ကွန်ပျူတာသုံးသူများအတွက်သိသင့်သည့်အချက်များ

** စိတ်ကျန်းမာမှ ချမ်းသာရ…

…စိတ်သည် အရာရာတိုင်းကို ဦးဆောင်နိုင်သည်။
“ စိတ်ဆန္ဒသာ
ပြင်းပြပါစေ၊ မပြီးမြောက်နိုင်သောကိစ္စဟူ၍ မရှိ ” တဲ့။
စိတ်တစ်လုံးဆောင်မှသာ မိမိရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ကျွန်မတို့၏ နေ့စဉ်ဘ၀များတွင် စိတ်ချမ်းသာမှုမရှိဘဲ နေထိုင်ရပ်တည်နေရမည်ဆိုပါက ဘ၀သည်
အဓိပ္ပါယ် ကင်းမဲ့နေမည်မှာ အမှန်ပင်ဖြစ်သည်။ စိတ်သည် လူတိုင်း၏ ကျန်းမာရေးအတွက်
အဓိကသော့ချက်နေရာမှ ပါဝင်နေသည်။ “ စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်လေတော့ ကိုယ်လွင့်”
ဆိုသကဲ့သို့ စိတ်ကြောင့် ခန္ဓာကိုယ်မှာ ရောဂါကပ်ရောက်သော သာဓကတွေ များစွာရှိပါသည်။
ရင်ကျပ်၊ ပန်းနာ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတို့သည် စိတ်က ရုပ်အပေါ်ကို
လွမ်းမိုးမှုကြောင့်ဖြစ်ပွားလာသည်မှာ ထင်ရှားပါသည်။ ရုပ်ပိုင်းဆိုင်ရာတစ်ခုခု ချို့ယွင်းပါက
ဆေးစား၊ ဆေးသောက်၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် ကုစားလျှင် အမြန် ပြန်လည်၍ ကောင်းမွန်လာနိုင်သည်။
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိပါက ကုသရန် မလွယ်ကူလှပါ။ စိတ်ကို စိတ်ဖြင့်သာ ကုသ၍ ရသည်။
စိတ်ဒဏ်ရာအား ကုသပျောက်ကင်းရန် အချိန်များစွာ ပေးရပေလိမ့်မည်။ ထို့ကြောင့် စိတ်ကျန်းမာရေးကို
များစွာဂရုစိုက်ရမည်။ စိတ်ကျန်းမာမှသာ ကိုယ်ခန္ဓာကျန်းမာနိုင်မည်။ ကိုယ်စိတ်နှစ်ပါးလုံး
ကျန်းမာမှသာလျှင် ချမ်းသာခြင်း အစစ်အမှန်ကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

…စိတ်ချမ်းသာမှု နှင်းမှုန်လေးများနှင့်တွေ့လျှင် အေးမြခြင်းကို ခံစားရသကဲ့သို့
စိတ်ဆင်းရဲမှု မီးတောင်ကြီးကို ကျော်ဖြတ်နေရသည့်အချိန်များသည် မီးခဲငုံထားရသကဲ့သို့
ပူလောင်လှစွာ ခက်ခက်ခဲခဲ ဖြတ်သန်းရပြန်သည်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးဆက်ဆံရေး စသဖြင့် မိမိတို့လုပ်ဆောင်နေရသည့်ကဏ္ဍတိုင်းတွင်
ပျော်ရွှင် ကြည်နူးဖွယ်ရာ တိုးတက်အောင်မြင်မှုများရှိသကဲ့သို့ ကြေကွဲဝမ်းနည်းဖွယ်ရာ ရှုံးနိမ့်မှုများနှင့်လည်း ကြုံတွေ့နေကြရပါသည်။ အရာရာ အဆင်ပြေ ချောမွေ့နေသောအခါများတွင် မိမိကိုယ်ကို ယုံကြည်မှုများ နှင့်အတူ အားတက်ရွှင်လန်းမိသည်။ ရှေ့ဆက်လျှောက်လှမ်းရမည့် ဘ၀ခရီးအတွက် စီမံကိန်းများ ချမှတ်ကာ အနာဂါတ် မျှော်လင့်ချက်များဖြင့် အရာရာကို ရင်ဆိုင်လိုသောစိတ်များ ထက်သန်လာရပါသည်။ ဒါကအောင်မြင်မှုများ ရနေချိန်တွင် ချမ်းသာပျော်ရွှင်နေတတ်သော စိတ်သဘာဝတစ်ခုဖြစ်မည်ထင်ပါသည်။ ထိုစိတ်ကပင် အရှုံးများနှင့် ရင်ဆိုင်ကြုံတွေ့လာရသည့်အခါများတွင် စိတ်ဓါတ်ကျတတ်ပြန်သည်။ မိမိကိုယ်မိမိ ရှုံးနိမ့်မှုအတွက်
သိမ်ငယ်စိတ်၊ အားငယ်စိတ်များဖြင့် ညှိုးနွမ်းရပြန်သည်။ စိတ်ဓါတ်ကြံ့ခိုင်သည် ဆိုသူများသည်ပင်
လောကဓံ၏ ရိုက်ခတ်မှု၊ လှိုင်းတံပိုးများနှင့် ကြုံဆုံလာရသောအခါ ခံနိုင်ရည်ရှိအောင် ကြိုးစားရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပါ။

…စိတ်၏ ဖြစ်တည်မှု၊ စဉ်းစားတွေးခေါ်မှု၊ ထွေပြားဆန်းကြယ်မှု၊ အပြောင်းအလဲ မြန်ဆန်မှု၊ တည်ငြိမ်
အေးချမ်းစွာနေလိုမှုနှင့် စေလိုရာစေခိုင်းတတ်သော၊ ထိန်းချုပ်ရန် ခက်ခဲသော စိတ်တွင်းဖြစ်စဉ်များသည်
စက္ကန့်တိုင်း၊ မိနစ်တိုင်း အချိန်နှင့်အမျှ ပြောင်းလဲနေသော စိတ်၏သဘော၊ သဘာဝကို သိမြင်စေပါသည်။ ကျွန်မ၏စိတ်တွင်းဖြစ်စဉ်နှင့် ပတ်ဝန်းကျင်ရှိ အခြားသူများ၏ စိတ်နေသဘောထား ပြောင်းလဲမှုများစွာကိုလည်း
စိတ်ဝင်စားစွာဖြင့် စူးစမ်း လေ့လာနေမိမြဲ ဖြစ်ပါသည်။ ကျွန်မအများဆုံးတွေ့ထိ ခံစားရသည်က စိတ်နေသဘောထား မြင့်မြတ်သော၊ ရင့်ကျက် တည်ငြိမ် အေးဆေးသော၊ အရာရာကို အကောင်းမြင်သော စိတ်ဖြင့် ရှုမြင်တတ်သော၊ စိတ်ကောင်းနှလုံးကောင်း ရှိကြသည့် ဆရာသမားကောင်းများ၏ မွန်မြတ်သော စိတ်ဖြင့် လုပ်ဆောင်မှုများပင်
ဖြစ်ပါသည်။ ဆရာသမားများ၏ စိတ်ငြိမ်းအေးစွာထားတတ်မှု၊ ပျော်ရွှင်သောစိတ်ထားဖြင့် အရာရာကို
ရင်ဆိုင်တတ်မှုများသည် ကျွန်မအား ကောင်းသောစိတ်အစဉ်ကို မွေးဖွားရန် အားဖြစ်စေပါသည်။ ကိုယ်ကျိုးအတွက်
မဟုတ်ဘဲ အများကောင်းကျိုး သယ်ပိုး ဆောင်ရွက်ခြင်းများသည် မိမိစိတ်ကို ကြည်နူးချမ်းမြေ့စေနိုင်ကြောင်းကို သိမြင်စေပါသည်။

