆေးကို မသုံးသင့်ပါဘူး ။ ဒီဆေးဟာ သန္ဓေသား ယောင်္ကျား လေးကို မွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်စေတဲ့အတွက်ဖြစ်ပါတယ် ။ Minoxidil လိုပဲ သူကလည်း သုံးတဲ့ အချိန်ကာ လအလျောက်ပဲ အစွမ်းရှိတာဖြစ်ပါတယ် ။

၁၁ ။ ဆံပင်တု တပ်သင့်လား ။

ဆံပင်တုတွေဟာလည်း ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ရှိပါတယ် ။ အချိန်ပေးပြီးလေ့လာခြင်းအားဖြင့် သင်နဲ့ ကိုက်ညီတဲ့ တစ်ခုကို မှန်ကန်စွာရွေးချယ်နိုင်ပါတယ် ။ အရည်အသွေးနဲ့ ဈေးနှုန်းတွေပေါ်မှုတည်ပြီး အမျိုးမျိုး ကွဲပြားခြား နားမှုရှိ ပါတယ် ။ ဒါ့အပြင် ဆံပင်တုတွေဟာ ပုံမှန်ထိမ်းသိမ်းဖို့လိုပြီး အဲဒီအတွက် တစ်လကို $60 မှ $300 အတွင်း ကုန်ကျပါတယ် ။ သင်ဈေးဝယ်ထွက်တဲ့အခါ သင့်ရဲ့မူလဆံပင်အရောင် ၊ အထူ နဲ့ အကောက် အကွေး တွေနဲ့ ဆင်တူတဲ့ဆံပင်တုကို ရွေးချယ်ဖို့အရေးကြီးပါတယ် ။

၁၂ ။ ဆံပင်ပြန်စိုက်ရင် ဘာဖြစ်မလဲ ။

ဆရာဝန်တစ်ယောက်ဟာ ကျန်းမာသံစွမ်းတဲ့နောက်ပိုင်းကဆံပင်ကိုယူပြီး သင့်ဦးခေါင်းရဲ့ ထိပ်ပိုင်းနဲ့ ဘေးဖက် တွေကို သဘာဝအတိုင်းကြည့်ကောင်းအောင် ပြန်စိုက်ပေးပါလိမ့်မယ် ။ ဆံပင်ပြန်စိုက်ခြင်းဟာ အကုန်အကျ များပြီး သင့်မှာ လုပ်ဆောင်ရမယ့်အချက်တွေအများကြီးရှိပါတယ် ။ ၂ လလောက်ကြာပြီးတဲ့အခါ စိုက်ထားတဲ့ ဆံပင် အများစုဟာ ကျွတ်ထွက်သွားပါတယ် ။ ဒါပေမယ့် အဲဒီနေရာမှာ ဆံပင်အသစ်တွေပြန်ပေါက်လာပါတယ် ။ ၆ လအတွင်း မှာပဲ ဆံပင်ဟာ မူလအတိုင်း ပြန်ဖြစ်သွားပါတယ် ။

၁၃ ။ သင့်မှာရှိတဲ့ဆံပင်ကိုအကောင်းဆုံး ထိမ်းသိမ်းပါ ။

သင့်ရဲ့ဆံပင်ကျွတ်ခြင်းကို လူတွေ သတိမထားမိအောင် ပြုပြင်နိုင်တဲ့ ဆံပင်ပြုပြင်နည်းအချို့ရှိပါတယ် ။ ပါးနေတဲ့ ဆံပင်တွေကို ညှပ်ထုတ်ခြင်းက သင့်ကို သိသာထင်ရှားတဲ့ ဘီးဖီးခြင်းကနေ လွတ်ကင်းစေမှာပါ ။ ဆံပင် ထိမ်းသိမ်း ခြင်းနဲ့ ပြုပြင်တဲ့ ထုတ်ကုန်တွေက သင့်ဆံပင်ရဲ့ အုံကို ထူစေမှာပါ ။ မျှတဲ့အာဟာရကိုစားသောက်ခြင်း နဲ့ ဆံ ပင်ကို ဖြေးညှင်းစွာ ကိုင်တွယ်ခြင်းကလည်း ကူညီပေးနိုင်ပါတယ် ။


၁၄ ။ အကောင်းဖက်ကိုပဲ တွေးပါ ။

ဆံပင်တစ်ခုတည်းနဲ့ လူသားတစ်ယောက်ကို မဖန်တီးနိုင်ပါဘူး ။ သင့်မှာ ဒီထက် အရေးကြီး တဲ့အရာတွေ ရှိသေးတယ်ဆိုတာ သတိရပါ ။ သင် ပြုလုပ်နိုင်တဲ့အရာတွေကို ဂရုတစိုက်ပြုလုပ်ပါ ။ ဥပမာ အပူထဲသိပ်မထွက်ပဲ နေရိပ် ထဲမှာ နေခြင်းမျိုးပေါ့ ။ ဒါတွေဟာလည်း သင့်ကို အထောက်အကူပေးပါတယ် ။ အကယ်၍သင့်စိတ်ကို မြှင့် တင်ဖို့ လိုအပ်မယ်ဆိုရင်တော့ Ed Harris, Patrick Stewart နဲ့ Michael Jordan ကဲ့သို့ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ ထိပ်ပြောင်လူသားတွေကို အတုယူပါ ။ ပြီးတဲ့နောက်မှာတော့ အရာအား လုံးကိုအ ကောင်းမြင်နိုင်အောင်ကြိုးစားပါ ။

Ref : WebMD

သက်တန့်ချို
16 August 2010

Nail Abnormalities လက်သည်း ခြေသည်း များက ပြောသော ရောဂါများ


nail2
nail1

ကျွန်တော်တို့ရဲ့ လက်သည်း ခြေသည်းများဟာ လက်ချောင်း ခြေချောင်းများ အတွက် အကာအကွယ် တစ်ခုဖြစ်သလို အလှတစ်ပါး လို့ လည်း ယူဆပြီး အလှဆင် တတ်ကြ ပါတယ် ... ကျန်းမာရေး ရှုထောင့် ဖက်မှာတော့ ရောဂါပိုး ခိုအောင်းရာ နေရာ ဖြစ်သလို အချို့ သော ရောဂါများ ရဲ့ရောဂါ လက္ခဏာ ပြသရာ နေရာ တစ်ခုလည်း ဖြစ်ပါတယ် ... လက်သည်း ခြေသည်းများ ရဲ့ ပုံမှန် မဟုတ်တဲ့ ချို့ယွင်းချက် လက္ခဏာ များ ကို ကြည့်၍ ခန္ဓာကိုယ်တွင်း ဖြစ်နေသော ရောဂါ အကြောင်း ကို ခန့်မှန်း နိုင်ပါတယ် ... လက်သည်း ဟာ ၃လမှာ ၁ စင်တီမီတာနှုန်း ရှည်ထွက်ပြီး ခြေသည်း ကတော့ ၃ဆနှေး ပါတယ် ... ဒါ့ကြောင့် ခြေသည်း ပိုးဝင်လို့ အားလုံး ပျက်စီး သွားရင် အကောင်း ပကတိ ဖြစ်ဖို့ (၁၈)လ ကြာပါတယ် ... ခြေသည်း လက်သည်း ရှည်ထွက်နှုန်း ကိုသိထားခြင်းဖြင့် ခြေသည်း လက်သည်း ပေါ်က ချို့ယွင်းချက် တစ်ခုရဲ့ အချိန် ကာလကို ခန့်မှန်း နိုင်ပါတယ် ... အချို့ ရောဂါများ ကို မြန်မာ ဘာသာ ပြန်ဆိုရန် ခက်ခဲပေမယ့် အတတ်နိုင်ဆုံး ပြန်ဆို ထားတာ ကြောင့် ကွဲပြားမှု အနည်းငယ် ရှိပါက နားလည် ပေးစေလိုပါတယ် ...

လက်သည်း ရင်းခုံး လာခြင်း(Clubbing): လက်သည်း ရင်းခုံးခြင်း ဟာ ခန္ဓာကိုယ်တွင်း ရောဂါကြောင့် လက်သည်းခွံ အောက်ခြေမှ တစ်ရှူးများ ထူထဲလာပြီး လက်သည်း ခွံရင်းမှ ထောင့်ချိုး ပျောက်သွားခြင်းကို ခေါ်ပါတယ် ... အလွယ်တကူ စမ်းသပ်နည်း ကတော့ (ပုံပါ အတိုင်း) လက် တစ်ဖက်စီ မှ လက်ချောင်းများအား လက်သည်းချင်း ကပ်၍ ထားပါက လက်သည်း ရင်းကြားတွင် ပုံမှန် တွေ့ရသော စိန်ပုံ သဏ္ဍန် ကွက်လပ် (diamond shape space) ပျောက်နေ ပါက လက်သည်း ရင်းခုံးခြင်း ဖြစ်ပေါ် နေပါတယ် ("Schamroth Sign") ........ ............ .......... .......... ............လက်သည်း ရင်းခုံးခြင်း ဖြစ်ရတဲ့ အကြောင်းတွေ ကတော့
  • အသည်းခြောက် ရောဂါ(Cirrhosis of Liver)
  • အဆုတ်တွင်း ကင်ဆာ ရောဂါများ(Pulmonary malignancies)
  • အဆုတ် ပြည်တည်နာ နှင့် အဆုတ်တွင်း ပြည်ဝင် ရောဂါများ(Lung abscess & empyema)
  • ပန်းနာနှင့် အခြား နာတာရှည် အဆုတ် ပြွန်ပိတ် ရောဂါများ(COPD)
  • မွေးရာပါ နှလုံးရောဂါများ(Congenital heart diseases)
  • နှလုံး အတွင်းမြှေး ရောင်းရမ်းနာ (Endocarditis) တို့ ဖြစ်ပါတယ် ..
clubbing
test clubbing


koilonychia
လက်သည်းခွက်ခြင်း(Koilonychia): လက်သည်း ဟာ ဇွန်းလို ခွက်နေပါက အောက်ပါ ရောဂါများ ဖြစ်နိုင် ပါတယ် ...
  • သံဓါတ် ချို့တဲ့သော သွေးအားနည်း ရောဂါ (Iron deficiency anaemia)
  • မွေးရာပါ ဗီဇ ချို့ယွင်းမှု ကြောင့် သံဓါတ် စုပ်ယူမှု များသော ရောဂါ (Haemochromatosis)
  • လက်ဖျား ခြေဖျား သွေးလျှောက် နည်းသော ရောဂါ (Raynaud's disease)

လက်သည်း ကန့်လန့်ဖြတ် လိုင်းပေါ်ခြင်း (Beau's Lines): လက်သည်း ရှည်ထွက်ခြင်း ကို အဟန့်အတား ဖြစ်စေသော အပြင်းအထန် နေမကောင်းပါက လက်သည်းပေါ်မှာ ကန့်လန့်ဖြတ် လိုင်းပေါ် လာပါတယ် ... အောက်ပါ ရောဂါများဟာ ကန့်လန့်ဖြတ်လိုင်း ပေါ်လာ နိုင်ပါတယ်..
  • အကြီးအကျယ် ခန္ဓာကိုယ် နေမကောင်း ဖြစ်ခြင်း(Severe systemic illness)
  • လက်ဖျား ခြေဖျား သွေးလျှောက် နည်းသော ရောဂါ(Raynaud's disease)
Beau's_Lines


onycholysis
လက်သည်း ကွာခြင်း(Onycholysis): လက်သည်းဟာ လက်သည်း အောက်ခြေ အရေပြားမှ ကွာဟ လာပါက အောက်ပါ ရောဂါများ ဖြစ်နိုင်ပါတယ် ...


လက်သည်း အောက်သွေး ယိုစီးကြောင်း ပေါ်ခြင်း (Splinter haemorrhage): လက်သည်း အောက်တွင် ဒေါင်လိုက် သွေးယိုစီးကြောင်း ပေါ်ခြင်းကို ခေါ်ပါတယ် ... အောက်ပါ ရောဂါများဟာ သွေးယို စီးကြောင်း ပေါ်လာ နိုင်ပါတယ်..
  • ရောဂါပိုးဝင် နှလုံး အတွင်းမြှေး ရောင်ခြင်း (Infective Endocarditis)
  • ထိခိုက် ဒဏ်ရာ ကြောင့် သွေးယိုစီးခြင်း (Minor trauma)
Splinter haemorrhage


leukonychia
လက်သည်း ဖြူခြင်း (leukonychia): လက်သည်း တစ်ခုလုံး (သို့) တစ်စိတ် တစ်ပိုင်း အစက် အပြောက် အားဖြင့် ဖြူခြင်း ကို ခေါ်ပါတယ် ... အစက်အပြောက် အားဖြင့် ဖြူခြင်းကို လက်သည်း ပွင့်သည် ဟုလည်း ခေါ်ကြပါတယ် ... အောက်ပါ အခြေအနေများ ကြောင့် ဖြစ်နိုင်ပါတယ် ...
  • သွေးတွင်း အယ်လ်ဗျူမင် လျော့နည်း သော ရောဂါ (Hypoalbuminaemia)
  • သာမန် ထိခိုက် ဒဏ်ရာကြောင့် လက်သည်းတွင်း လေခိုခြင်း (air trapped in nail plate) ဖြစ်နိုင် ပါတယ်
လက်သည်း ဖြူခြင်းသည် ကုသရန်၊ စိုးရိမ်ရန် မလိုသော လက္ခဏာ ဖြစ်ပါတယ်..