…အချို့သူများသည် မိမိကိုယ်ကို အလွန်ထိန်းချုပ်စောင့်စည်းတတ်ကြသည်။
စိတ်ပျော်ရွှင်ဖွယ်ရာကိစ္စများနှင့် ကြုံတွေ့ရလျှင်လည်း လွတ်လပ်ပေါ့ပါးစွာ မပျော်ရွှင်တတ်ကြပေ။ အဆင်မပြေသည့်ကိစ္စများနှင့် တွေ့ကြုံ ရလျှင်လည်း မကျေနပ်စိတ်များကို မြိုသိပ်ထားတတ်ကြသည်။ ထိုသို့မကျေနပ်သည့်စိတ်များ၊ အလိုမကျ သည့်စိတ်များ၊ အလွန်အမင်း ထိန်းချုပ်တတ်လွန်းသည့်
စိတ်များသည် အချိန်ကြာလာသည်နှင့်အမျှ မိမိ၏ မသိစိတ်တွင် တဖြည်းဖြည်းကြီးထွားလာပြီး စိတ်ရောဂါများဖြစ်လာတတ်သည်ကို ကျွန်မ၏ချစ်ခင်ရင်းနှီးသောသူများစွာတွင် ကိုယ်တိုင်တွေ့ကြုံခဲ့ရဖူးပါသည်။ အချို့သူတို့သည် စိတ်ရောဂါဖြစ်နေသည်ကို သူတို့ကိုယ်တိုင် မသိပါ။ ၄င်းတို့၏မိသားစု
အသိုင်းအ၀ိုင်းများကလည်း မရိပ်မိသည့်အခြေအနေမျိုး ဖြစ်နေတတ်သည်။ သူတို့ကိုယ်တိုင်
စိတ်ရောဂါဖြစ်နေမှန်း သိသည့်အချိန်တွင် ရောဂါမှာ အပြင်းစား အဆင့်ရောက်နေပြီး ထိုအခါမှ
ဆေးပြင်းများ သောက်ရခြင်း၊ ဆေးရုံတက် ကုသရခြင်းများသည် ကာယကံရှင်နှင့်
၎င်း၏မိသားစုများအား စိတ်ဆင်းရဲခြင်းဒုက္ခကို ပို၍ဖြစ်စေသည့်အပြင် ၀န်ထုပ်ဝန်ပိုးတစ်ခုသဖွယ်လည်းဖြစ်စေပါသည်။ ဤကဲ့သို့ ဆိုးရွားလှသည့်
စိတ်ရောဂါဝေဒနာအား မည်သူ့ကိုမျှ မခံစားစေလိုသော စေတနာဖြင့် ဤပိုစ့်အား ရေးသားခြင်းဖြစ်ပါသည်။
…ထို့ကြောင့် ကျွန်မတို့သည် စိတ်ညစ်စရာများ ကြုံတွေ့လာရပါက စိတ်ကိုတတ်နိုင်သမျှ ထိန်းသိမ်း၍
ပျော်ပျော်နေတတ်အောင် ကြိုးစားကြရပေမည်။ သောကစိတ်ကို ထိန်းချုပ်နိုင်ရပေမည်။ စိတ်ညစ်နေသော
အာရုံအား ပြောင်းလဲပစ်ရမည်။ အလည်အပတ်ခရီးသွားခြင်း၊ ပျော်ပွဲရွှင်ပွဲများသို့သွားခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ သီချင်းနားထောင်ခြင်း၊ သူငယ်ချင်းများနှင့် ၀ိုင်းဖွဲ့စကားပြောဆိုခြင်းတို့သည် စိတ်အာရုံကို အပြောင်းအလဲ
ဖြစ်စေသဖြင့် စိတ်ညစ်နေချိန်များတွင် လုပ်ဆောင်သင့်ပါသည်။ မိမိတစ်ဦးတည်း တွေးချင်ရာတွေး၊
ငေးချင်ရာငေးပြီး စိတ်ဆင်းရဲနေမည့်အစား ခင်မင်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများအား
မိမိခံစားချက်များ မျှဝေခံစားစေခြင်းဖြင့် သောကများကို လျော့နည်းသွားစေနိုင်ပါသည်။

…အချို့ကား ရုတ်တရက်ကြုံတွေ့လိုက်ရသောကိစ္စများကြောင့် စိတ်ထိခိုက်သွားသည်။ စဉ်းစားချင့်ချိန်ရန်
အချိန်မပေးနိုင်တော့ပေ။ ထို့ကြောင့်စိတ်ညစ်စရာများ တွေ့ကြုံလာရပါက တဖြည်းဖြည်း စဉ်းစားချင့်ချိန်၍
စိတ်တွင်ဖြေသိမ့်နိုင်အောင် ကြိုးစားရပေမည်။ မိမိအလုပ်အကိုင်တွင် အမှားအယွင်းများရှိလာပါက
စိတ်ညစ်စရာများဖြစ်လာတတ်သည်။ ထို့ကြောင့် မည်သည့်ကိစ္စတွင်မဆို စဉ်းစဉ်းစားစားဖြင့်
ဖြည်းဖြည်းမှန်မှန် လုပ်ကိုင်သွားရန်လိုသည်။ ယင်းသို့လုပ်ကိုင်ခြင်းဖြင့် အတိမ်းအစောင်း
အမှားအယွင်း တွေ့ကြုံနိုင်စရာ မရှိတော့ပေ။ တွေ့သည့်တိုင်အောင် ဆိုးဆိုးရွားရွား မဖြစ်နိုင်ပေ။

…လူ့ဘ၀သက်တမ်းတစ်လျှောက်တွင် အခက်အခဲများသည် အမြဲတစေ ရှိနေတတ်သည်။
“ ရေပတ်လည် ၀ိုင်းရံလျက်ရှိသော ကုန်းမြေကိုကျွန်း…’’
ဟုခေါ်သကဲ့သို့ အခက်အခဲများ ၀ိုင်းရံလျက်ရှိသော သတ္တ၀ါကို “လူ” ဟုခေါ်သည်ဟု ဆိုရပေလိမ့်မည်။
စိတ်အနှောက်အယှက်ဖြစ်မှု၊ အခက်အခဲ အကျပ်အတည်းတွေ့မှုများကို ဘ၀ တစ်လျှောက်တွင်
အမြဲတမ်းရင်ဆိုင်နေရမည်။ ဘ၀အစမှ ဘ၀နိဂုံးချုပ်သည့်တိုင်အောင် ဤကိစ္စများကို မလွဲမသွေ
တွေ့ဆုံနေကြရမည်ဖြစ်ပေသည်။ ယင်းသို့နိယာမတရားဖြစ်သော အခက်အခဲ အကျပ်အတည်း
များကို တွေ့ကြုံရတိုင်း စိတ်ညစ်နေရန်မလို။ ၄င်းတို့ကို ကြိုးစား၍ ကျော်လွှားဖြတ်သန်းရမည်။

…အခက်အခဲသည် နေရာတိုင်းတွင်ရှိနေသည်။ လူသည် ဦးနှောက်ဖြင့်စဉ်းစား၍ ခန္ဓာကိုယ်နှင့်
ရင်းနှီင်္းကာလှုပ်ရှားရုန်းကန်နိုင်၏။ ဇွဲ၊ လုံ့လ၊ ၀ီရိယရှိသောလူတို့သည် အခက်အခဲကြုံတွေ့ရသော်လည်း
ပြေလည်အောင် ဖြေရှင်းနိုင်သော အစွမ်းအစရှိကြသည်။ အခက်အခဲဆိုသည်မှာလည်း လူ့ဘ၀အတွက် ရုန်းကန်ရန်
ခွန်အားကို ဖြစ်စေသည်။ အခက်အခဲတွေ့တိုင်း၊ ပြဿနာရင်ဆိုင်ရတိုင်း
စိတ်ညစ်နေရန်မလိုပေ။
စိတ်ညစ်နေလျှင် အလုပ်မပြီး။ စိတ်ပျော်လက်ပျော်နှင့် ကိုယ်တွယ်ဖြေရှင်းရန်သာလျှင် အကြောင်းရှိသည်။
သတ္တိမွေးကာ အခက်အခဲဟူသမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမည်။ “ဒုက္ခပါဘဲ” ဟု ညည်းတွားကာ မျက်နှာကို
ရှုံမဲ့နေရုံမျှဖြင့် ပြဿနာသည် ပြေလည်မသွားပေ။ အခက်အခဲ အစိုင်အခဲသည် ပြေပျောက်မသွား။
ရင်ဆိုင် ယှဉ်ပြိုင်၍ အနိုင်ယူမှသာလျှင် အခက်အခဲကို ကျော်လွှားနိုင်သည်။ အခက်အခဲမှ ဖြတ်ကျော်အနိုင်ရလျှင်
ပျော်ရွှင်သည်။ လူ့ဘ၀တွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရန်မှာ အရေးကြီးဆုံးအချက်ပင်ဖြစ်သည်။

…လူပျင်းလူညံ့တို့၏ သဘောကား စိတ်ဓါတ်ပျော့ညံ့၏။ စိတ်ဓါတ်ပျော့ညံ့လျှင် စိတ်ဓါတ်ကျဆင်းကာ အားငယ်
လာတတ်ကြသည်။ ဤတွင်စိတ်ဆင်းရဲကာ စိတ်သောက ရောက်ကြကုန်၏။ ထိုအခါ ပျော်ရွှင်မှုနှင့် ကင်းဝေးကြ
ရလေသည်။
“ လူ့ဘ၀သည် မျက်ရည်နှင့် ရယ်မောခြင်းတို့အကြားတွင် တည်ရှိနေသည်…”ဟု ခါလေလ်ဂျီဘယန်းက
ဆိုခဲ့သည်။ လူသားများသည် သုခ၊ ဒုက္ခနှစ်မျိုးစလုံးကို ပြုလုပ်နေသူများဖြစ်ကြ၏။ ကံကြမ္မာသည်
သူ့လမ်းအတိုင်းရှိသည်။ ကံကောင်းခြင်း၊ ကံဆိုးခြင်းဆိုသည်မှာ မြင်နိုင်စွမ်းသောအရာမဟုတ်။
ကံဆိုးခြင်းသည် သောကရောက်စေ၏။ ကံကောင်းခြင်းသည် ပျော်ရွှင်စေ၏။ စိတ်ထဲမှာ တွေးတောရာ၌
ကံကြမ္မာကို ရိုးမယ်ဖွဲ့ကာ အဆိုးချည်းသက်သက်တွေးနေလျှင် ကံဆိုးသည်ဟု စိတ်စွဲလာမည်။ စိတ်ပူပင်
သောကရောက်လာမည်။

…စိတ်တွင် ကြည်ကြည်လင်လင်တွေးတောကာ “ ကံကောင်းပြီ ” ဟုယူဆလျှင်
စိတ်သောကမရောက်နိုင်ပေ။ စိတ်အစွဲအလမ်းတစ်ခုခု၏
အကောင်းဖက်ကို လှည့်ထားပြီး သောကကို လုံးဝမေ့ဖျောက်ထားလျှင် ပျော်ရွှင်မှုသည်
အလွယ်တကူရောက်ရှိလာတတ်ပေသည်။ သောကပျောက်ကွယ်စေရန် စိတ်ကူးပြောင်း ပေးရန်လိုသည်။ စိတ်အစွဲအလမ်းဖျောက်ကာ စိတ်ညစ်စရာများကို တွန်းလှန်ဖယ်ရှားပြီး စိတ်ပြေ လက်ပျောက် ဖြစ်စေရမည်။ သောကပျောက်ကွယ်သွားလျှင် စိတ်ညစ်ခြင်းမရှိတော့ဘဲ ပျော်ရွှင်လာပေမည်။

…လူသားတစ်ဦးအနေဖြင့် စိတ်တိုစရာကိစ္စများ၊ ဒေါသဖြစ်စရာကိစ္စများနှင့်လည်း ကြုံတွေ့ရမည်။ လက်လွတ်ဆုံးရှုံးစရာကိစ္စများနှင့်လည်း ရင်ဆိုင်ရမည်။ စိုးရိမ်ပူပန်စရာကိစ္စများနှင့်လည်း အချိန်မရွေး ထိပ်တိုက်တွေ့ကြုံနိုင်သည်။ ထိုသို့ကြုံတွေ့လာသောအခါများတွင် မိမိကိုယ်မိမိ သတိဖြင့် ဖြေသိမ့်တတ်ရမည်။ ခွင့်လွတ်သင့်သည့်အရာများကို ခွင့်လွတ်နိုင်ရမည်ဖြစ်ပြီး လက်လွတ်သင့်သည့်အရာများကိုလည်း
လက်လွတ်နိုင်အောင် ကြိုးစားသွားရပေမည်။
…ငယ်စဉ်ခလေးဘ၀မှသည် အိုမင်းရင့်ရော်ချိန်ထိ အရွယ်မရွေး စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးရမည်။
ခလေးဘ၀ကပင် မိဘများနှင့် ဆရာ.ဆရာမများက မိမိခလေးအကျင့်စရိတ္တ ကောင်းမွန်တိုးတက်ရေး၊
အသိအမြင် မှန်ကန်ရေးအတွက် အနီးကပ် ဂရုစိုက်၍ လမ်းညွှန်မှုပေးနေရမည်။

…အပျိုဖော်၊ လူပျိုပေါက်အရွယ်ရောက်သည့်အခါတွင်လည်း ဟိုမုန်းဓါတ်အပြောင်းအလဲများကြောင့် တက်ကြွမှု
လွန်ကဲခြင်း၊ ပူပင်သောကများခြင်း၊ အထီးကျန်ဝေဒနာခံစားရခြင်း စသည့် အပြုအမူပိုင်းဆိုင်ရာ
စိတ်ဓါတ် ပြောင်းလဲလာမှုများကို သတိမူပေးရမည်။

…လူလတ်ပိုင်းအရွယ်တွင် အလုပ်တာဝန်များပြားခြင်းကြောင့် အလုပ်၏ ဖိစီးမှုဒဏ်ခံစားရခြင်း၊
အိမ်ထောင်ပြု၍ အလုပ်ကတစ်ဖက်၊ ခလေးငယ်ပြုစု စောင့်ရှောက်ခြင်းကတစ်ဖက်နှင့် စိတ်ဖိစီးမှု
တိုးလာခြင်းများသည် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ခလေးအရွယ်၊ ကြီးကောင်ဝင်သည့်အရွယ်၊
လူလတ်ပိုင်းအရွယ် များတွင် အပြောင်းအလဲများကြောင့် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သကဲ့သို့
သက်ကြီးပိုင်း အရွယ်တွင်လည်း ဟိုမုန်းအပြောင်းအလဲကြောင့် ၀မ်းနည်းခြင်း၊ မိမိခင်ပွန်းအပေါ်၊
သားသမီးများအပေါ်တွင် ယခင်ကကဲ့သို့ မပြုစု မလုပ်ပေးနိုင်တော့သည်ကို အားငယ်ခြင်း၊
အားမလို အားမရဖြစ်ခြင်း၊ စိတ်အလိုမကျ ဖြစ်တတ်ခြင်းများကို တွေ့ရကြောင်း ကျန်းမာရေးဆောင်းပါးများတွင်
ဖတ်ခဲ့ရဖူးပါသည်။ စိတ်ဓါတ်ပြင်းထန် ထက်မြက်သော လူကြီးလူအိုများသည် ပင်စင်ယူသွားသောအခါများတွင် စိတ်ကျရောဂါများဖြစ်တတ်ကြသည်။