နှစ်ရောင်ချယ် လက်သည်း (Half and Half nails): လက်သည်း အရင်းပိုင်းသည် အဖြူရောင် ဖြစ်နေပြီး အဖျားပိုင်းသည် အညိုရောင်ဖြစ်နေခြင်းကို ခေါ်ပါတယ် ... အခု လို ဖြစ်ရခြင်း ရဲ့ အကြောင်း ကတော့ နာတာရှည် ကျောက်ကပ် အလုပ် မလုပ် သောရောဂါ (Chronic Renal Failure) ကြောင့်ပဲ ဖြစ်ပါတယ် ...
Half & Half Nails

အခုရေးသား တင်ပြ ပေးတာ ကတော့ ခန္ဓာကိုယ်တွင်း ရောဂါကြောင့် လက်သည်း ခြေသည်းပေါ်မှာ ထင်ဟပ် လာသော လက္ခဏာ များကိုဘဲ အဓိက ရေးသား ထားတာ ဖြစ်ပါတယ် ... အခြား လက်သည်း ခြေသည်း တိုက်ရိုက် ပိုးဝင်နာ၊ မှိုစွဲနာ များလည်း အများအပြား ရှိပါတယ် ... စာဖတ်သူများ ဘေးဘယာ အပေါင်းမှ ကင်းဝေး နိုင်ပါစေ ...

Breastfeeding နို့ချိုတိုက်ကျွေး ရင်သွေးငယ်တို့ ကျန်းမာရေး




ကမ္ဘာဦးစတည်းက လူသားတွေဟာ မိခင်နို့ကို သောက်သုံးပြီး လူ့ဘ၀ကို စတင်ခဲ့ကြပါတယ်။
လူသားတစ်ယောက်အနေနဲ့ ကျန်းမာသန်စွမ်းဖို့ ၊ ဥာဏ်ရည်မြင့်မားဖို့ ၊ ကြီးထွားရှင်သန်ဖို့ အတွက် မိခင်နို့ရည်ဟာ အလွန်အရေးပါလှပါတယ်။ မိခင်ရဲ့ စေတနာ ၊ မိခင်ရဲ့ မေတ္တာ ၊ အကြင်နာတွေ ၊ မိခင်ရဲ့ အသွေးအသားတွေနဲ့ဖွဲ့စည်းထားတဲ့ နို့ရည်တစ်စက်ကိုသောက်သုံးပြီး လောကကြီးအလယ်မှာ လူရယ်လို့ရပ်တည်လာခဲ့ကြပါတယ်။ မိခင်နို့ရည်ရဲ့ တန်ဖိုးဟာ အလွန်ကြီးမားလှပါတယ်။ မိခင်တို့ရဲ့ မေတ္တာတရားတွေကတော့ အနှိုင်းအဆမဲ့ မွန်မြတ်လှပါတယ်။ သို့သော် ယခုမျက်မှောက်ကာလမှာ တစ်ချို့၊ တစ်ချို့သော မိခင်တွေအတွက် မိမိတို့ရင်သွေးကို နို့ချိုတိုက်ကျွေးဖို့ အခက်အခဲတွေရှိလာပါတယ်။ တစ်ချို့က မိသားစုစားဝတ်နေရေးကို အကြောင်းပြသလို ၊ တစ်ချို့ကလည်း မိမိလို့ အလှအပ ပျက်မှာစိုးတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မိမိတို့ရင်သွေးငယ်ကို နို့ချိုတိုက်ကျွေးဖို့ ၀န်လေးနေကြပါတယ်။ ငြင်းဆန်နေကြပါတယ်။ နို့ချိုတိုက်ကျွေးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးရလာဒ်တွေကို လက်လွတ်ဆုံးရှုံးနေပါတယ်။ ဒါဆိုရင် မိခင်နို့ရည်ဘယ်က ဖြစ်လာလဲ ၊ မိခင်နို့ရည်တိုက်ကျွေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေရရှိမလဲ .....................................................။

မိခင်နို့ရည်ဖြစ်ပေါ်လာပုံအဆင့်ဆင့်


မိခင်နို့ရည်ဖြစ်ပေါ်လာပုံသိရှိဖို့အတွက် မိခင်ရဲ့ သားမြတ်ဖွဲ့စည်းပုံအကြောင်းကို အရင်သိရှိဖို့လိုပါတယ်။ နို့ရည်ဖွဲ့စည်းဖို့အတွက် သားမြတ်တစ်ခုမှာပါဝင်တဲ့အစိတ်အပိုင်းတွေကတော့ -
၁။ Alveolus
၂။ Milk duct
၃။ Lactiferous tubules or Lactiferous ducts
၎။ Lactiferous sinuses
တို့ပဲဖြစ်ပါတယ်။
Photo Sharing and Video Hosting at Photobucket

သားမြတ်ဖွဲ့စည်းပုံ


Photo Sharing and Video Hosting at Photobucket

နို့ရည်စတင်ထုတ်လုပ်ပေးတဲ့နေရာကတော့ Alveolus တွေပဲဖြစ်ပါတယ်။ Alveolus တွေထဲမှာရှိတဲ့ Gland Cells တွေကနို့ရည်ကို ထုတ်လုပ်ပေးပါတယ်။ Gland Cells တွေကို myoepithelial cells တွေနဲ့ဝန်းရံထားပြီး Gland cells တွေက ထုတ်လုပ်ပေးတဲ့ နို့ရည်တွေကို Milk duct တွေထဲကို ညှစ်ထုတ်ပေးပါတယ်။ Milk duct တွေမှတဆင့် နို့ရည်တွေဟာ Lactiferous duts တစ်လျှောက်စီးဆင်းလာပြီး Lactiferous sinuses တွေထဲမှာ သိုလှောင်ထားပေးပါတယ်။ ရင်သွေးငယ်သောက်သုံးဖို့အတွက် နို့ရည်ကို အသင့်ပြင်ဆင်ထားပေးပါတယ်။

ဟော်မုန်းဓါတ်များ


ထိုသို့ နို့ရည်ဖွဲ့စည်းမှုနဲ့ ရင်သွေးငယ်သောက်စို့မှုအတွက် ဟော်မှုန်းဓါတ်တွေကလဲ အရေးပါတဲ့ အခန်းကနေပါဝင်လာပါတယ်။ အဓိက ဟော်မှုန်း ၂ မျိုးကတော့ ဦးနှောက်ရဲ့ ပစ်ကျူထရီ ( Pituitary Gland ) အရှေ့ဘက်အခြမ်းက ထုတ်လွှတ်ပေးတဲ့ Prolactin နှင့် အနောက်ဘက်အခြမ်းက ထုတ်လွှတ်ပေးတဲ့ Oxytocin တို့ပဲဖြစ်ပါတယ်။ ရင်သွေးငယ်ဟာ မိခင်ရဲ့ သားမြတ်ခေါင်းကို ငုံစို့လိုက်မယ်ဆိုရင် သားမြတ်ခေါင်းထိပ်မှာရှိတဲ့ အာရုံကြောများကတဆင့် မိခင်ဦးနှောက်အတွင်းမှာရှိတဲ့ ပစ်ကျူထရီ ဂလင်း ကို လှုံ့ဆော်ပေးပါတယ်။ ထိုအခါ ပစ်ကျူထရီ ဂလင်းများမှ ပရိုလက်တင် နှင့် အောက်စီတိုစင် ဟိုမှုန်းဓါတ်များကို စတင်ထုတ်လွှတ်ပေးပါတယ်။ Prolactin ( ပရိုလက်တင် ) က နို့ရည်ကို ဖွဲ့စည်းပေးပြီး ၊ Oxytocin ( အောက်စီတိုစင် ) က သိုလှောင်ထားတဲ့ နို့ရည်များကို ရင်သွေးငယ်သောက်သုံးဖို့အတွက် ညှစ်ချပေးပါတယ်။ ထိုသို့ ညှစ်ချပေးတာကို ( Milk down reflux ) လို့ခေါ်ပါတယ်။
Photo Sharing and Video Hosting at Photobucket

ဟော်မှုန်းဓါတ်များ၏ လုပ်ဆောင်ပုံအဆင့်ဆင့်


နို့ရည်ဖွဲ့စည်းမှုဟာ ကိုယ်ဝန် ၁၆ ပါတ် မှ ၂၀ ပါတ်တွင် စတင်ခဲ့ပေမယ့် Progesterone ( ပရိုဂျက်စတီရုန်း ) ဓါတ်၏ တားဆီးမှုကြောင့် နို့ချိုထွက်ရှိခြင်းမရှိပါဘူး ။ ကလေး မီးဖွားပြီးသောအခါ ပရိုဂျက်စတီရုန်းဓါတ်တွေ လျှော့နည်းသွားပြီး နို့ရည်ဖွဲ့စည်းမှုကို လုပ်ဆောင်လာနိုင်ပါတယ်။

မိခင်နို့ရည်တွင်ပါဝင်သော ဓါတ်ပစ္စည်းများ


မိခင်နို့ရည်ဟာ ရင်သွေးငယ်တို့ ကြီးထွားရှင်သန်ဖို့အတွက် အကောင်းဆုံးသော အစာအာဟာရဖြစ်ပါတယ်။ အသက် ၄လ မှ ၆ လအထိ အခြားသော အစားအစာမကျွေးဘဲ လုံလောက်တဲ့ အာဟာရဓါတ်တွေကို ရရှိစေပါတယ်။ ရင်သွေးငယ်ရဲ့ ခန္ဓာကိုယ်လိုအပ်ချက်ပေါ်မှာမူတည်ပြီး လုံလောက်သော ဗိုက်တာမင်ဓါတ်များ ၊ အာဟာရဓါတ်များ၊ မင်နရယ်ဓါတ်ပစ္စည်းများ ( Minerals ) ကို ဖြည့်ဆည်းပေးပြီး ကြေညက်လွယ်ပါတယ်။
မိခင်နို့ရည်မှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတွေကတော့ -
၁။ ကာဗိုဟိုက်ဒရိတ် ( carbohydrate ) - မိခင်နို့ရည်ထဲမှာအများဆုံးပါဝင်တာကတော့ Lactose ဖြစ်ပြီး 6 - 7 g/dl ရှိပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်စီယမ် စုပ်ယူမှုမှာကူညီပေးပါတယ်။
၂။ ပရိုတင်း ( Proteins ) - ကလေးရဲ့ ခန္ဓာကိုယ်ဟာ ပရိုတင်းအများကြီး မခြေဖျက်နိုင်တဲ့အတွက် မိခင်နို့ရည်မှာ ပရိုတင်းဓါတ်အနည်းငယ်သာပါရှိပါတယ်။ ဒါ့အပြင် ဦးနှောက်နှင့် အာရုံကြောအတွက်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ( Aminoacid ) တွေပါဝင်ပါတယ်။ ဒီအမိုင်နိုအက်ဆစ်တွေဟာ နွားနို့နဲ့ နို့မှုန့်တွေမှာ မပါရှိပါဘူး။
၃။ အဆီ ( Fates ) - နို့ရည်မှာ အာရုံကြောများအတွက် လိုအပ်တဲ့ ဖက်တီးအက်ဆစ် ( Polyunsaturated fatty acids) တွေပါရှိပါတယ်။ ဒါ့အပြင် အသက်ကယ် စတီးရွိုက်ဟော်မုန်း တွေဖွဲ့စည်းမှုအတွက်လိုအပ်တဲ့ အခြားသော fatty acids တွေပါရှိပါတယ်။
၎။ ဗိုက်တာမင် နှင့် မင်နရယ်ဓါတ်များ ( Vitamins and Minerals ) - အသက် ၄ လမှ ၆ လအထိ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ပမာဏပါရှိပါတယ်။ ( ဥပမာ- VitA, D, E, K , Iron, Zinc, Sodium, Potassium, Calcium ) .( မှတ်ချက် - နို့ရည်ထဲမှာ VitK ရဲ့ ပါဝင်မှုဟာနည်းပါတယ်။ ဒါကြောင့် ကလေးငယ်မွေးမွေးခြင်း VitK 1mg ကိုအသားဆေးအနေနဲ့ ထိုးပေးရပါတယ်။ VitK ဟာ သွေးခဲနိုင်မှု( Blood Coagulation ) ကိုဖြစ်စေပြီး ၊ လုံလောက်တဲ့ ပမာဏမရှိပါက သွေးယိုစီးမှုများဖြစ်တတ်သည် ။ )
၅။ အရည်ဓါတ် ( Water and electrolytes ) - ရေပါဝင်မှု ၈၈ ရာခိုင်နှုန်းရှိပါတယ်။

၆။ ခန္ဓာကိုယ်ခုခံအားကို တိုးတက်စေသောဓါတ်ပစ္စည်းများ။( ဥပမာ- IgA , Interferon )
ဒီဓါတ်ပစ္စည်းတွေဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ၊ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားမှု ၊ ခုခံအားမြင့်မားတိုးတက်မှုတို့ကို ဖြစ်စေပြီး ရောဂါအမျိုးမျိုးကို ကာကွယ်ပေးထားပါတယ်။ ဓါတ်ပစ္စည်းတွေရဲ့ ပါဝင်တဲ့ ပမာဏဟာ အမြဲတမ်းပုံသေမရှိပါဘူး ။ နို့တိုက်ကျွေးတဲ့ သက်တမ်း ၊ အချိန်အပိုင်းအခြားပေါ်မူတည်ပြီး ပြောင်းလဲနေပါတယ်။ အဲဒီလို ကာလအပိုင်းအခြားပေါ်မှာမူတည်ပြီး နို့ရည်ကို အမျိုးအစားများစွာ ထပ်မံခွဲခြားထားပါတယ်။

နို့ရည်အမျိုးအစားများ


၁။ Closterum ( နို့ဦးရည် )
မီးဖွားပြီး ပထမ ၃ ရက်အတွင်းမှာ ထွက်တဲ့ နို့ရည်ဖြစ်ပါတယ်။ ဒီနို့ရည်မှာ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ Antibodies များ ၊ ဗိုက်တာမင် ပမာဏတွေပိုမိုပါဝင်ပါတယ်။ အ၀ါရောင်သန်းပြီး ၊ အနည်းငယ်ပျစ်ပါတယ် ( yellow and thick ) ။ အနည်းငယ်သာထွက်ရှိပေမယ့် ခန္ဓာကိုယ်လိုအပ်ချက်အတွက် လုံလောက်တဲ့ ပမာဏကို ရရှိပါတယ်။ ဒီနို့ရည်ဟာ ကလေးငယ်ရဲ့ ကိုယ်ခံအားကို ပိုမိုတိုးတက်စေပြီး ရောဂါများမှ ကာကွယ်ပေးပါတယ်။ ဒီနေရာမှာ အယူအဆလွဲမှားနေတာလေးကို တင်ပြချင်ပါတယ်။ မိခင်အများစုဟာ ပထမဆုံးထွက်တဲ့ နို့ရည် အ၀ါရောင်တွေကို ကလေးငယ် ၀မ်းပျက်မှာ ဆိုးတယ်ဆိုပြီး ညှစ်ထုတ်ပြစ်တတ်ပါတယ်။ ကလေးငယ်ကို မတိုက်ကျွေးပါဘူး ။ ဒါဟာလွဲမှားတဲ့ အယူအဆတစ်ခုပါ ။ ဒီနို့ရည်ဟာ ခုခံအားကိုမြင့်မားစေတဲ့အတွက် ရောဂါများ ၊ ၀မ်းပျက်ဝမ်းလျှောခြင်းများမှလဲ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကလေးငယ်ကို ကူးစက်ရောဂါများမှကင်းဝေးစေချင်တယ်ဆိုရင် ဒီနို့ရည်ကို မဖြစ်မနေတိုက်ကျွေးရပါမယ် ။
၂။ Transitional Milk
နို့ဦးရည်ထွက်ပြီး နောက် ၂ ပါတ်အတွင်း ထွက်တဲ့ နို့ရည်ကိုတော့ Transitional Milk လို့ခေါ်ပါတယ်။ အဆီနဲ့ သကြားဓါတ်တွေပိုမိုပါဝင်ပါတယ်။
၃။ Mature Milk
မီးဖွားပြီး ၂ ပါတ်နောက်ပိုင်းထွက်တဲ့ နို့ရည်တွေကိုတော့ Mature Milk လို့ခေါ်ပါတယ်။ ဒီနို့ရည်ဟာ အဖြူရောင်ဖြစ်လာပြီး ၊ နို့ဦးရည်လို ပျစ်နေတော့ပါဘူး ။ ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ လုံလောက်စွာပါဝင်ပါတယ်။
၎။ Preterm Milk
ကိုယ်ဝန် ၃၇ ပါတ်မတိုင်မီ မွေးဖွားတဲ့ ကလေးတွေကို လမစေ့တဲ့ ကလေး ( Preterm ) လို့ခေါ်ပါတယ်။ လမစေ့တဲ့ ကလေးငယ်တွေကို မွေးဖွားထားတဲ့ မိခင်ကထွက်တဲ့ နို့ရည်ကိုတော့ Preterm Milk လို့ခေါ်ပါတယ်။ လမစေ့တဲ့ ကလေးတွေဟာ ပရိုတင်း၊ ဆိုဒီယမ် ၊ ကယ်လိုရီ ၊ Iron ၊ Immunoglobulins ဓါတွေပိုမိုလိုအပ်တဲ့ အတွက် Preterm Milk မှာ အဲဒီဓါတ်တွေ ပိုမိုပါရှိပါတယ်။
နို့ရည်အမျိုးအစားများ

Photo Sharing and Video Hosting at Photobucket

နို့တိုက်ကျွေးခြင်းကြောင့်ရနိုင်သော အကျိုးကျေးဇူးများ


နို့တိုက်ကျွေးခြင်းဟာ မိခင်ရော ၊ ကလေးအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေကိုရရှိပါတယ်။

ကလေးငယ်အတွက်ရရှိနိုင်သောအကျိုးကျေးဇူးများ-

၁။ မိခင်နို့ဟာ ကလေးငယ်အတွက်လုံလောက်တဲ့အာဟာရဓါတ်ကိုပေးပါတယ်။ အချိန်မရွေးရရှိနိုင်ပြီး ၊ အလွယ်တကူကြေညက်လွယ်ပါတယ်။ လတ်ဆတ်ပါတယ်။
၂။ ကလေးငယ်၏ ခုခံအားနှင့် အာရုံကြောဖွဲ့စည်းမှုကို ကောင်းမွန်စေခြင်း ။
၃။ ကလေးငယ်၏ အစာလမ်းကြောင်းနှင့် လုပ်ဆောင်မှုကို ပြည့်စုံကောင်းမွန်စေခြင်း ။
၎။ ဦးနှောက်နှင့် အမြင်အာရုံကိုပိုမိုကောင်းမွန်စေသော fatty acids နှင့် amino acids များပါဝင်ခြင်း ။ ကလေးငယ်၏ ဥာဏ်ရည်၊ ဥာဏ်သွေး ပိုမိုမြင့်မားစေခြင်း ။ ( နို့တိုက်သောကလေးများရဲ့ IQ ဟာ ၊ နို့မှုန့်တိုက်သောကလေးများရဲ့ IQ ထက် 8-10 points ပိုများပါတယ်)။
၅။ ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စေသောကြောင့် ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးပါတယ်။( ဥပမာ -၀မ်းပျက်ဝမ်းလျှောခြင်း ၊ အသက်ရှုလမ်းကြောင်းရောဂါများ ) ။
၆။ ကလေးငယ်၏ သွားနှင့် မေးရိုးဖွဲ့စည်းမှုကို မှန်ကန်ကောင်းမွန်စေပြီး ၊ စကားပြောဆိုနိုင်မှုကို ကူညီပေးပါတယ်။
၇။ ငှက်ဖျားရောဂါပိုးကို ကာကွယ်ပေးသော PABA - Para Amino Benzoic Acid ပါဝင်ခြင်း ။
၈။ ကလေးငယ်၏ တွေးခေါ်နိုင်စွမ်းကို တိုးတက်စေခြင်း ။
၉။ မိခင်နှင့် ရင်သွေးကြား ချစ်ကြည်မှုကို ပိုမိုခိုင်မာစေခြင်း ။
၁၀။ Food allergies များမှကာကွယ်ပေးခြင်း ။

မိခင်အတွက်ရရှိနိုင်သော အကျိုးကျေးဇူးများ-

၁။ ငွေကြေးကုန်ကျမှုမရှိခြင်း ။
၂။ သားအိမ်ကျုံ့ အားကောင်းစေသောကြောင့် မီးဖွားပြီး သွေးဆင်းခြင်း ( Post Partum Bleedings ) များမှ ကာကွယ်ပေးခြင်း ။
၃။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တက်ပြီး ၀လာတတ်ပါတယ်။ နို့တိုက်ကျွေးခြင်းဖြင့် ကိုယ်ဝန်မဆောင်မီက ကိုယ်အလေးချိန်ကို ပြန်လည်ရရှိစေပါတယ်။
၎။ နို့တိုက်ကျွေးခြင်းဖြင့် ရင်သားကင်ဆာ ၊ မမျိုးဥ ကင်ဆာ ( Ovarin cancer ) ၊ သားအိမ်ကင်ဆာ နှင့် အရိုးများ ပွပြီး ကျိုးဆတ်စေသော Osteoporosis ရောဂါများမှ ကာကွယ်ပေးခြင်း ။
၅။ ရင်သွေးငယ်ကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါက မိခင် မမျိုးဥကြွေခြင်း Ovulation ကိုတားဆီးပေးသဖြင့် နောက်ထပ်ကိုယ်ဝန်မရရှိနိုင်ပါ။ ထိုကာလတွင် ဓမ္မတာထိန်နေတတ်ပြီး ကိုယ်ဝန်တားဆေးများကဲ့သို့ပင် ၉၈-၉၉ ရာခိုင်နှုန်းထိ သားဆက်ခြားစေပါတယ်။ ထိုသို့သားဆက်ခြားခြင်းကို LAM - Lactational Amenorrhea Method လို့ခေါ်ပါတယ်။
၆။ ဆီးချိုရောဂါရှင် မိခင်များအတွက် Insulin အသုံးပြုရသော ပမာဏကို လျှော့နည်းစေပါတယ်။
၇။ မိခင်နှင့် ရင်သွေးကြား ချစ်ကြည်မှုကို ပိုမိုခိုင်မာစေပါတယ်။

နို့ထွက်နဲစေသောအကြောင်းအရင်းများ


၁။ ကလေးကို ခွဲစိတ်မွေးဖွားခြင်းကြောင့် နို့ရည်ထွက်ရှိမှု နှောင့်နှေးတတ်ပါတယ်။
၂။ နို့ဗူးတိုက်ကျွေးခြင်းကြောင့်လည်း နို့ထွက်နဲစေပါတယ်။
၃။ ကလေးနို့ဆာနေချိန်တွင် မတိုက်ဘဲထားခြင်း။
၎။ မိခင်နို့အပြင် အခြားသော အစားအစာများကျွေးခြင်း။
၅။ သန္ဓေတားဆေးများသုံးစွဲခြင်း။
၆။ သားမြတ်နာကျင်မှုကြောင့် နို့တိုက်ကျွေးရန် စိုးရွံ့ခြင်း ( ဥပမာ- သားမြတ်ရောင်ရမ်းခြင်း ၊ သားမြတ်ခေါင်းကွဲခြင်း ၊ အနာဖြစ်ခြင်း ) ။

ဘယ်အချိန်မှာ နို့စတင်တိုက်ရမလဲ


စောနိုင်သမျှစောစောတိုက်ကျွေးရပါမယ်။ ရိုးရိုးဖွားမြင်သောကလေးများကို မီးဖွားပြီး ၃၀ မိနစ်အတွင်းစတင်တိုက်ကျွေးရပါမယ်။ ခွဲစိတ်မွေးဖွားသောကလေးများအတွက် မိခင် မေ့ဆေးပြယ်သောအချိန်က စတင်ပြီးတိုက်ကျွေးနိုင်ပါတယ်။

တစ်နေ့ဘယ်နှစ်ကြိမ်တိုက်ကျွေးရမလဲ


ကလေးဆာသော အချိန်တိုင်းတိုက်ကျွေးပါ။ အနည်းဆုံး တစ်နေ့ကို ၇ ကြိမ်မှ ၁၁ ကြိမ်ထိ တိုက်ကျွေးရပါမယ်။

ဖြည့်စွက်စာ လိုအပ်ပါသလား


ကလေး အသက် ၄ လမှ ၆ လအထိ မိခင်နို့ရည်တစ်မျိုးတည်းသာ လိုအပ်ပါတယ်။

နို့တိုက်ကျွေးစဉ်ရှောက်ကြဉ်ရမည့်အချက်များ


ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း တို့ကိုရှောင်ကြဉ်ရပါမယ်။ ကင်ဆာဆေးသုံးစွဲနေသူများအနေနဲ့ နို့တိုက်ကျွေးခြင်းမပြုသင့်ပါဘူး ။ ထို့အပြင် တီဘီရောဂါ ၊ ခုခံအားကျခင်းမှုရောဂါ ကူစက်ခံထားရသော မိခင်များအနေနဲ့လဲ နို့တိုက်ကျွေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ဘယ်အခါမှာဖြည့်စွက်စာ ကျွေးသင့်ပါသလဲ


ကလေးငယ်အသက် ၄ လကျော်လာလျှင် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအတွက် အာဟာရ ပိုမိုလိုအပ်လာသဖြင့် မိခင်နို့အပြင် အခြားဖြည့်စွက်စာများကိုလဲ စတင်ကျွေးမွေးသင့်ပါတယ်။

ကလေးကိုယ်အလေးချိန်ဘယ်လောက်တက်သင့်သလဲ


နို့တိုက်ကျွေးနေသောကလေးများအနေနဲ့ အောက်ပါနှုန်းအတိုင်း ကိုယ်အလေးချိန်တက်ပါတယ်။ -
အသက် ၄ လ အထိ တစ်ပါတ်လျှင် ၁၇၀ ဂရမ်
အသက် ၄ လမှ ၆ လအထိ တစ်ပါတ်လျှင် ၁၁၃ မှ ၁၄၂ ဂရမ်
အသက် ၆ လမှ ၁ နှစ်အထိ တစ်ပါတ်လျှင် ၅၇ ဂရမ်မှ ၁၁၃ ဂရမ် ။
အကြမ်းဖျင်းအားဖြင့် အသက် ၄ လအချိန်တွင် မွေးဖွားစဉ်က ရှိသော ကိုယ်အလေးချိန်ထက် ၂ ဆ ရှိရပါမယ်။

Exclusive Breast Feeding


Exclusive breast feeding ဆိုတာ တခြားအစား အစာများ မကျွေးဘဲ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းကိုခေါ်ပါတယ်။ ကလေးငယ်ကို မိခင်နို့မှတပါး ရေတောင်မှ မတိုက်ရပါဘူး။ ရေတိုက်ဖို့လဲ မလိုအပ်ပါဘူး။ မိခင်နို့မှာ ရေဓါတ်ပါဝင်မှုက ၈၈ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ရေထပ်မံတိုက်ကျွေးစရာမလိုပါဘူး ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကလေး အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ပါတယ်။

လုပ်ငန်းခွင်ဝင်သော မိခင်များဘယ်လိုနို့တိုက်ကျွေးမလဲ


လုပ်ငန်းခွင်ဝင်သော မိခင်များအနေနဲ့ မိမိရင်သွေးကို ဆက်လက်နို့တိုက်ကျွေးလို့ရပါတယ်။ အလုပ်မသွားမီ နို့ရည်ကို စနစ်တကျ သန့်ရှင်းစွာ ညှစ်ယူပြီး ၊ သန့်ရှင်းသော ဖန်ခွက်အတွင်းသိုလှောင်ထားပြီး တိုက်ကျွေးသင့်ပါတယ်။ ညှစ်ထားသော နို့ရည်များ ( Expressed Breastmilk ) များကို အေးသော နေရာမှာထားရပါမယ်။ သို့သော် ရေခဲရလောက်အောင် မအေးရပါ။ အလွန်အေးပါက နို့ရည်အတွင်းရှိ အချို့သော ဆဲလ်များ သေသွားတတ်သောကြာင့် နို့ရည်ကို ခဲမထားရပါ။ အနည်းငယ်အေးလျှင်ရပါသည်။