…အမေရိကန် စိတ်ကျန်းမာရေး အဖွဲ့အစည်းမှလည်း စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်တိုးတက်စေရေးအတွက် လိုက်နာသင့်သည့်အချက်များအား လမ်းညွှန်မှုပြုထားသည်ကို ဖတ်ခဲ့ဖူးပါသည်။
(၁) အာဟာရပြည့်ဝစွာ စားသောက်ခြင်း ၊
(၂) နှစ်ခြိုက်စွာ အိပ်စက်ခြင်း ၊

(၃) စိတ်ဖိစီးမှု လျော့ချခြင်း ၊
(၄) ပြဿနာအများစုနှင့် ကင်းဝေးအောင် နေထိုင်ခြင်း ၊
(၅) မိမိစိတ်ကို ထိန်းချုပ်ခြင်း ၊
(၆) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း ၊
(၇) ဈေးဝယ်ထွက်ခြင်း ၊
(၈) တရားထိုင်ခြင်း ၊
(၉) အများအကျိုး များများဆောင်ရွက်ခြင်း ၊


*** Tips For Mental Health…
(၁) ယုံကြည်မှုကို တည်ဆောက်ပါ ၊

(၂) အခက်အခဲတွေကို လက်ခံလိုက်ပါ ၊
(၃) မိသားစု (သို့) သူငယ်ချင်းများအတွက် အချိန်ယူပါ ၊

(၄) ၀င်ငွေထွက်ငွေ မျှတပါစေ… ၊
…လိုအပ်တာတွေထက် လိုချင်တာတွေအတွက် အသုံးအစွဲကြီးခြင်းဟာ
ငွေကြေးပြဿနာကို အဓိက
ဖန်တီးပေးတဲ့ တရားခံပါဘဲ။
(၅) စေတနာဝန်ထမ်း လုပ်ဆောင်ပါ… ၊
…စေတနာ့ဝန်ထမ်းအလုပ်တွေဟာ ၀င်ငွေရတဲ့လုပ်ငန်းမဟုတ်ပေမယ့် အသင်းအဖွဲ့တွေကနေ
ပြန်ရတဲ့ ပျော်စရာကောင်းတဲ့ စိတ်ကျေနပ်နှစ်သိမ့်မှုဟာ ဘာနဲ့မှ လဲလို့မရနိုင်တဲ့
ပျော်ရွှင်မှုတစ်မျိုးပါဘဲ။
(၆) Stress ကို ကိုင်တွယ် ဖြေရှင်းပါ ၊
(၇) ကြံ့ခိုင်ခြင်းနှင့် ခွန်အားကို ရှာပါ… ၊

…မိမိချစ်ခင်ရင်းနှီးသော မိတ်ဆွေများကို မိမိပြဿနာများ ဝေငှခံစားစေပါ။
ဆွေးနွေးတိုင်ပင်ပြောကြားပါ။

(၈) ကဏ္ဍတွေ ခွဲခြားထားပါ… ၊
…၀မ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ဒေါသဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်းတွေကို အချိန်တိုင်း
ခေါင်းထဲ ထည့်မထားပါနဲ့၊
အပိုင်းလိုက်ထားပါ။
(၉) မိမိကိုယ်ကို ဆန်းစစ်ပါ… ၊
…သင်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ အရင်ဆန်းစစ်ပါ။ ဘာတွေကို သင်ပြောင်းလဲနိုင်သလဲ၊
ဘာတွေကို မပြောင်းလဲနိုင်ဘူးလဲ၊ ဘာတွေ လုပ်ဆောင်မှ သင့်ဘ၀မှာ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုတွေ
ရမှာလဲဆိုတာ ကိုယ့်ကိုယ်ကို သိဖို့ အရေးကြီးပါတယ်။

…လူသည် ပျော်ရွင်မှုကိုလည်း ဖန်တီးသည်။ စိတ်ဆင်းရဲမှုကိုလည်း ဖန်တီးသည်။
“ မည်သူမပြု မိမိမှု” သာလျှင်ဖြစ်ချေ၏။
လူတို့သည် “ လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုသကဲ့သို့
ကြံစည်သင့်သည်ကို ကြံစည်ကြရမည်။ ပျော်ရွှင်မှုကို လိုချင်သည်။
မိမိ၏စိတ်တိုင်းကျဖြစ်စေရန် မိမိကိုယ်တိုင် ဖန်တီးယူရပေမည်။ ၀မ်းနည်းမှုကို တွေ့လျှင်
တတ်နိုင်သမျှစိတ်ကို ထိန်းသိမ်းနိုင်ရမည်။ တရားဓမ္မဖြင့် ဖြေသိမ့်ရမည်။ ၀မ်းသာပျော်ရွှင်စရာရှိလျှင်လည်း
သတိရှိရမည်။
အတိုင်းအဆနှင့် ပျော်ရွှင်ခြင်းသည် မှန်ကန်၏။ သို့ဖြစ်ပေရာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတို့သည်
ခံယူသောသူ၏စိတ်တွင်သာ မူတည်နေပေသည်။ လူတိုင်း စိတ်ချမ်းသာအောင်ထားတတ်၊ ခံယူတတ်မှသာ ကိုယ်ခန္ဓာကျန်းမာခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လောကီလောကုတ္တရာ နှစ်ဖြာသောကောင်းကျိုးကို
စိတ်တိုင်းကျ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ချမ်းသာခြင်းအစစ်အမှန်ကို ရရှိစေရန်
စိတ်ကျန်းမာရေးကို အလေးအနက်ဂရုပြုသင့်ပါကြောင်း ကမ္ဘာသစ်သူငယ်ချင်းများအားလုံးအား
မျှဝေပေးလိုက်ပါသည်။

…Ref; People Magazine & ပျော်ရွှင်မှုနည်းပညာ ( စိုးထိုက် )…

…သူငယ်ချင်းများအားလုံး စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာကြပါစေ…

မေတ္တာဖြင့်…
အေးအေးမိုးမိကူး
(၈.၁၀.၂၀၁၀)