ကမ္ဘာ့နို့ချိုတိုက်ကျွေးရေး ရက်သတ္တပါတ်


နှစ်စဉ် သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိ ကမ္ဘာ့နို့ချိုတိုက်ကျွေးရေး ရက်သတ္တပါတ်အဖြစ်သတ်မှတ်ပြီး နိုင်ငံအသီးသီးတွင် မိခင်နို့တိုက်ကျွေးရေးလုပ်ငန်းများကို ဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံမှာလဲ ၁၉၉၂ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပါတယ်။

ယခုနောက်ပိုင်းဖွံ့ ဖြိုးတိုးတက်လာသောကာလတွင် မိခင်နို့တိုက်ကျွေးမှုမှာနည်းပါးလာပြီး ၊ နို့မှုန့်နှင့် အခြားသော နို့အစားထိုးပစ္စည်းများကို အသုံးပြုလာကြပါတယ်။ ထိုအခါ အာဟာရမလုံလောက်ခြင်း ၊ ကူးစက်ရောဂါများပိုမို ကူးစက်ခံရခြင်း ၊ အချိန်မတန်ဘဲ အသက်ဆုံးရှုံးရခြင်းများကို ကြုံတွေ့လာရပါတယ်။တို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၁၉၉၀ ခုနှစ်မှာ နို့မှုန့်နှင့် အခြားနို့အစားထိုးပစ္စည်းများ ကြော်ငြာရောင်းချခြင်းကို တားမြစ်သည့် ကြေညာချက် ( Innocenti Declaration ) ကိုထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်မှာ အောက်ပါအချက်အလက်များလဲပါဝင်ပါတယ်။
၁။ နို့မှုန့်နှင့် နို့အစားထိုးပစ္စည်းများကို ကြော်ညာခြင်းမပြုရ။
၂။ ထိုပစ္စည်းများကို မိခင်များသို့ နမူနာ မဖြန့်ဝေရ ။
၃။ နမူနာပေးခြင်း ၊ ဈေးလျှော့ခြင်းကဲ့သို့သော အရောင်းမြှင့်တင်ခြင်းမျိုးမလုပ်ရ။
၎။ နမူနာများကို ကျန်းမာရေးဝန်ထမ်းများအား မပေးရ။
၅။ ဗူးခွံများတွင် ကလေးငယ်ပုံများ ၊ နို့အစားထိုးပစ္စည်းများကို ကြော်ညာသည့် စာတမ်းများရေးသားခြင်းမပြုရ။

ကုမ္ပဏီများ ၊ ထုတ်လုပ်သော စက်ရုံများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသော ဥပဒေများအရ အရေးယူခြင်းခံရပါမယ်။ ဒါကြောင့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ရင်သွေးငယ်တို့ ဘ၀ ကျန်းမာရှင်သန်စေဖို့အတွက် မိခင်နို့တိုက်ကျွေးကြပါလို့ နှိုးဆော်လိုက်ရပါတယ်။

လေးစားစွာဖြင့် -
စိုးသီဟ

Unnoticed Kitchen Consequences


အမှတ်တမဲ့ မီးဖိုချောင် အရှုပ်အရှင်းများ
လောက အလှမှာ ရွေးချယ် ခံရတဲ့ ပိုစ့် တခုကို ပြန်တင် ပေးထား ချင်ပါ တယ်ရှင်...။

မြန်မာပြည်သည် အခြားသော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဆီစားသုံးမှု ပမာဏ များသော နိုင်ငံများ ထဲမှ တစ်ခု ဖြစ်ပေသည်။ မြန်မာ အစားအသောက် အတော် များများသည် ဆီများဖြင့် ဖုံးလွှမ်း နေတတ်ပြီး ဒေသခံ လူမျိုးများ အနေ ဖြင့်လည်း ယင်းသို့သော ဟင်းလျာ များ အတွက် ဂုဏ်ယူ နေတတ် ပေသည်။

ထို့အပြင် မြန်မာ မိန်းကလေး များ သည်လည်း ... `စီးတဲ့ရေ ဆည်တဲ့ ကန်သင်း´ ဆိုသော စကားနှင့် အညီ မီးဖိုချောင်မှ အလေအလွင့် မရှိရ လေအောင် ကြံဆောင် တတ်ကြ ပေရာ ထိုသို့သော အလေ့အထ မှတဆင့် မီးဖိုချောင်မှ စသော အရှုပ် အရှင်းများ မဖြစ်ရလေ အောင် အချို့သော ဆောင်ရန် ရှောင်ရန် များ ကို သိထား သင့် ပေသည်။ မီးဖိုချောင် အရှုပ် များစွာထဲမှ တစ်ခုမှာ ဆီမှတဆင့် သို့မဟုတ် အကြော်ခံ ဆီ ကို ထပ်ခါ ထပ်ခါ အသုံး ပြုခြင်းမှ တဆင့် လူသားတို့၏ ကျန်းမာရေး ကို ထိခိုက် စေသော အကြောင်း ဖြစ်လေသည်။


ဆီ အမျိုးအစား များစွာ ရှိသည့်အနက် saturated oil , unsaturated oil စသည်ဖြင့် အကြမ်းဖျင်း ခွဲခြားနိုင်လေသည်။ Unsaturated oil တွင်မှ monounsaturated fatty acid နှင့် poly unsaturated fatty acid ဟူ၍ ထပ်ပြီး ခွဲခြား နိုင်ပေရာ unsaturated fatty acid များလေလေ အောက်ဆီဂျင် ဖြစ်ဓါတ်ပြုမှု လွယ်ကူလေလေ ဖြစ်ပြီး လူသားတို့ ကျန်းမာရေးကို ပိုမို ထိခိုက် နိုင်မည် ဖြစ်သည်။ Saturated oil ဟုခေါ်သော အုန်းဆီ၊ အချို့သော ပဲများမှရသော အဆီများ၊ နှင့် အသားများတွင် ပါဝင်သော အဆီ များသည် နှလုံးရောဂါ၊ ဦးဏှောက် သွေးကြော များကို ထိခိုက် စေခြင်းဖြင့် ကျန်းမာရေးကို များစွာ ထိခိုက် စေပါသည်။ သို့သော် ၎င်းတို့သည့် အောက်ဆီဂျင်ဖြင့် ဓါတ်ပြု ခြင်း ဒဏ်ကို အတန် အသင့် ခံနိုင် သည်ဖြစ်ရာ ဆီကို ထပ်ခါ ထပ်ခါ ပြန်ကြော်လျှင် ဖြစ်နိုင်မည့် ဆိုးကျိုးများမှ အနည်းငယ် ကင်းလွတ် မည် ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော ဆီများကို အကြော် ကြော်ရာတွင် အသုံးပြုလျှင် အတန်အသင့် သင့်လျော်ပေသည်။

Unsaturated oil များ ဖြစ်သော အချို့သော ဟင်းရွက် ဆီများ၊ နေကြာစေ့ ဆီ စသည့် ဟင်းသီး ဟင်းရွက် အကြော်ခံ ဆီများ သည် ကျန်းမာရေး အတွက် အတော်အတန် သင့်လျှော်သော ဆီများ ဖြစ်ကြောင်း ဆိုထား သော်လည်း အခန်း အပူချိန် ၌တွင်ပင် အောက်ဆီဂျင်ဖြင့် ဓာတ်ပြုခြင်းကို ခံနိုင်ရည် နည်းသည် ဖြစ်ရာ ထိုသို့ ဓါတ်ပြုခြင်း ကြောင့် ထွက်ပေါ် လာသော “free radical “ တမျိုးဖြစ်သည့် rancid acid ၏ နောက်ဆက်တွဲ အကျိုးဆက် များကို ခံစား ရမည်ဖြစ်သည်။ အချို့သော ဟင်းရွက် ဆီများကို မကြော်ချက် ခင်ကတည်းကပင် အဆင့်ပေါင်း များစွာ မွန်းမံ ပြုလုပ် ထားသည် ဖြစ်ရာ ၎င်းတို့အထဲတွင် rancid ဟု ခေါ်သော ထိုဓါတ်မှာ အဆင်သင့် ပါရှိ နေတတ် ပေသည်။ ထို free radical မှာ အရောင် အဆင်းအနံ့ မရှိတော့ သော်လည်း သင့်အား အန္တရာယ် ပြုရန် တော့ အားအင် အသင့် ရှိနေမည် ဖြစ် ပေသည်။

ထိုသို့သော အကြော်ခံ ဆီများသည် ကြောင်အိမ် ထဲတွင် အခန်း အပူချိန်၌ သိုလှောင် ထားလျှင်ပင် လေထဲတွင် ရှိသော အောက်ဆီဂျင် နှင့် ဓါတ်ပြု နိုင်သည်ဖြစ်ရာ အကယ်၍ သင်သည် ဆီပုလင်းအဖုံးကို ဖွင့်ထား မိလျှင် သို့တည်း မဟုတ် ထိုဆီ များကို အ၀ကျယ် ပန်းကန် တခု ထဲတွင် ထည့်ထားခါ လေသလပ် ခံထား မိပါလျှင် ဓါတ်ပြုမှုမှာ အလွန် လျှင်မြန် နိုင်ပေ လိ့မ်မည်။ ထိုတက် ပိုသည်မှာ သင်သည် ထိုသို့သော ဆီများ ကို မီးပြင်းပြင်းနှင့် ကြော်ချက် ရာတွင် အသုံးပြု သောအခါတွင် ကား ဓါတ်ပြုခြင်း သည် အလွန် လျှင်မြန်ကာ free radical များ ထွက် လာမည် ဖြစ်သည်။ ထိုသို့အား ဖြင့်ကင်ဆာ၊ Alzheimer’s ရောဂါနှင့်၊ အခြားသော ရောဂါများ ဖြစ်ပွားမှုနှုန်း တိုးလာသည် ဟု အချို့သော လေ့လာချက် များက ဆိုလေသည်။

ထို့ကြောင့် unsaturated fatty acid ပါသော ဆီများဖြစ်သည့် ဟင်းသီး ဟင်းရွက် ဆီ များသည် အချိန် ကြာမြင့်စွာ မီး ပြင်းပြင်းဖြင့် ကြော်သည့် အခါတွင် သုံးရန် မသင့်လျော်ပဲ အစိမ်းစားသုံးရန်၊ အသုပ် စသည့်တို့ထဲတွင်သာ သုံးစွဲရန် သင့်လျော် ပေသည်။ သံလွင်ဆီမှာ monounsaturated fatty acid အမျိုးအစား တွင် ပါဝင် နေသည်ဖြစ်ရာ အပူချိန် မြင့်မြင့်ဖြင့် ကြော်ချက်ရန် မသင့်လျော်သော် လည်း မီးမျှဉ်းမျှဉ်း ဖြင့် ချက်ပြုတ်ခြင်း၊ အသုပ် သုပ်ရာတွင် သုံးခြင်းများ ပြုလုပ်ရန် သင့်လျှော် ပေသည်။ ထို့အပြင် မည်သည့်ဆီ အမျိုးအစား ကိုမဆို ထပ်ခါ ထပ်ခါ ကြော်ရန် အသုံး ပြုပါလျှင် 4-hydroxy-trans-2-nonenal (HNE) ၊ polycyclic aromatic hydrocarbon ၊ rancid acid အစရှိသည့် ဓါတ်များ ထွက်လာ မည် ဖြစ်သည်။

အချို့သော ပဲများမှ ရသော အဆီများ၊ နေကြာစေ့ ဆီများ ကို ထပ်ခါ ထပ်ခါ ကြော်ပါလျှင် ထိုသို့သော ဓါတ်များ ပိုမို ထွက်လာ မည် ဖြစ်ပြီး ကျန်းမာရေးကို ထိခိုက် စေမည် ဖြစ်သည်။ polycyclic aromatic hydrocarbon သည် ကင်ဆာ ရောဂါကို ဖြစ်စေသည့် ဓါတ်ပေါင်းများ ပါဝင်ခြင်း အပြင် အခြား ရောဂါများ ဖြစ်ပွား စေပါသည်။ 4-hydroxy-trans-2-nonenal (HNE)မှာ နှလုံး သွေးကြော ရောဂါကို ဖြစ် စေခြင်း၊ လေဖြတ် စေခြင်း၊ Parkinson’s ရောဂါ ကို ဖြစ်စေခြင်း၊ သွေးတိုး ရောဂါ ဖြစ်စေခြင်း၊ Alzheimer’s ရောဂါများ ကို ဖြစ်စေခြင်း၊ ကင်ဆာ အမျိုးမျိုး ဖြစ်စေ တတ်ခြင်း အပြင် ခန္ဓာကိုယ်ရှိ ပရိုတိန်း တချို့နှင့် ပူးပေါင်း ကာ cell တို့၏ အခြေခံ လုပ်ငန်း ဆောင်တာ များကို ပျက်စီး စေပြန် ပါသည်။

မည်သည့် ဆီမျိုးကို စားသုံးသည် ဖြစ်စေ သူ့နည်း သူ့ဟန်ဖြင့် ကျန်းမာရေးကို ထိခိုက် စေနိုင်သည်ဖြစ်ရာ အကယ်၍ ထိုဆီများ ကိုပင် ထပ်ခါ ထပ်ခါ အသုံးပြုလိုပါလျှင် အောက်ပါ အချက်များကို သိထား သင့် ပေသည် ။

ပြန်လည် အသုံးပြုလျှင် အတန်အသင့် သင့်လျှော်မည့် နည်းလမ်းများ
၁။ မလိုအပ်သော အနယ်အနှစ်များ မပါအောင် အ၀တ်ပါးပါးဖြင့် စစ်ပေးခြင်း
၂။ ကြော်ချက်တော့မည်ဆိုလျှင် သင်လျှော်သော အပူချိန်ဖြစ်သည့် ၁၉၀ စင်တီဂရိတ် ကိုအသုံးပြုခြင်း
၃။ ကြော်ချက်ပြီးသွားသည်နှင့် မီးကိုပိတ်ကာ ဆီကို အအေးခံထားခြင်းဖြင့် ကြာရှည်စွာ အပူပေးထားပြီး rancid acid အဖြစ်အလျင် အမြန် ကူးပြောင်း ကာ ကျန်းမာရေးကို ထိခိုက်စေနိုင်မှုမှ ကာကွယ်သင့်ခြင်း
၎။ အစားအစာတမျိုးကြော်ပြီးသော ဆီကို အခြားသော အစာများကြော်ထားသော ဆီနှင့် ရောနှော မထားဘဲသီးသန့်ထားသင့်ခြင်း
၅။ ကြော်ပြီးသားဆီများကို အေး၍ အလင်းရောင် သိပ်မရောက်နိုင်သော နေရာတွင်ထားသင့်ခြင်း
၆။ ထိုဆီများကို ပြန်လည်သုံးမည်ဆိုပါလျှင် သံအိုး၊ copper စသည့်အိုးများကို သုံးစွဲခြင်း
ပြုလျှင် rancid acid အဖြစ်သို့ပြောင်းလဲရန် အလားအလာများစွာရှိ လာနိုင်မည်ဖြစ်ရာ ထိုသို့သော အိုးများကိုသုံးစွဲခြင်းမှ ရှောင်ကျဉ်သင့်ခြင်း။

ပြန်လည်သုံးစွဲရန် မသင့်သော လက္ခဏာများ

သင်ပြန်လည် အသုံးပြုမည့် အကြော်ခံဆီသည် -
၁။ ယခင် ကြော်ထားသည့် အစားအစာများ နှင့် ဆီများ ဓါတ်ပြု ပြောင်းလဲ သွားသဖြင့် ဆီအရောင်မှာ အလွန်ရင့်နေလျှင်
၂။ သုံးပါများလွန်သဖြင့် အကြော်ခံဆီသည် molecules များပြောင်းလဲမှုဖြစ်ကာ မူလထက် ပျစ်လွန်းနေလျှင်
၃။ ကြော်ပြီးသား ဆီထည့်ထားသော ပုဂံသို့မဟုတ် ပုလင်းထဲတွင် အနယ်အနှစ်များစွာ ထိုင်နေလျှင် သို့မဟုတ် ဆီ၏အပေါ်ယံတွင် အမှုန်များ တက်နေပါလျှင်
၎။ ကြော်ရန်သင့်လျော်သော အပူချိန်ဖြစ်သည့် ၁၉၀ စင်တီဂရိတ်သို့ မရောက်ခင်ကတည်းကပင် အမြှုပ်များထွက်နေလျှင်
၅။ ပြန်လည် အသုံးပြုမည့် ဆီသည် ယခင် ကြော်ထား သော အစားအစာ၏ အနံ့ ပြင်းပြစွာ ထွက်နေ ပါလျှင်
ထိုဆီများကို နောက် တစ်ကြိမ် ပြန်လည် အသုံး ပြုရန် မသင့်လျော် တော့ကြောင်း သေချာ ပေသည်။

ထို့ကြောင့် ဆီ စားသုံးမှု သည် အနည်းနှင့် အများဆိုသလို လူသား တို့အား ထိခိုက် စေသည် ဖြစ်ရာ အဆီစားသုံးမှုကို တတ်နိုင် သမျှ ရှောင်ကျဉ်ခြင်း၊ ဆီများကို သင့်တင့် လျှောက်ပတ် သော နည်းလမ်း များဖြင့် သိမ်းဆည်း အသုံး ပြုခြင်း ဖြင့် သင်နှင့် သင့် မိသားစု၏ ကျန်းမာရေးကို ကောင်းမွန် စေကာ မီးဖိုချောင် အရှုပ် အထွေး တစ်ခုအား ရှောင်ရှားပြီး ဖြစ်ပေ လိမ့်မည်။

မွန်းသက်ပန် (ဆေး-၁)

TOF ကျိန်စာသင့်နေသူလေးများ





ကျွန်တော်တင်ပြမယ့် ကျိန်စာသင့်နေသူလေးတွေကတော့ မွေးရာပါ နှလုံးရောဂါရှင်လေးများအကြောင်းပါ ။ မွေးရာပါ နှလုံးရောဂါ ပုံစံအမျိုးမျိုးရှိသည့်အထဲက TOF ( Tetralogy Of Fallot ) လို့ခေါ်တဲ့ နှလုံးရောဂါအမျိုးအစားကို ခံစားနေကြရတာပါ။ ဒီလိုရောဂါရှင်လေးတွေဟာ မကြာခဏဆိုသလို ရုတ်တရက် တစ်ကိုယ်လုံးပြာနှမ်းပြီး ( cyanosis ) ၊ သတိလစ်ခြင်းများကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ဒီရောဂါကို တနည်းအားဖြင့် ( Tet Spell or Blue Spell ) လို့လည်းခေါ်ကြပါတယ်။ ဒါကြောင့်မို့လို့ ကျိန်စာသင့်နေသူလေးများ ( သို့ ) အပြာရောင်ကျိန်စာထဲက သူ့တို့လေးတွေအကြောင်းကို တင်ပြပေးလိုက်ပါတယ်။



TOF ( Tetralogy Of Fallot ) ဆိုတာဘာလဲ
TOF ဆိုတာကတော့ မွေးရာပါ နှလုံးရောဂါတစ်ခုပါ။ Tetra ဆိုတာ လေးခု ၊ လေးမျိုး ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။ ဒီရောဂါမှာ ထင်ရှားတဲ့ လက္ခဏာအချက် ၄ ချက်ရှိတဲ့အတွက် tetra ဆိုတဲ့စကားလုံးကို အသုံးပြုထားတာပါ။ Fallot ဆိုတာကတော့ ဒီရောဂါကို စတင် တင်ပြခဲ့သူ ပြင်သစ်ဆေးပညာရှင် Etienne Fallot ရဲ့အမည်ကို ဂုဏ်ပြုခေါ်ဆိုထားခြင်းဖြစ်ပါတယ်။ ၁၈၈၈ ခုနှစ်မှာ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ TOF မှာ ပါရှိတဲ့ အဓိကလက္ခဏာ ၄ ခုကတော့ -

၁။ နှလုံးသွေးလွှတ်ခန်း နှစ်ခုကြားရှိ နံရံတွင် အပေါက်ပါရှိခြင်း ( VSD - Ventricular Septal Defect )။
၂။ အဆုတ်သွေးကြောမကြီးကျဉ်းမြောင်းနေခြင်း ( Pulmonary Stenosis ) - ဒီနေရာမှာ ၂ မျိုးထပ်ခွဲနိုင်ပါတယ်။ အဆို့ရှင်များကျဉ်းမြောင်းနေပါက ( Pulmonary Valvular Stenosis ) လို့ခေါ်ပြီး ၊ အဆို့ရှင်တွေရဲ့ အောက်နားမှာကျဉ်းမြောင်းနေပါက ( Infundibular Stenosis ) လို့ခေါ်ပါတယ်။
၃။ သွေးလွှတ်ကြောမကြီး နေရာလွဲမှားစွာတည်ရှိခြင်း ( Overriding Of Aorta )။
၎။ နှလုံးညာဘက် သွေးလွှတ်ခန်း ကြွက်သားများ သာမန်ထက်ကြီးထွားလာခြင်း ( Right Ventricular Hypertrophy )။

Photo Sharing and Video Hosting at Photobucket

အဖြစ်များတတ်ပါသလား
မွေးရာပါ နှလုံးရောဂါတွေရဲ့ ၁၀ ရာခိုင်နှုန်းရှိပါတယ်။ ကလေးငယ် ၁၅၀၀ မွေးမယ်ဆိုရင် TOF တစ်ယောက်ပါရှိပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဒီလို ကလေးငယ်လေးတွေ အမြောက်အများရှိပါတယ်။ TOF ဟာ အခြားသော မွေးရာပါရောဂါများ ( ဥပမာ - Down's Syndrome ) နှင့်လည်း အတူတူတွဲဖက်တွေ့ရှိရတတ်ပါတယ်။

နှလုံးနှင့် သွေးလှည့်ပတ်စီးဆင်းပုံ
TOF အကြောင်းကို နားလည်သဘောပေါက်ဖို့အတွက် ကျန်းမာတဲ့ နှလုံးတစ်ခုဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ဦးစွာသိရှိဖို့လိုပါတယ်။ကလေးတစ်ယောက်ရဲ့ နှလုံးဟာ အဲဒီကလေးရဲ့ လက်သီးဆုပ် ပမာဏခန့်သာရှိပြီး ၊ တစ်နေ့ကို အကြိမ် ၁၀၀,၀၀၀ ထိခုန်ပါတယ်။ နှစ်လုံးရဲ့ ဖွဲ့စည်းပုံကိုကြည့်မယ်ဆိုရင် အခန်း၎ ခန်းရှိပါတယ်-
*သွေးဝင်ခန်း ( Atrium )နှစ်ခန်း၊
*သွေးလွှတ်ခန်း ( ventricle ) နှစ်ခန်းပါရှိပါတယ်။
သွေးဝင်ခန်းတစ်ခုနှင့် တစ်ခုအကြားမှာ ပိုင်းခြားထားပေးတဲ့ နံရ
ံ ( Atrial Spetum ) ပါရှိသလို ၊ သွေးလွှတ်ခန်းတစ်ခုနှင့် တစ်ခုအကြားမှာလဲ ပိုင်းခြားထားပေးတဲ့ နံရံ ( Ventricular Septum )ပါရှိပါတယ်။ သွေးဝင်ခန်းနဲ့ သွေးလွှတ်ခန်းတွေကိုတော့ အဆို့ရှင် ( Valve ) တွေနဲ့ ပိုင်းခြားထားပါတယ်။

Photo Sharing and Video Hosting at Photobucket
နှလုံး၏ အစိတ်အပိုင်းများ
လူတစ်ယောက်အသက်ရှင်ဖို့ အတွက် မရှိမဖြစ်လိုအပ်နေတာကတော့ အောက်စီဂျင်ပဲဖြစ်ပါတယ်။ ဆဲလ်တွေရှင်သန်ဖို့ ၊ အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်အတိုင်းအလုပ်လုပ်ဖို့ အောက်စီဂျင်ဟာ အဓိက ရေးပါတဲ့ အခန်းကနေ ပါဝင်ပါတယ်။ ဒီလို အောက်စီဂျင်ကို ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးက အသုံးပြုနိုင်ဖို့အတွက် အဆုတ်နဲ့ နှလုံး အပါအ၀င် သွေးလှည့်ပတ်မှုစနစ် အားလုံးက လုပ်ဆောင်ပေးကြပါတယ်။ လေထဲမှာပါလာတဲ့ အောက်စီဂျင်တွေဟာ အဆုတ်ကနေတစ်ဆင့် အဆုတ်ထဲမှာရှိတဲ့ သွေးကြောတွေထဲက သွေးထဲကိုရောက်ရှိသွားကြပါတယ်။ ထို့နောက် အဲဒီလို အောက်စီဂျင်ပြည့်ဝနေတဲ့သွေးတွေကို နှလုံးဆီကို သယ်ဆောင်သွားပါတယ်။ နှလုံးရဲ့ ဘယ်ဘက်သွေးဝင်ခန်းအတွင်းရောက်ရှိလာပါတယ်။ထို့နောက် အဆို့ရှင် ( Mitral Valve ) ကိုဖြတ်သန်းကာ ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းရောက်ရှိပါတယ်။ ထိုမှတဆင့် သွေးလွှတ်ကြောမကြီးကို ဖြတ်သန်းကာ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးဆီကိုရောက်ရှိသွားပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်စီဂျင်တွေကို အသုံးပြုပြီးတဲ့အခါမှာ မလိုအပ်တော့တဲ့ ကာဗွန်ဒိုင်အောင်ဆိုဒ်တွေ ထွက်လာပါတယ်။ အဲဒီ ဓါတ်ပစ္စည်းတွေဟာ သွေးထဲကိုရောက်ရှိလာပြီး သွေးပြန်ကြောများမှတဆင့် နှလုံးရဲ့ ညာဘက် သွေးဝင်ခန်းထဲကို ရောက်ပါတယ်။ညာဘက် သွေးဝင်ခန်းမှတဆင့် အဆို့ရှင် ( Tricuspid Valve ) ကိုဖြတ်သန်းပြီး ညာဘက်သွေးလွှတ်ခန်းထဲကိုရောက်ရှိလာပါတယ်။ ထို့နောက် အဆုတ်ထဲကိုပြန်လည်ရောက်ရှိပြီး ကာဗွန်ဒိုင်အောင်ဆိုဒ်တွေကို စွန့်ထုတ်ပြီး ၊ အောက်စီဂျင်ကို ပြန်လည် သယ်ယူပါတယ်။ ဒါကတော့ နှလုံးနဲ့ သွေးလည်ပတ်မှုအဖွဲ့အစည်း ရဲ့ လုပ်ဆောင်မှုပဲဖြစ်ပါတယ်။