လူငယ်နဲ့ ပညာသည်စိတ်

တစ်လောက ကျောင်းသားဟောင်းနှစ်ဦး ရောက်လာပြီး ကိစ္စတစ်ခု တိုင်တည်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က သူငယ်ချင်း ၅ ယောက် အချိုးညီ အစုငွေထည့်ပြီး တည်ထောင်ခဲ့ကြတဲ့လုပ်ငန်းကြီး ပိတ်သိမ်းရတော့မယ့် အခြေအနေ ရောက်နေပြီဖြစ်ကြောင်း ပြောပြရင်း ကျန်သူ ၃ ယောက် ပြောမရ ဆိုမရ ထင်ရာစိုင်းတက်ပုံတွေအကြောင်းပါ တိုင်ပါတယ်။   သူတို့ ၅ ယောက်စလုံး ရင်းနှီးတဲ့တပည့်တွေ ဖြစ်တဲ့အတွက် လုပ်ငန်းလုပ်ကြဖို့ စိတ်ကူးရကြတဲ့ အချိန်ကတည်းက အစအဆုံး တိုင်ပင်ကြပါတယ်။ သူငယ်ချင်းချင်း ဘယ်လောက်ပဲ ရင်းနှီးလည်း စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုရင် စီးပွားရေးနဲ့ တူအောင် ကတိဝန်ခံချက်စာချုပ်စာတမ်းနဲ့ တိတိကျကျ လုပ်ကြဖို့ သတိပေး ပါတယ်။ တစ်ဦးချင်းရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်များ ကိုလည်း စာနဲ့ရေးသားချမှတ်ပြီး သဘောတူ လက်မှတ်ရေးထိုး ဖို့လိုကြောင်းလည်း ပြောပြပါတယ်။ “အချင်းချင်းတွေပဲ ဒီကိစ္စလောက်က ပြောစရာမလိုပါဘူး” ဆိုတဲ့ စကားကို လုံးဝရှောင်ကြဉ်ဖို့လိုကြောင်းလည်း သေသေချာချာ မှာကြားပါတယ်။
            လူငယ်များပီပီ စိတ်အားထက်သန်စွာနဲ့ လုပ်ငန်းစတင်ထူထောင်ပြီး ၅ ယောက်စလုံး တက်ညီလက်ညီ လုပ်ကိုင်ကြပါတယ်။ သိန်းထောင်ချီ မတည်ခဲ့တဲ့ သူတို့လုပ်ငန်းလည်း တော်တော်လေးအသားကျသွားပါပြီ။ ဟော.. အခု ၅ နှစ်ကြာတော့ ပိတ်သိမ်းပစ် ရပါတော့မယ်တဲ့။ လုပ်ငန်းက သိပ်ပြီးအခြေအနေ ဆိုးဆိုးရွားရွားကြီးဖြစ်နေတာ မဟုတ်ပေမယ့် သူငယ်ချင်း ၅ ယောက်က ညှိနှိုင်းလို့ မရအောင် စိတ်ဝမ်းကွဲနေကြတော့ ဆက်လုပ်လို့ မဖြစ်နိုင်တော့ဘူးလို့ ပြောကြပါတယ်။
            သူတို့လာပြီး သိပ်မကြာခင်ရက်ပိုင်းလောက်အတွင်းမှာပဲ တခြား  ၃ ယောက် ရောက်လာကြပြီး အလားတူ တိုင်တန်းကြပါတယ်။ ထုံးစံအတိုင်း တစ်ဖက်က ၂ ယောက်ကို အပြစ်တင်ကြပါတယ်။ သူတို့အခြေအနေက တော်တော် တင်းတင်းမာမာ ဖြစ်နေကြပါပြီ။ ပုဂ္ဂိုလ်ရေးနဲ့ ငွေကြေးအရှုပ်အရှင်း ကိစ္စတွေလည်း တော်တော်များများ ဖြစ်နေတာဆိုတော့ စေ့စပ်ဖြန်ဖြေလို့ ရနိုင်ဖွယ် မရှိတော့ဘူးလို့ ယူဆမိတယ်။ စေ့စပ်ပေးလည်း အခိုက်အတန့်သာ ခံမယ့် အခြေအနေထိ ရောက်နေပါပြီ။ အဲဒါကြောင့် စေ့စပ်ဖြန်ဖြေဖို့ မကြိုးစားတော့ဘဲ လုပ်ငန်းတစ်ခုလုံးကို စနစ်တကျနဲ့ လက်လွှဲရောင်းချပြီး သဘောတူ စာချုပ်ရှိတဲ့အတိုင်း အညီအမျှ ခွဲဝေယူကြဖို့ စာရင်းစစ်များး ရှေ့နေများနဲ့ တိုင်ပင်လုပ်ဆောင်ကြဖို့သာ ပြောလိုက်ပါတယ်။
            တပည့်ကျောင်းသူကျောင်းသားတွေချင်း ကျောင်းသားဘ၀ ရင်းနှီးချစ်ခင်ကြရာက စီးပွားရေးလက်တွဲလုပ်ဆောင် ကြတာမျိုး ၁ ဒါဇင်ထက်မနည်း ရှိခဲ့တာကို သတိထားမိပါတယ်။ ၀မ်းနည်းစရာကောင်းတာက နောက်ဆုံးမှာ အမုန်းနဲ့ အဆုံးသတ်သွားကြတာချည့်ပါပဲ။ မအောင်မြင်လို့ သူ့အပြစ်တင် ကိုယ့်အပြစ်တင်လုပ်ပြီး လမ်းခွဲသွားကြတာမျိုးတွေ ရှိသလို၊ အောင်မြင်ကြီးပွားနေရာက ရုတ်တရက်ကြီး လမ်းခွဲပိတ်သိမ်းသွားတာမျိုးလည်း တွေ့ခဲ့ဖူးပါတယ်။ ဆုံးရှုံးရတဲ့ အခါမှာ သူ့အပြစ် ငါ့အပြစ် ပြောတတ်ကြသလိုပဲ အောင်မြင်တဲ့ အခါမှာလည်း ငါတော်လို့ ငါလုပ်လို့ဖြစ်တာ သူ့ကြောင့် ဖြစ်တာမဟုတ်ဘူး ဆိုတဲ့ အသားယူမှုမျိုးတွေကြောင့် စည်းလုံးမှု ပျက်ပြား သွားရပါတော့တယ်။
            တစ်ခါကလည်း တပည့် ၃ ယောက်ပေါင်းပြီး မြို့လယ်လမ်းမကြီးပေါ်မှာ စားသောက်ဆိုင်ကြီးတစ်ဆိုင် ဖွင့်ပါတယ်။ ကြာတော့ကြာပါပြီ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကဆိုတော့ ခုလောက် စားသောက်ဆိုင်တွေ မပေါလှသေးပါဘူး။ ရန်ကုန်ပေါက် တရုတ်ဟင်းချက်ဆရာက တော်တော်ကျွမ်းကျင်တာကြောင့် လက်ရာကောင်းတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဆိုင်လည်း အမြဲတမ်း လူစည်ကားနေပါတယ်။ ဆိုင်ရှင်တွေကလည်း တက္ကသိုလ်ကျောင်းပြီးခါစ လူငယ်လေးတွေဆိုတော့ တက္ကသိုလ်ကျောင်းသူကျောင်းသား သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ပါပဲ။ အဲဒီလို သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ လာစားလိုက်ကြ၊ ဖိတ်ပြီးကျွေးလိုက်ကြနဲ့ပဲ ၅ နှစ်လောက် ကြာတော့ အရင်းပျောက်ပြီး ဆိုင်ပိတ်သွားပါတော့တယ်။ လူစည်ကား အောင်မြင်နေပေမယ့် စည်းမရှိဝါးမရှိ ပျော်ပွဲစားထွက်သလို အလှူကြီးပေးနေသလိုမျိုးဆိုတော့ ဘယ်ခံနိုင်တော့မလဲ။ အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်တတ်ကြတာကိုး..။
            စားသောက်ဆိုင်အကြောင်း တွေးမိတော့ သူတို့နဲ့ ဆန့်ကျင်ဘက် စားသောက်ဆိုင်တစ်ဆိုင်ကိုပါ ပြန်ပြီး အမှတ်ရမိပါတယ်။ တပည့်မလေး တစ်ယောက်ရဲ့အဖေနဲ့ မိတ်ဆွေများ အစုစပ်ဖွင့်ကြတဲ့ဆိုင်ပါ။ ဆိုင်ဖွင့်စမှာ တပည့်မလေးရဲ့ အဖေက ဖိတ်ကျွေးလို့ ကျောင်းသူကျောင်းသား ၁၀ ယောက်လောက်နဲ့ သွားစားကြပါတယ်။ ကောင်းပေ့ဆိုတဲ့ ဟင်းတွေ ဆယ့်လေးငါးမျိုးလောက်နဲ့ ရက်ရက်ရောရောကျွေးပါတယ်။ တော်လောက်ပါပြီလို့ ပြောလို့ကို မရပါဘူး။ တစ်မျိုးပြီးတစ်မျိုး ရောက်လာတော့တာပါပဲ။ အားလုံးစားသောက်ပြီးတဲ့အခါကျတော့ ဖိတ်ကျွေးတဲ့ကျောင်းသူလေးက သူ့အဖေထိုင်နေတဲ့ကောင်တာမှာ သွားပြီးငွေရှင်းတာကို တအံ့တသြတွေ့ရပါတယ်။ သမီးစားပွဲရှိရာ ပြန်လာတော့ အဖေက ကောင်တာက ထလိုက်လာပြီး စားသောက်ကောင်းရဲ့လားလို့ ပဋိသန္ဓာရစကား ဆိုရင်း နှုတ်ဆက်ပါတယ်။
            သူတို့စားသောက်ဆိုင်ဟာ လေးငါးနှစ်အတွင်းမှာ အထူးအောင်မြင်ပြီး ရန်ကုန်မြို့နေရာအနှံ့အပြားမှာ ဆိုင်ခွဲတွေ အတော်များများ ဖွင့်နိုင်သွားပါတယ်။ အလုပ်ကို အလုပ်နဲ့တူအောင် စည်းစနစ်နဲ့လုပ်ကြတော့ အောင်မြင်မှာပေါ့..။ ကိုယ်ဖိတ်ကျွေးတဲ့ဧည့်သည်အတွက် ကျသင့်ငွေကိုတောင် ကိုယ့်အိတ်ထဲက ထုတ်ပေးကြတာလေ။ ဆိုင်ပိုင်ရှင်ဆိုပေမဲ့ ကိုယ့်တစ်ဦးတည်းပိုင်မဟုတ်၊ အစုစပ်လုပ်ကြတာမဟုတ်လား။ ဒီတော့ သူ့စည်းကိုယ့်စည်းနဲ့ သတ်မှတ်ပြီး စည်းကမ်းအတိုင်း တိတိကျကျလုပ်ကြတယ်။ အငြင်းပွားစရာမရှိ၊ ပြဿနာမရှိ၊ နှစ်ကာလရှည်ကြာစွာ အတူလက်တွဲပြီး လုပ်နိုင်ပါတယ်။
            ဒီနေ့လူငယ်တွေဟာ အလုပ်ကိုအလုပ်နဲ့တူအောင် စည်းစနစ်ကျကျ လုပ်တဲ့ဘက်မှာ အားနည်းကြပါတယ်။ Professionalism “ပညာသည်စိတ်ဓာတ်” ဆိုတာ တော်တော်များများက ဘာမှန်းမသိကြပါဘူး။ ၀ါသနာအရ အပျင်းပြေသဘောလုပ်သမျိုး ခပ်ပေါ့ပေါ့သာ တချို့က သဘောထားတတ်ကြတယ်။ တချိုံကျတော့လည်း ထမင်းစားဖို့ ငွေရှာဖို့ အလုပ်အကိုင် လုပ်တဲ့သဘောထက် ဘာမှပိုပြီး အလေးအနက် မရှိပါဘူး။
            “ပညာသည် စိတ်ဓာတ်” ဆိုတာ ငွေကြေးရသည့် အလုပ်ဖြစ်စေ မရသည် ဖြစ်စေ ကိုယ့်အလုပ်ကို တန်ဖိုးထား လေးလေး စားစားရှိပါတယ်။ ဘယ်တော့ ဘယ်အခါမဆို ပြီးပြီးရော သဘောမျိုးမလုပ်ပါဘူး။ အလေးအနက် ဂရုတစိုက် လုပ်ပါတယ်။ ကိုယ့်အလုပ် ကိုယ် တန်ဖိုးထားသလို ကိုယ့်ရဲ့ “ပညာသည်ဖြစ်ခြင်း” ကိုလည်း တန်ဖိုးထားပါတယ်။ “ပညာသည်စစ်စစ်” ဟာ ထမင်းတစ်လုပ်အတွက် ကိုယ့်ရဲ့  “ပညာသည်ဘ၀” ကို ရောင်းမစားပါဘူး။ နောက်ပြီးတော့ “ပညာသည်စစ်စစ်” တို့ဟာ တခြားပညာသည် များကို လည်း လေးစားရိုသေပါတယ်။ ငါ့အလုပ်ကမှ မွန်မြတ်တယ်၊ ငါ့အလုပ်ကမှ ပိုအဖိုးတန်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မရှိပါဘူး။
            တိုင်းပြည်တစ်ပြည် တိုးတက်ဖို့၊ လူမျိုးတစ်မျိုး အသရေတင့်ဖို့အတွက် လူငယ်တွေကို “ပညာသည် စိတ်ဓာတ်”ရှိအောင် လေ့ကျင့် ပျိုးထောင်ပေးဖို့ လိုပါတယ်။ ဒါမှ ဘယ်အလုပ်မျိုးမဆို အလုပ်ကိုအလုပ်နဲ့တူအောင် စည်းစနစ်ကျကျ လုပ်တက်ကိုင်တတ်လာမှာ ဖြစ်ကြောင်း နှိုးဆော်လိုက်ချင်ပါတယ်။
            လူထုစိန်ဝင်း