TOF တွင် သွေးလှည့်ပတ်စီးဆင်းပုံ
TOF မှာ ခန္ဓာကိုယ်ကနေ နှလုံးထဲကိုဝင်ရောက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေသာပါဝင်တဲ့ သွေး ( Deoxygenated Blood ) တွေဟာ နှလုံးရဲ့ ညာဘက် သွေးလွှတ်ခန်းထဲကိုရောက်ရှိလာပါတယ်။ သာမန်နှလုံးတွင် ညာဘက် သွေးလွှတ်ခန်းထဲကသွေးတွေဟာ အဆုတ်သွေးကြောကိုဖြတ်သန်းပြီး အဆုတ်ဆီကိုရောက်ရှိရမယ့်အစား ၊ TOF တွင်အဆုတ်သွေးကြောကျဉ်းမြောင်းနေတဲ့အတွက် သွေးတွေဟာ အဆုတ်ဆီကို မ၀င်ရောက်နိုင်ဘဲ ညာဘက်သွေးလွှတ်ခန်းထဲမှာ စုအောင်းနေပါတယ်။ ထိုအခါ ညာဘက်သွေးလွှတ်ခန်း အတွင်း သွေးဖိအားများလာပါတယ်။ ညာဘက်သွေးလွှတ်ခန်းဟာ သာမန်ထက်ပိုအလုပ်လုပ်ရတဲ့အတွက် သွေးလွှတ်ခန်းကြွက်သားတွေဟာ သာမန်ထက်ပိုကြီးထွားလာပါတယ် ( Ventricular Hypertrophy )။ ဒီလိုသွေးဖိအားတွေများလာတဲ့ အခါ ညာဘက် သွေးလွှတ်ခန်းအတွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ပါတဲ့သွေးတွေဟာ သွေးလွှတ်ခန်းနှစ်ခုကြားမှာရှိတဲ့ အပေါက်ကတဆင့် ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းရောက်ရှိသွားပြီး အဆုတ်ကနေလာတဲ့ အောက်စီဂျင်ပါတဲ့ သွေး ( Oxygenated Blood ) တွေနဲ့ရောသွားပါတယ်။ ဒါကြောင့် ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းမှ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို သွားတဲ့ သွေးတွေဟာ အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် နှစ်မျိုးလုံးပါဝင်တဲ့အတွက် ဆဲလ်များတွင် လုံလောက်တဲ့ အောက်စီဂျင်ပမာဏကို မရကြပါဘူး။ အောက်စီဂျင်မလုံလောက်တဲ့အတွက် အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်တွေဟာလည်း ပုံမှန်အတိုင်းမလုပ်ဆောင်နိုင်တော့ပါဘူး ။ ဥပမာ - ဦးနှောက်ဆီသို့ အောက်စီဂျင်မလုံလောက်ပါက ဦးနှောက်ဆဲလ်များသေဆုံးသွားပြီး အသက်ဆုံးရှုံးမှုများ ဖြစ်နိုင်ပါတယ်။အောက်စီဂျင်မလုံလောက်တဲ့ လက္ခဏာတွေအနေနဲ့ ပြာနှမ်းခြင်း ( Cyanosis ) ၊ သတိလစ်ခြင်း ( Loss of consciousness ) တို့ကိုတွေ့ရှိနိုင်ပါတယ်။

Photo Sharing and Video Hosting at Photobucket
သွေးလည်ပတ်စီးဆင်းပုံ
ဘာကြောင့်ဖြစ်ရတာလဲ
TOF ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကိုတော့ မသိရှိရသေးပါဘူး ။ မျိုးရိုးလိုက်ခြင်းကြောင့်လဲ ဒီရောဂါရနိုင်ပါတယ်။ ဥပမာ - မိဘများတွင် မွေးရာပါ နှလုံးရောဂါတစ်ခုခုရှိပါက မွေးလာသောကလေးမှာ TOF ဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇနှင့်ဆိုင်သောမွေးရာပါ ရောဂါများ ( ဥပမာ - Down's Syndrome , DiGeorge's Syndrome ) တွင် TOF ကိုပါ တွဲဖက်တွေ့ရှိရလေ့ရှိပါတယ်။ ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကိုမသိရှိပေမယ့် အောက်ပါအခြေအနေတွေကြောင့် TOF ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
၁။ ကိုယ်ဝန်ဆောင်မိခင်များ အရက်( Alcohol ) သောက်ခြင်း ။
၂။ ကိုယ်ဝန်ဆောင်မိခင်များ အဟာရချို့တဲ့ခြင်း ( Poor nutrition during pregnancy )။
၃။ ကိုယ်ဝန်ဆောင်စဉ် ဗိုင်းရပ်စ်ရောဂါ ( Viral Infection ) ခံစားရခြင်း ။( eg. German Measles- rubella )
၎။ ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုရောဂါ ( Diabetes ) ရှိခြင်း ။
၅။ ကိုယ်ဝန်ဆောင်မိခင်၏ အသက် ၄၀ ကျော်ခြင်း ။

လက္ခဏာများ
TOF ကလေးငယ်တွေမှာ အဓိကတွေ့ရတဲ့ လက္ခဏာတွေကတော့ -
၁။ အောက်စီဂျင်ပမာဏလျှော့နည်းခြင်းကြောင့် ပြာနှမ်းခြင်း ( Cyanosis ) ၊ အထူးသဖြင့် မျက်နှာ ၊ နှုတ်ခမ်းနှင့် လက်ချောင်းလေးတွေမှာတွေ့ရတတ်ပါတယ်။
၂။ အပင်ပန်းမခံနိုင်ခြင်း ။
၃။အစာစားရာတွင်ခက်ခဲခြင်း ( Poor Feeding )။
၎။ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပါက အောက်စီဂျင် ပမာဏ ရုတ်တရက်ကျဆင်းပြီး တစ်ကိုယ်လုံးပြာနှမ်းကာ သတိလစ်ခြင်း ( Tet Spells ) ။မကြာခဏ ခံစားရတတ်ပါတယ်။
၅။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှေးကွေးခြင်း ။
၆။ လက်ချောင်းထိပ်လေးများ တင်းပုတ်ကဲ့သို့ ကြီးထွားလုံးဝန်းနေခြင်း ( Clubbing ) ။
Photo Sharing and Video Hosting at Photobucket

၇။ နှလုံးတွင်း သွေးလှည့်ပတ်စီးဆင်းမှုတွင် အတားအဆီးရှိနေခြင်းကြောင့် နှလုံးခုန်သံမှာ သာမန်ကဲ့သို့ မဟုတ်ဘဲ ဆူညံသံများ ရှိနေခြင်း ( MurMur)။
ဒီလက္ခာတွေဟာ ကလေးမွေးဖွားပြီး ရက်သတ္တပါတ်အနည်းငယ်အတွင်းမှာ ပေါ်လာတတ်ပါတယ်။ များသောအားဖြင့် ကလေးဟာ ငိုနေစဉ် တစ်ကိုယ်လုံးပြာလာပြီး သတိလစ်ခြင်းပုံစံမျိုးအနေဖြင့် တွေ့ရှိသတိပြုမိနိုင်ပါတယ်။

ဘယ်လိုသိရှိနိုင်လဲ
အထက်ပါ လက္ခာတွေအပြင် အောက်ပါ စမ်းသပ်စစ်ဆေးမှုများကြောင့်လဲ သိရှိနိုင်ပါတယ်။
၁။ Echocardiogram
၂။ ECG - Electrocardiogram
၃။ Chest X'ray
၎။ Pulse Oximetry ဖြင့် သွေးထဲရှိ အောက်စီဂျင် ပမာဏကိုတိုင်းတာခြင်း ။
၅။ Cardiac Catheterization

ဘယ်လိုကုသမလဲ
အရေးပေါ်ကုသခြင်း
သွေးအတွင်းအောက်စီဂျင် ရုတ်တရက်ကျဆင်းခြင်းသည် အသက်ဆုံးရှုံးမှုကိုဖြစ်စေနိုင်တဲ့အတွက် အရေးပေါ်ကုသဖို့လိုအပ်ပါတယ်။ ကလေးဟာ ရုတ်တရက် ပြာလာပြီး မူးလဲပါက ကလေးကို မြေပြင်တွင် ဘေးတစ်စောင်းလှဲချထားပါ ။ ထို့နောက် ကလေး၏ ဒူးခေါင်းကို ရင်ဘတ်ကိုထိလောက်အောင် ကွေးထားပေးပါ။( Knee-Chest Position ) ။ ဒီပုံစံဟာ ဆောင့်ကြောင့်ထိုင်တဲ့ပုံစံနဲ့ဆင်တူပါတယ်။ ကလေးကြီးတွေဟာ မကြာခဏ ဒီလိုခံစားဖူးတဲ့အတွက် နောက်တစ်ခါဖြစ်လာပါက အလိုအလျှောက် မိမိတို့ဘာသာ ဆောင့်ကြောင့်ထိုင်ပြီး ကုသသည့် အလေ့အကျင့်ရသွားတတ်ပါတယ်။ ဒီလိုဆောင့်ကြောင့်ထိုင်လိုက်တဲ့အတွက် သွေးလွှတ်ကြောမကြီးထဲမှာရှိတဲ့ သွေးဖိအားတက်လာပါတယ်။ ထိုမှတဆင့် ဘယ်ဘက် သွေးလွှတ်ခန်းမအတွင်းရှိသွေးဖိအားပါတက်လာပြီး ညာဘက်သွေးလွှတ်ခန်းမှသွေး( Deoxygenated blood ) များ ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းဝင်ရောက်ခြင်းကိုလျှော့နည်းစေပါတယ်။ ထိုသို့ဖြင့် Deoxygenated Blood များ သွေးအတွင်းဝင်ရောက်ခြင်းကိုလျှော့နည်းစေပါတယ်။ သို့သော် ထိုသို့လက္ခဏာမျိုးခံစားရပါက နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းများသို့ သွားရောက်ပြီး ထိရောက်တဲ့ ကုသမှုကို ခံယူဖို့လိုအပ်ပါတယ်။

ခွဲစိတ်ကုသခြင်း
TOF တွင်ရှိနေသော နှလုံးအတွင်း ချို့ယွင်းမှုများကိုတော့ ခွဲစိတ်ကုသဖို့လိုအပ်ပါတယ်။

ဘယ်လောက်ထိအသက်ရှင်နိုင်လဲ
ခွဲစိတ်ကုသမှုမခံယူပါက TOF ဝေဒနာရှင်များရဲ့ ၁၀ ရာခိုင်နှုန်းသာ အသက် ၂၀ ကျော်ထိအသက်ရှင်နိုင်ပါတယ်။ ဒီရောဂါဟာ ကာလကြာရှည်စွာ ဖြစ်နေမယ်ဆိုရင် နှလုံး ၊ အဆုတ် ၊ သွေးလည်ပတ်မှုနှင့်ဆိုင်သော အခြားသော နောက်ဆက်တွဲဆိုးကျိုးများကိုပါ ခံစားလာရနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် TOF ဝေဒနာရှင်လေးတွေဟာ တစ်သက်လုံး ကုသမှုတွေကို ခံယူဖို့လိုအပ်ပါတယ်။ သက်ဆိုင်ရာ သမားတော်များနှင့် တိုင်ပင်ဆွေးနွေးကုသမှုများလိုအပ်ပါတယ်။ ထို့အပြင် မိဘများရဲ့ နွေးထွေးစွာ ပြုစုယုယမှုတွေဟာလည်း ကလေးငယ်တွေရဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် TOF ကလေးငယ်လေးများ သက်တမ်းစေ့နေနိုင်စေဖို့အတွက် အားလုံးဝိုင်းဝန်းစောင့်ရှောက်ကြနိုင်စေရန်တင်ပြလိုက်ပါတယ်။လေးစားစွာဖြင့် -

ကိုးကားစာရင်း -

၁။ Nelson Textbook of Pediatrics , 17th edition.
၂။http://www.achaheart.org/resource/icon_cheartdefects_tdf.php#whatlongterm
၃။http://en.wikipedia.org/wiki/Tetralogy_of_fallot
၎။http://www.americanheart.org/presenter.jhtml?identifier=11071
၅။http://www.nhlbi.nih.gov/health/dci/Diseases/tof/tof_summary.html
၆။http://www.cincinnatichildrens.org/health/heart-encyclopedia/anomalies/tof.htm
၇။http://www.mayoclinic.com/health/tetralogy-of-fallot/DS00615/DSECTION=4
၈။http://www.emedicine.com/EMERG/topic575.htm
၉။http://www.emedicinehealth.com/tetralogy_of_fallot/article_em.htm
၁၀။http://www.nlm.nih.gov/medlineplus/ency/article/001567.htm#Causes,%20incidence,%20and%20risk%20factors

သွားပြန်စိုက်တော့မယ် ဆိုရင်....



သွားနှုတ်လိုက် ရလို့၊ ဒါမှမဟုတ် အကြောင်း တစ်ခုခုကြောင့် ကျိုးသွားခဲ့ရင်၊ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို အရင် ပို့စ်မှာ ရေးခဲ့ပါတယ်။ ဒီနေ့တော့ ဆုံးရှုံးသွားတဲ့ သွားကို ဘယ်လို အစားထိုး မလဲ ဆိုတာနဲ့ ပတ်သက်လို့ နားလည်လွယ်အောင် ရှင်းပြချင် ပါတယ်။
သွားတစ်ချောင်း နှုတ်လိုက် ရပြီးရင်၊ သွားဖုံးရိုး အနာကျက်လို့ သွားဖုံးသား ပြည့်လာတာနဲ့ သွား ပြန်အစား ထိုးလို့ ရပါတယ်။ အကြမ်း အားဖြင့်၊ သွားနှုတ်ပြီး၂လလောက် အကြာလို့ ပြောလို့ ရပါတယ်။ ဒီလို သွား အစား ထိုးတာကို၊ မြန်မာလို နားလည်အောင် သွားစိုက်တယ်လို့ဘဲ လွယ်လွယ် ပြောလေ့ ရှိပါတယ်။ တကယ့် ကုသမှု အရ၊ သွားဖုံးရိုးထဲ သတ္တုတိုင် (dental implant) စိုက်ထည့်ပြီး သွား ပြန်အစား ထိုးတာကိုမှ၊ သွားစိုက်တယ်လို့ ခေါ်နိုင် ပါတယ်။ မြန်မာပြည်မှာ အခု လက်ရှိ လုပ်နိုင်တဲ့ နည်းက၊ သွား အရှင် အစားထိုးနည်းနဲ့ သွားအသေ အစား ထိုးနည်း နှစ်ခုပဲ ရှိပါသေးတယ်။ (dental implant ကို ပါမောက္ခ ဆရာကြီး တချို့ စပြီး ကုသမှု ပေးနေပြီလို့ သိရပါတယ်)


၁။သွား အသေ အစား ထိုးခြင်း (fixed partial denture/ dental bridge)ဒီနည်း မှာတော့၊ သွားတစ်ချောင်း သို့မဟုတ် နှစ်ချောင်း ကျိုးသွားတဲ့၊ နှုတ်လိုက်ရတဲ့ နေရာရဲ့ ဘေး တစ်ဖက် တစ်ချက်မှာ ကျန်နေတဲ့ သွားအကောင်းပေါ် ငုံပြီး၊ ကပ်တဲ့ ဆေးနဲ့ ပြုတ်မထွက်အောင် ကပ်ထားလိုက်တဲ့ အတွက်၊ အလွယ်တကူ မပြုတ်နိုင် မဖြုတ်ထုတ် နိုင်ပါဘူး။ မြန်မာလိုတော့၊ သွားအသေစိုက်လို့ သုံးစွဲ ခေါ်ဝေါ် နေကြပါတယ်။ တကယ်က အသေစိုက် ထည့်လိုက်တာ မဟုတ်ဘဲ၊ ဘေးသွားတွေကို သေးသွားအောင် စက်နဲ့ စားပစ်လိုက်ပြီး၊ သွားတုကို အပေါ်က ငုံပြီး စွပ်လိုက်တာပါ။ ဘေးသွားတွေကို တံတားလို တွဲထားတဲ့ အတွက် dental bridge လို့ ခေါ်တာပါ။ သဘာဝ သွားတွေပေါ် တင်ထားတဲ့ အတွက်၊ ၀ါးအား ကောင်းပါတယ်။


ဒါပေမယ့် ဒီနည်းက၊ သွား တစ်ချောင်း နှစ်ချောင်း ပြန် အစားထိုးတာ မျိုးမှသာ ကောင်းပါတယ်။ နှစ်ချောင်းထက် ပိုရင်တော့၊ ဘေးက သဘာဝ သွားတွေက၊ ၀န်ပို ထမ်းရလို့ ခဏနဲ့ ယိုင်နဲ့ လာတတ်ပါတယ်။
အားသာချက်- ဖြုတ်ရန် တတ်ရန် ဆေးကြောရန် မလို၊ ပုံမှန် သွားတိုက်ရင်း သန့်စင်နိုင်။
- သဘာဝ သွားလို ၀ါးနိုင်
- သတ္တု သို့မဟုတ် ကြွေ (porcelain) ရွေးချယ် စိုက်နိုင်။
အားနည်းချက် - ဘေးသဘာဝ သွားကို သေးအောင် စားပစ် လိုက်ရတဲ့ အတွက်၊ သဘာဝ သွား အထိနာ ပါတယ်။ အထူးသဖြင့် ကြွေသွား ပြန်ထည့်တဲ့ အခါ၊ ငုံမယ့် သွားကို သေးနိုင်သမျှ သေးအောင် စားပစ် လိုက်ရတဲ့ အတွက်၊ သွားကျဉ်တာမျိုး ခံစားရတတ်ပါတယ်။
- စိုက်သွားနဲ့ သဘာဝသွား ကြားမှာ အစာတွေ တွယ်ပြီး သွားဖုံး ရောဂါ ဖြစ်စေ နိုင်ပါတယ်။
- သွားတုကို ကပ်ထားတဲ့ဆေးက အချိန်ကြာလို့ ပျောက်သွား အားနည်းသွားတဲ့ အခါ၊ သွားတုကို ချက်ချင်း ဖြုတ်ပြီး ဆေးပြန်ကပ် ရပါတယ်။ လူ တော်တော် များများဟာ ဒါကို သတိမပြုမိတဲ့ အတွက်၊ ငုံထားတဲ့ စွပ်သွား အောက်ကို အစာတွေ ၀င်အောင်းပြီး၊ သဘာဝ သွားကို ပိုးစား သွားတာ များပါတယ်။ ဒီလို ငုံထားတဲ့ သွားပါ ပိုးစားပြီး နှုတ်ရပြီဆို စိုက်သွား တစ်တွဲလုံး ပစ်လိုက် ရပါတယ်။ သုံးလို့ မရတော့ ပါဘူး။

၂။ သွား အရှင် အစား ထိုးခြင်း (removable denture)ကိုယ်တိုင် သွားတုကို ခံတွင်းထဲထည့်ပြီး၊ ၀ါးနိုင် သုံးနိုင်၊ ပြန်ဖြုတ်ပြီး ဆေးကြော သန့်စင်နိုင်လို့၊ အရှင်စိုက်လို့ ခေါ်ကြပါတယ်။ သွား အားလုံး မကျိုးခင်၊ ကျန်တဲ့ သဘာဝ သွားတွေမှာ၊ ချိတ်-ကွင်း စတာတွေနဲ့ အလွယ်တကူ ပြုတ်မထွက်အောင်၊ ချိတ်ပြီး သုံးရတဲ့ အရှင်စိုက်ကို removable partial denture-တစ်ပိုင်း အံကပ်လို့ခေါ်ပါတယ်။ အောက်ပုံမှာ တွေ့ရတဲ့အတိုင်း သွားအတုတွေအပြင်၊ သွားဖုံးအတု (အပန်းရောင် acrylic resin ခေါ်ပိုလီမာတစ်မျိုး) ကို ပေါင်းထည့် ထားတာကို တွေ့ရပါမယ်။ သွား အားလုံး မရှိတော့တဲ့သူ တွေမှာ၊ သွား တစ်ခွေလုံးကို အရှင်စိုက် အတုထည့်တာကိုတော့ complete denture-အံကပ် အပြည့်လို့ ခေါ်ပါတယ်။ လေထုဖိအား (atmospheric pressure) နဲ့ ခံတွင်း ထဲမှာ မြဲနေတာ ဖြစ်ပါတယ်။ အပေါ်သွား တစ်ခွေလုံး စိုက်ရတဲ့သူတွေ အတွက်၊ ဒီလို မြဲပြီး ပြုတ် မကျအောင်၊ လေဖိနိုင်တဲ့ ဧရိယာ ကျယ်အောင်၊ အာခေါင် မှာပါ၊ ဖုံးထား ရပါတယ်။ အာခေါင်မှာ ကပ်ထားသလို ဖြစ်နေတာကြောင့်လည်း အာကပ်-အံကပ်လို့ မြန်မာလို ခေါ်ကြပါတယ်။
အောက် အံကပ် အပြည့် တပ်ရတဲ့ သူတွေ မှာတော့၊ သွားတုက ဖုံးထားတဲ့ ဧရိယာကလည်း နည်းပြီး၊ လျှာကလည်း လှုပ်ရှား နေတတ်တာကြောင့်၊ အပေါ် အံကပ်နဲ့ စာရင် မြဲမြံမှု အားနည်း ပါတယ်။ အရှင်စိုက်က၊ သွားဖုံးပေါ် တင်ထားပြီး၊ သွားဖုံး သားကို အဓိက အားပြု ၀ါးရ တာပါ။
အားသာချက် - ဘေး သဘာဝ သွားတွေကို သေးအောင် စားပစ်ရန် မလို။
- သွား နောက်ထပ် နှုတ်ရလျှင်လည်း ရှိပြီးသား အရှင်စိုက် အံကပ်တွင် ထပ်ပေါင်းပြီး အစားထိုးနိုင်။
- ကုန်ကျ စရိတ် နည်း
အားနည်းချက်- စားပြီးတိုင်း ဖြုတ်ဆေးရ။
- သန့်ရှင်းမှု မရှိရင် ဘေးသဘာဝ သွားကို ပိုးစား။
- အားပြုထားသော ချိတ်ကြောင့် သဘာဝသွား ၀န်ပို။
- သွားဖုံးသားပေါ် တင်ထားပြီး ၀ါးရတဲ့ အတွက် ပင်ကိုယ်သွားလို ၀ါးအား မကောင်း။
- သွားတု အပြင်၊ သွားဖုံးသား အတုနဲ့ ၀န်ကို ပြန့်သွားအောင် ဧရိယာ ကျယ်ကျယ် အုပ်ထားတဲ့ အံကပ်ကို ပါးစပ်ထဲ ထည့်ထားရတဲ့ အတွက်၊ ကျင့်သား မရခင် အလွန် နေရ ထိုင်ရ ခက်။
- ငါးနှစ် တစ်ကြိမ်ခန့် အသစ်လဲ ပေးရ။ (အချိန် ကြာလာရင် သွားဖုံးရိုး နိမ့်ကျ သွားပြီး အံကပ်က ချောင်လာတဲ့ အတွက်)
- သွားဖုံးရိုး နိမ့်လာရင် အံကပ် မြဲမြံမှု အားနည်းလာ။


၃။ သွားဖုံးရိုး အတွင်း သွား အသေ စိုက်ခြင်း (dental implant)


ဒီနည်း ကတော့၊ အခု နောက်ဆုံး နိုင်ငံတကာမှာ သုံးပြီး ခေတ်စား လာနေတဲ့နည်း ဖြစ်ပါတယ်။ သွားဖုံးရိုး ထဲကို၊ titanium သတ္တုနဲ့ လုပ်ထားတဲ့ dental implant စိုက်ထည့်ပြီး၊ အပေါ်က ကြွေသွား စိုက်တဲ့၊ သွား အသေစိုက်နည်း ဖြစ်ပါတယ်။ titaniumနဲ့ အရိုးသားက၊ တွဲဆက် သွားတဲ့ အတွက် အရိုးမှာ ပြဿနာ မဖြစ်မချင်း ပြန်မပြုတ် နိုင်တော့ပါဘူး။ လက်ရှိ နည်းလမ်းတွေ ထဲက အကောင်းဆုံး၊ နှစ်ကြာရှည် အခံဆုံး နည်းလမ်း ဖြစ်ပါတယ်။
အားသာချက်- သွားဖုံးရိုးဟာ သွားနှုတ် ပြီးတာနဲ့ တစ်နှစ်ကို နည်းနည်းချင်း နိမ့်ဆင်း သွားပါတယ်။ ခုနက ပြောခဲ့တဲ့ သွား အစားထိုးနည်း နှစ်မျိုးလုံးမှာ၊ ဒီ သွားဖုံးရိုး နိမ့်ဆင်းတဲ့ ပြဿနာဟာ၊ တောက်လျှောက် ဖြစ်နေ ပါတယ်။ dental implant စိုက်ထည့်လိုက်ရင်တော့၊ သွားဖုံးရိုးဟာ နိမ့်မဆင်းတော့ပါဘူး။
- သွားဖုံးရိုးထဲ စိုက်ထည့်ထားတဲ့ သတ္တုချောင်းပေါ် အားပြုပြီး စိုက်တင်ထားတဲ့ သွားတုကို ၀ါးတာ ဖြစ်တဲ့ အတွက်၊ သဘာဝ သွားအတိုင်း ၀ါးနိုင်၊ သဘာဝ သွားလို ခံစားရ။
- ဘေးသွား အကောင်းတွေကို သေးအောင် စားပစ်ရန် မလိုတော့။
အားနည်းချက် - ကုန်ကျစရိတ်ကြီး။
- အနည်းဆုံး တစ်နှစ်တစ်ခါ ဆေးခန်း မှန်မှန် ပြန်ပြပြီး ထိန်းသိမ်းဖို့လို
- ခံတွင်း သန့်ရှင်းရေး ပုံမှန်လုပ်ဖို့ အရေးကြီး။
- ပင်ကိုယ် သွားဖုံးရိုး နိမ့်နေရင်၊ implant စိုက်ထည့်နိုင်အောင် အရိုးသား ပြန်တက်လာဖို့ အစားထိုး ကုသမှု (bone graft) အရိုး ပြန်တည်ဆောက် ကုသမှု (bone regenerative treatment) အရင် လုပ်ဖို့ လို။


သွားစိုက်နည်း အမျိုးမျိုး ရှိပေမယ့်၊ ကိုယ်နှုတ် လိုက်ရတဲ့ သွားနေရာ အနေအထား၊ အရေအတွက်နဲ့၊ ကိုယ် တတ်နိုင်တဲ့ အပေါ် မူတည်ပြီး၊ အသင့်တော်ဆုံး ဖြစ်မယ့်နည်းကို ရွေးရမှာ ဖြစ်ပါတယ်။

Dr. Nyan

သက်လတ်ပိုင်း အရွယ်တွင် တစ်နေ့ ကော်ဖီသုံးခွက် သောက်သုံးခြင်းဖြင့် ပိုမို အသက် ရှည်လာနိုင်ဖွယ် ရှိ