စိုးရိမ်စိတ်များခြင်း (Anxiety)…

…ဘ၀မှာ အောင်မြင်လိုမှုကြောင့် စိန်ခေါ်ရတဲ့ အခြေအနေတွေမှာ စိုးရိမ်စိတ်များတတ်တာဟာ ပုံမှန်အခြေအနေပါ။ စိုးရိမ်စိတ်အနည်းငယ်ရှိတာဟာ သင့်အတွက် ကောင်းပါတယ်။ သင်စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ဖို့ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ရက် အတွင်း အလုပ်တွေ အချိန်မီ ပြီးစီးဖို့၊ ဒါမှမဟုတ် အလုပ်မှာ ရလဒ်ကောင်းတွေရဖို့ တွန်းအားဖြစ်နိုင်ပါတယ်။
…ဒါပေမယ့် စိုးရိမ်စိတ်များလွန်းရင် သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ သင့်ရဲ့နေ့စဉ်ဘ၀ကို ထိခိုက်နိုင်လောက်အောင် စိုးရိမ်စိတ်များနေရင် စိတ်ဓါတ် ကျဆင်းတာ၊ နှလုံးရောဂါနဲ့ အခြားကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်စိတ်များလွန်းတဲ့ အခြေအနေတွေမှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို  ဖော်ပြပေးလိုက်ပါတယ်။

(၁) အသက်ရှုပါ…
…မှန်ကန်စွာ အသက်ရှုတာဟာ စိုးရိမ်စိတ်ကို အဖြေရှင်းနိုင်ဆုံး နည်းလမ်းပါ။ လေးစက္ကန့်ကြာအောင် နှာခေါင်းမှတဆင့် အသက်ရှုသွင်းပြီး ခုနှစ်စက္ကန့်ခန့် ခေတ္တထားထားပါ။ ပြီးမှ ပါးစပ်မှတဆင့် ရှစ်စက္ကန့်လောက် အချိန်ကြာအောင် အသက်ရှုထုတ်ပါ။ တစ်ကြိမ်ကို တစ်မိနစ်ခန့် အချိန်ယူပြီး တစ်နေ့လုံး အသက်ရှုလေ့ကျင့်ခန်း ပုံမှန်လုပ်သွားပါ။

(၂) အဆက်အသွယ်လုပ်ပါ…
…တစ်ယောက်တည်းနေရရင် ပိုပြီး စိုးရိမ်စိတ်များတတ်ပါတယ်။ ဈေး ဒါမှမဟုတ် စာကြည့်တိုက် ဒါမှမဟုတ် ဓမ္မာရုံသွားပြီး လူတွေနဲ့ မိတ်ဆွေဖွဲ့ကာ စကားပြောပါ။ မိမိစိုးရိမ်နေတဲ့အရာတွေကို ဆွေမျိုး ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ဖုန်းပြောပါ။ တွေ့ဆုံပါ။

(၃) တရားထိုင်ပါ…
…တစ်ကြိမ်ကို ၁၅ မိနစ်နှုန်းနဲ့ နေ့စဉ် သုံးကြိမ် ဒါမှမဟုတ် လေးကြိမ် တရားထိုင်ပါ။ တရားထိုင်တာကြောင့် စိုးရိမ်စိတ်ကို
သိသိသာသာ လျှော့ချနိုင်တယ်လို့ သုတေသနပြုလုပ်ချက်တွေအရ သိရပါတယ်။

(၄) လက်ရှိအခြေအနေကိုသာ အာရုံထားပါ…
…ယခင်က ဖြစ်ပြီးတာတွေ ဒါမှမဟုတ် နောက်ဖြစ်လာမယ့်ဟာတွေကို မတွေးပါနဲ့။

(၅) လက်တွေ့အကောင်အထည်ဖော်ပါ…
…သင့်အလုပ်၊ ကျန်းမာရေး ဒါမှမဟုတ် ငွေအတွက် စိုးရိမ်နေရင် အဲဒီပြဿနာတွေ ဖြေရှင်းဖို့ ကြံစည်ပါ။ ငွေစုစာအုပ်လုပ်တာ ဒါမှမဟုတ် လုပ်ငန်းအခြေအနေကို အလုပ်ရှင်နဲ့ ဆွေးနွေးတာတွေ လုပ်ပါ။

(၆) အခြေအနေမှန်ကို သိထားပါ…
…စိုးရိမ်စိတ်များလွန်းရင် အတင်းအချက်အလက် အပြည့်အစုံရနိုင်မှာမဟုတ်ပါဘူး။

(၇) လှုံဆော်မှုပေးတဲ့အရာတွေကို ခေတ္တရပ်ထားပါ…
…စိုးရိမ်စိတ်များလွန်းတတ်သူတွေဟာ လှုံဆော်မှုနည်းနိုင်သမျှနည်းဖို့ လိုအပ်ပါတယ်။ ဖုန်းမဖြေဆိုပါနဲ့၊
ရက်အနည်းငယ်ခန့် သတင်းစာ မဖတ်ပါနဲ့။ T.V သတင်း၊ ရေဒီယိုသတင်း နားမထောင်ပါနဲ့။

(၈) ရေးမှတ်ထားပါ…
…မိမိစိုးရိမ်နေတဲ့ အရာတွေကို စာအုပ်ထဲမှာ ရေးမှတ်ထားတာကြောင့် စိုးရိမ်စိတ် လျော့သွားနိုင်ပါတယ်။

(၉) အိပ်ရေးဝအောင် အိပ်ပါ…
…အိပ်ရာမ၀င်ခင် နာရီဝက်၊ တစ်နာရီအလိုမှာ ဖိစီးမှုများစေတဲ့အရာတွေ မပြုလုပ်ပါနဲ့။ စာဖတ်တာ ဒါမှမဟုတ်
ဟာသ ရုပ်ရှင်ကားတွေ ကြည့်တာ လုပ်ပေးပါ။ အိပ်ရာဝင်ခါနီး နွားနို့ ပူပူနွေးနွေး တစ်ခွက်သောက်ပါ။
နွားနို့မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ် (Tryptophan)ဟာ စိတ်ပြေလျော့မှု ရရှိစေနိုင်ပါတယ်။

(၁၀) ရယ်မောပါ…
…စိုးရိမ်စိတ်များတဲ့ အခြေအနေကို ဟာသတစ်ခုလို သဘောထားပြီး ရယ်မောလိုက်ပါ။

(၁၁) ကိုယ့်ကိုယ်ကိုယ် သိပ်ဂရုမစိုက်ပါနဲ့…
…မိမိကိုယ်ကိုယ် မိမိသိပ်ဂရုစိုက်လွန်းတာတွေ ရပ်လိုက်ပါ။ စိုးရိမ်စိတ်များတဲ့ အခြေအနေကို တွန်းအားအနေနဲ့ မှတ်ယူလိုက်ပါ။

(၁၂) အရက်ရှောင်ပါ…
...ဘီယာ၊ ၀ိုင်နဲ့ တခြားအရက်တွေဟာ စိုးရိမ်စိတ် ပိုများစေနိုင်ပါတယ်။ အရက်ဟာ သောက်ခါစမှာ စိုးရိမ်စိတ်ကို လျှော့ချနိုင်ပေမယ့် အရက်ရဲ့ အာနိသင်မရှိတော့တဲ့အချိန်မှာ စိုးရိမ်စိတ်ပိုများလာတတ်ပါတယ်။ အရက်အမူးလွန်ပြီး နောက်တစ်နေ့မှာ စိုးရိမ်စိတ်တွေ ပိုများတတ်တာကြောင့် အရက်ရှောင်ပါ။ ဒါမှမဟုတ် အရက်ကို အကန့်အသတ်နဲ့သာ သောက်ပါ။

(၁၃) ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ…
…တစ်လမှာ တစ်ကြိမ်ထက်ပိုပြီး အထိတ်တလန့်ဖြစ်တာ ဒါမှမဟုတ် နောက်တစ်ကြိမ် အထိတ်တလန့်ဖြစ်မှာကို စိုးရိမ်ရင်…
…အချိန်အများစုဟာ သင့်အတွက် စိုးရိမ်စိတ်ဖြစ်(စိတ်ပူ)နေရင် ဒါမှမဟုတ် တခြားလူတွေအတွက် စိုးရိမ်စိတ်(စိတ်ပူ)ဖြစ်တဲ့
အခြေအနေ မဟုတ်တာဟာ သင့်အတွက် စိုးရိမ်စိတ်ဖြစ်နေရင်…
…မကြာခဏ အိပ်မပျော်တာ၊ အာရုံစူးစိုက်မရတာ၊ ကြွက်သားတင်းမာတာ၊ ဒါမှမဟုတ် နှလုံးတုန်ရင်ခုန်နေရင်…
…တံတားကူးတာတွေလိုမျိုး ပုံမှန်အခြေအနေတွေမှာ တုန်လှုပ်ချောက်ချားနေရင်…
…စိုးရိမ်စိတ်များတာကို ရင်မဆိုင်ချင်လို့ ဆေးသုံးတာ၊ အရက်သောက်တာ ဒါမှမဟုတ် အစားကြူးတာ ဖြစ်နေရင်…
…ယခင်က ဖြစ်ပြီးတာကို တွေးပူပြီး သောကရောက်နေရင်…
…သင့်စိတ်ဒဏ်ရာရတဲ့ အခြေအနေတွေမှာ သင့်မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေဆီမှ အကူအညီမရရင်…
…သင့်ကိုယ်သင် ဒါမှမဟုတ် သူများကို ဒုက္ခပေးမိမှာ ကြောက်ရင်…

ကမ္ဘာသစ်မှ..