မွန်ကြီး
ကော်ဖီ သောက်သုံးခြင်းဖြင့် ကျန်းမာရေး ထိခိုက်နိုင်ဖွယ် ရှိ၊ မရှိ ဆိုသည်နှင့် ပတ်သက်ပြီး ပညာရှင် များက အငြင်းပွားလျက် ရှိနေသော်လည်း နောက်ဆုံး လေ့လာမှု အရ ကော်ဖီ သောက်သုံးခြင်းသည် အသက်ကို ပိုမို ရှည်စေ နိုင်သည်ကို သိပ္ပံ ပညာရှင်များက ရှာဖွေ တွေ့ရှိခဲ့သည်။
လူ ၅ဝဝဝဝဝ ခန့်အား လေ့လာမှု တစ်ရပ် ပြုလုပ်ခဲ့ရာ၌ ကော်ဖီများများ သောက်သုံးသူ များသည် သေဆုံးမှု အန္တရာယ် လျော့ကျ လာသည်ကို တွေ့ရှိခဲ့သည်။ ကဖင်းဓာတ် အလွန်အကျွံ သုံးစွဲသူ များသည် ကျန်းမာရေး ထိခိုက် နိုင်သော်လည်း လေ့လာမှုအရ ကော်ဖီ များများ သောက်သုံးသူ များသည် နှလုံးရောဂါ၊ အသက်ရှူ လမ်းကြောင်း ရော ဂါ၊ လေဖြတ်ခြင်း၊ ဒဏ်ရာ အနာတရ ဖြစ်ခြင်းများ၊ မတော်တဆ ထိခိုက်ဒဏ်ရာ ရမှုများ၊  ဆီးချို ရောဂါနှင့် အခြား ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးနိုင်သည့် အလား အလာ နည်းပါးသည်ကို တွေ့ရှိ ခဲ့သည်။
သုတေသန ပြုလုပ်ခဲ့သူ အမေရိကန် နိုင်ငံ အမျိုးသား ကင်ဆာဌာနမှ ဒေါက်တာ နီယယ်ဖရီးမန်းက တစ်နေ့လျှင် ကော်ဖီနှစ်ခွက် သို့မဟုတ် သုံးခွက် သောက်သုံးသူ များသည် အနည်းငယ် အကျိုး ခံစားရသော် လည်း တစ်နေ့ ကော်ဖီ ခြောက်ခွက်ထက် ပိုမိုသောက်သော သူများမှာ တစ်စုံတစ်ရာမျှ အကျိုး ပိုမိုခံစား ရဖွယ် မရှိကြောင်း ပြောကြားခဲ့သည်။ အသက် ၅ဝ မှ ၇ဝ အကြားရှိ လူများကို ၁၂ နှစ်ကြာ လေ့လာ စမ်းသပ် မှု ပြုလုပ်ခဲ့ရာမှ ကော်ဖီ သောက်ခြင်း၏ အလားအလာ များကို ရှင်းရှင်း လင်းလင်း တွေ့ရှိခဲ့ ရ သည်။ ကော်ဖီ သောက်သုံးသူ များ၏ အဓိက အတားအဆီးမှာ ဆေးလိပ်သောက်ခြင်းပင် ဖြစ်သည်။ လေ့လာမှု အရ ကော်ဖီ သောက်သူများသည် ဆေးလိပ် အလွန်အ ကျွံ သောက်သုံး တတ်ကြပြီး ၎င်းအချက်က အသက် အန္တရာယ်ကို ထိခိုက် စေနိုင်ကြောင်း  ဒေါက်တာ ဖရီးမန်းက ပြောကြားခဲ့သည်။
ထို့အပြင် ကော်ဖီ သောက်ခြင်းသည် အရက် ပိုမို သောက်သုံးခြင်း၊ အနီရောင် ရှိသည့် အသားများကို ပိုမို စားသုံးခြင်းနှင့် အထိုင်များသော နေထိုင်မှု ပုံစံများကဲ့သို့ ကျန်းမာရေး ထိခိုက် စေနိုင်သည့် အပြုအမူများနှင့် ဆက်စပ်နေပြီး ထိုကဲ့သို့ အန္တရာယ်ရှိသော အကြောင်းအရာများ အားလုံးသည် သေဆုံးမှု အန္တရာယ်ကို မြင့်တက်ခြင်းနှင့် ဆက် စပ်နေကြောင်း လေ့လာမှု အရ သိရှိ ရသည်။
သို့သော်လည်း သုတေသန ပြုလုပ်မှုတွင် ကော်ဖီက သေဆုံးမှုကို မည်ကဲ့သို့ လျော့ကျစေသည် ဆိုသည့် အချက်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိခဲ့ပေ။ ဒေါက်တာ ဖရီးမန်းနှင့် အဖွဲ့က ကဖင်းတွင် ပါဝင်သော တွန်းလှန် ဖယ်ရှားနိုင်သည့် ဓာတုပစ္စည်း များကို ဖယ်ထုတ်နိုင်ရန် နောက်ထပ် လေ့လာမှုများ ပြုလုပ်သွားရန် တောင်း ဆိုထားသည်။
ကော်ဖီသည် သွေးဖိအားကို အကျိုး သက်ရောက် စေနိုင်ပြီး ကော်ဖီတွင် ပါရှိသည့် ဒြပ်ပေါင်းပစ္စည်း များက လည်း အရေးပါကြောင်းနှင့် သာမန် ကော်ဖီ၌ ကဖင်းဓာတ် ဖယ်ထုတ် ထားသော ပစ္စည်းများထက် တစ်စုံတစ် ရာ အကျိုးကျေးဇူး ပိုမို ရရှိခြင်း ရှိ၊ မရှိ ဆိုသည်နှင့် ပတ်သက်ပြီး သေသေချာချာ လေ့လာစိစစ်၍ ခက်ခဲနေ သေးကြောင်း ဒေါက်တာ ဖရီးမန်းက ဖြည့်စွက် ပြောကြားခဲ့သည်။ ယခု တွေ့ရှိချက် အသစ်က ကော်ဖီ ချစ်သူများ အတွက် ကျေနပ်စရာ ကောင်းသော စိတ်ဝင်စားဖွယ် အချက်ပင် ဖြစ်သည်။   ။

သင်၏ အိပ်စက်မှုစနစ်ကို ဖျက်ဆီးနေသော အိပ်ရာဝင်ချိန် အလေ့အထများ


လူတိုင်းဟာ ကိုယ့်အိပ်စက်မှုပုံစံကို အလေးထားသင့်ပါတယ်။  အိပ်ရေးဝဝ အိပ်စက် အနားယူပေးမှသာ နောက်တစ်နေ့မှာ လန်းဆန်းမှုအပြည့်၊ အားအင်အပြည့်နဲ့ ကျန်းကျန်းမာမာ အလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။
အိပ်ရာထဲသို့ စာအုပ်များ ယူသွားခြင်း
အိပ်ရာမဝင်ခင် စာဖတ်တာက လူအများစုအတွက် အလေ့အထ တစ်ရပ်လို ဖြစ်နေပါတယ်။ ပြဿနာကတော့ ဒီအလေ့အထကို ခန္ဓာကိုယ်က စွဲမြဲနေပြီး အခန်းနှစ်ခန်းလောက်မှ ဖတ်လို့မပြီးရင် အိပ်လို့ မပျော်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲကို စာအုပ်တွေ အများကြီး သယ်မပြီး ဖတ်တာမျိုး မလုပ်သင့်ပါဘူး။ အိပ်ရာဟာ အိပ်စက်ဖို့ပဲ ကန့်သတ်ထားသင့်ပါတယ်။
Facebook အသုံးပြုလွန်းခြင်း
ကွန်ပျူတာစကရင်ရဲ့ အလင်းရောင်ဟာ သင့်ဦးနှောက်ကို နိုးကြားအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာထဲမှာ သင်လုပ်ရမယ့် အလုပ်တွေကို ရေးမှတ်နေရင်လည်း စိုးရိမ်ပူပန်မှုတွေဖြစ်ပြီး စိတ်အေးလက်အေး အိပ်ပျော်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ညဥ့်နက်တဲ့အထိ ကွန်ပျူတာသုံးတာကို ရှောင်ပါ။ ကွန်ပျူတာကို ပိတ်ပြီး ခန္ဓာကိုယ် အကြောပြေလျော့အောင် အချိန်ပေးကာ နားပါ။
သက်သောင့်သက်သာရှိသော အိပ်ရာမရှိခြင်း
မွေ့ရာကောင်းကောင်းရှိရင် သင့်ကိုပိုပြီး အိပ်မောကျစေတာ မှန်ပါတယ်။ သင်က ပက်လက်လှန် အိပ်တတ်သူဆိုရင် ပျော့ပျောင်းတဲ့ ခေါင်းအုံးကို ရွေးချယ်သင့်ပြီး ဘေးတစောင်း အိပ်တတ်သူဖြစ်ရင်တော့ ခပ်တင်းတင်းရှိတဲ့ ခေါင်းအုံးမျိုးကို ရွေးသင့်ပါတယ်။
နိုးစက်နာရီက တောက်ပသော အရောင်ထွန်းထားခြင်း
အိပ်နေတဲ့အချိန်မှာ နှိုးစက်နာရီရဲ့ တောက်ပတဲ့ အရောင်ဟာ လန့်နိုးစေနိုင်ပါတယ်။ အိပ်ခန်းက မှောင်နေလေလေ အိပ်မောကျဖို့ ပိုကောင်းလေလေပါ။ အခန်းထဲက တောက်ပတဲ့ နှိုးစက်အလင်းကို စာအုပ်တစ်အုပ်နဲ့ ကာကွယ်ထားပါ။
အိပ်ပျော်ရန် ဂဏန်းများ ရေတွက်နေခြင်း
အိပ်မပျော်နိုင်ဘူးဆိုရင် အိပ်ရာထဲမှာ နေနေတာက ပိုပြီး အချိန်ကုန်စေပါတယ်။ အိပ်ပျော်ဖို့ရာအတွက် မိနစ် ၃၀ ထက်ပိုပြီး အချိန်ပေးနေရရင် အိပ်ရာထဲကထပြီး စာဖတ်တာ၊ သီချင်းနားဆင်တာ စတဲ့ တစ်ခုခုကို လုပ်ဆောင်လိုက်ပါ။ ကိန်းဂဏန်းတွေကို ရေတွက်နေတာမျိုးက ဦးနှောက်စွမ်းအားကို လှုံ့ဆော်ပေးပြီး စိတ်လန်းဆန်း စေနိုင်တာကြောင့် မလုပ်သင့်ပါ။
ညဘက်တွင် လေ့ကျင့်ခန်းလုပ်ခြင်း
နေ့ခင်းအချိန် လေ့ကျင့်ခန်း လုပ်ပေးရင် တစ်နေ့လုံးလိုလို လန်းဆန်းနေစေပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်မပျော်တာမျိုး မဖြစ်စေဖို့ အိပ်ရာမဝင်ခင် အချိန်သုံးနာရီအတွင်း လေ့ကျင့်ခန်း မလုပ်သင့်ပါဘူး။ ညဘက်မှာ အပြင်းအထန် လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပြီး စွမ်းအင်အဆင့် တိုးတက်ကာ အိပ်ပျော်မယ့် အဆင့်ကို အဟန့်အတား ဖြစ်စေပါတယ်။
ကြယ်စင်
Ref: Good Health 29 May, 2012 – 11:19
Source: http://www.yatanarpon.com.mm/news/review-58652

ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ


သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန်စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ  “ဒီနေ့လည်း ကန်စွန်းရွက်ပဲလားကွာ” ဆိုပြီး မညည်းတွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ ကာရိုတင်း စတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်တာကြောင့် သင့်ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုးပဲ ဖြစ်ပါတယ်။
(၁) အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်
ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် အိမ်သုံး သဘာဝ ဆေးတစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မောကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။ ကန်စွန်းရွက်ကို စားရင် အချိန်ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေတာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေနိုင်ပါတယ်။
(၂) ဝမ်းမှန်မှန်သွားစေပါတယ်
ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆ ပိုမိုပါဝင်ပြီး ကယ်လ်စီယမ် ပါဝင်မှုက ၁၂ ဆ ပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမို ပါဝင်ပါတယ်။ ဒါ့အပြင် ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ကန်ဇွန်းရွက်ကို စားပြီးချိန်မှာ အူထဲရှိ အက်စစ် ဂုဏ်သတ္တိကို လျော့ကျစေတာကြောင့် အူလမ်းကြောင်းရှိ Flora မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ကင်ဆာ တားဆီးပေးတဲ့ အာနိသင်ရှိပါတယ်။
(၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ်
ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ယုံကြည်ကြသလို ကိုယ်အလေးချိန် လျှော့ချလိုသူတွေ အတွက်လည်း ကောင်းပါတယ်။ ကန်စွန်းရွက်ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက်သာစေသလို ကိုယ်အလေးချိန် လျော့ကျလိုသူတွေ အတွက်လည်း တခြား အစားအသောက်တွေ နေရာမှာ အစားထိုးစားသင့်တဲ့ အစာပဲ ဖြစ်ပါတယ်။
(၄) သွေးဖိအားကို ထိန်းပေးပါတယ်
သွေးတိုးနေသူတွေမှာ ကန်စွန်းရွက်ကို စားပေးရင် သွေးဖိအား လျော့ကျစေပါတယ်။ ကန်စွန်းရွက်ဟာ သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေးအတွက် အရေးပါပါတယ်။
(၅) သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်
ကန်စွန်းရွက်မှာ ကယ်လိုရီ ပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ ဆလဖာ၊ သွပ်(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တာကြောင့် သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှု မြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ်။
(၆) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်
ကန်စွန်းရွက်ကို သုပ်ပြီး စားတာကြောင့် ပန်းနာရပ်ကျပ်ရောဂါ၊ အအေးမိတာ၊ ချောင်းဆိုးတာနဲ့ လေပြွန် ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ် အများအပြား ပါဝင်ကာ အဆိပ်တား အာနိသင်၊ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်၊ ဆီးသွားစေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင်တွေကို ရရှိစေပါတယ်။
(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ်
ကန်စွန်းရွက်မှာ အမျှင်ဓာတ် အများအပြား ပါဝင်တဲ့အပြင် အင်ဆူလင်လို အာနိသင်လည်း ရှိကာ ဆီးချိုသွေးချို ရောဂါ ကာကွယ်ရေး အနေနဲ့ သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်း ရှိပါတယ်။
(၈) အဆိပ်ပြေစေပါတယ်
ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ ဆေးတစ်လက်လို အသုံးပြုကြပါတယ်။ အစားမှားတာကြောင့် အော့အန်တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ရောဂါများစွာ၊ အထူးသဖြင့် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကန်စွန်းရွက်ရဲ့ တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့-
- ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
- ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။
- ဗောက်ထတာနဲ့ အရေပြား ပြဿနာတွေအတွက် အသုံးဝင်ပါတယ်။
- အနာတွေကို သက်သာစေပါတယ်။
- နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။
ကြယ်စင်
Ref: Good Health
https://www.facebook.com/notes/health-articles