ကျားဟော်မုန်း မြင့်တက်လာစေမည့် အိမ်တွင်းနည်းများ




အမျိုးသားတွေအနေနဲ့ ကျားဟော်မုန်း တက်စတိုစတီရုန်း အဆင့်မြင့်တက်စေဖို့အတွက်  သဘာဝကျတဲ့ နည်းလမ်းတွေကို လိုက်နာနိုင်ဖို့ ရေးသားလိုက်ရပါတယ်။

၁. ဇင့် (သွပ်)ဓာတ် ပါဝင်သည့် အာဟာရစားပါ  

ဇင့်ဓာတ်ပါဝင်တဲ့ အစားအသောက်တွေက ကမာကောင်၊ အမဲသား၊ တိရစ္ဆာန်အသည်း၊ ပင်လယ်စာ၊ ကြက်၊ ဘဲ၊ အခွံမာသီး၊ အစေ့အဆန်၊ ဆယ်လ်မွန်ငါး၊ ဆန်လုံးညို၊ ဒိန်ခဲ၊ ပဲအမျိုးမျိုး၊ နွားနို့၊ ဒိန်ချဉ်စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ဖြစ်ကြပါတယ်။ ဇင့် (သွပ်)ဓာတ်ဟာ ကျားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်ရေး အတွက် အရေးပါပါတယ်။ ဇင့်ဓာတ်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ သုက်ကောင်တွေ ထုတ်လုပ်နိုင်အောင် ကူညီပေးသလို သုက်ကောင်အရေအတွက် များများ ထွက်ရှိစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဇင့်ဓာတ်နည်းနေရင် ကျားဟော်မုန်း တက်စတိုစတီရုန်း အဆင့်လည်း လျော့နည်းနေနိုင်ပါတယ်။

၂. ခန္ဓာကိုယ်ရှိ အဆီပိုများကို လျှော့ချပါ  

ခန္ဓာကိုယ်မှာ အဆီပိုတွေရှိတာက အမျိုးသားတွေရဲ့ ယောက်ျားပီသမှုကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ်မှာ အဆီပိုတွေ ရှိလေလေ၊ အီစထရိုဂျင်ဟော်မုန်းအဆင့် များလေလေ ဖြစ်နိုင်တာကြောင့်ပါ။ ဒါကြောင့် အဆီပိုတွေများပြီး အဝလွန်နေရင် တစ်လမှာ ကိုယ်အလေးချိန် တစ်ပေါင်ခန့် လျော့ကျအောင် လေ့ကျင့်ခန်းလုပ်ပါ။

၃. ကောင်းမွန်သည့် အဆီစားပါ  

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ အခွံမာတဲ့ အစေ့အဆန်၊ သံလွင်ဆီ၊ ဆယ်လ်မွန်ငါး၊ အိုမီဂါ ၃ ဖက်တီးအက်စစ်စတဲ့ အစာတွေကို အစားများတဲ့ အမျိုးသားတွေက ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့် အမြင့်ဆုံး ဖြစ်နေတာကို လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ ခန္ဓာကိုယ်မှ ကျားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်ရေးမှာ ကောင်းတဲ့အဆီတွေ လိုအပ်နေလို့ပါ။

၎. စိတ်ဖိစီးမှုကို တွန်းလှန်အနိုင်ယူပါ  

စိတ်ဖိစီးမှုခံစားရတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကော်တီစောဆိုတဲ့ စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။ ဒီဟော်မုန်းဟာ ကျားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်မှုကို နှောင့်ယှက် ဟန့်တားတတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းဟာ ဗိုက်ပူစေတဲ့အတွက် ဗိုက်မှာ အဆီပိုတွေရှိလေလေ၊ တက်စတိုစတီရုန်းအဆင့် လျော့နည်းလေလေဆိုတဲ့ အချက်နဲ့ ဆက်စပ်မှုရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုလျော့ကျစေဖို့ တရားထိုင်တာ၊ အသက်ပြင်းပြင်းရှူတာ၊ အိပ်ရေးဝဝ အိပ်စက် အနားယူတာစတဲ့ နည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။

၅. တစ်ည ရှစ်နာရီ အိပ်ပါ  

အိပ်စက်ချိန်နည်းတဲ့ အမျိုးသားတွေဟာ တစ်ည ၆-၈ နာရီ အိပ်စက်တဲ့ အမျိုးသားတွေထက် ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့် လျော့နည်းနေတယ်လို့ ချီကာဂိုတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ အိပ်တဲ့အခါမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ အရေးကြီးပါတယ်။

၆. ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ  

လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်တာကြောင့် အဆီပိုကင်းပြီး ကြွက်သားထုထည် အားကောင်းကာ ခန္ဓာကိုယ်ရဲ့ တက်စတိုစတီရုန်း ထုတ်လုပ်မှုအဆင့်ကို တိုးစေပါတယ်။ လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာစတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေကို လုပ်ဆောင်သင့်သလို ကြွက်သားထုထည် သန်စွမ်းစေမယ့် အလေးမလေ့ကျင့်ခန်း၊ အိပ်ထမတင်လေ့ကျင့်ခန်း၊ ထိုင်ထ လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်းတွေကိုလည်း လုပ်သင့်ပါတယ်။

၇. ဗီတာမင်ပါဝင်သော အစားအစာများ စားပါ  

ဗီတာမင် အေ၊ ဘီ၊ အီးတွေပါတဲ့ အစားအသောက်တွေကို စားတာက တက်စတိုစတီရုန်း ထုတ်လုပ်မှုအတွက် အရေးပါပါတယ်။ ဒါကြောင့် အစိမ်းရောင်နဲ့ အဝါရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အစုံ စားပေးသင့်ပါတယ်။ အခွံမာသီး၊ အစေ့အဆန်တွေထဲမှာလည်း ယင်းဗီတာမင်ဓာတ်တွေ ပါဝင်နေပါတယ်။

၈. ခန္ဓာကိုယ်အောက်ပိုင်းကို မပူလွန်းအောင် သတိထားပါ   

အတွင်းခံ ဘောင်းဘီကျပ်ကျပ် ဝတ်တာ၊ ရေပူစိမ်ပြီး ရေချိုးတာ၊ ပေါင်ပေါ်မှာ Laptop တင်ပြီးသုံးတာ စတဲ့ နည်းလမ်းတွေက ခန္ဓာကိုယ်အောက်ပိုင်း အထူးသဖြင့် အမျိုးသားအင်္ဂါကို ပူစေတာကြောင့် တက်စတိုစတီရုန်း ထုတ်လုပ်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အတွင်းခံ ဘောင်းဘီဝတ်ရာမှာ ကျပ်လွန်းတာ ရှောင်ပါ။

ကေအမ်
Ref: Good Health
Source: http://news.yatanarpon.com.mm/news/news-59189

ပင်လယ်ရေမြင့်တက်ဝင်ရောက်လာမှုကြောင့် လယ်မြေဧက (၁၀၀၀)ကျော် ရေကြီးနစ်မြှုစ်



ပြီးခဲ့သည့် (၃.၆.၂၀၁၂) ရက်နေ့တွင် မွန်ပြည်နယ်၊ပေါင် မြို့နယ်သဲကုန်းကျေးရွာတွင်အမှတ်  (၇၃၀၊၇၂၉စီ၊၇၃၃၊၇၃၂)ကွင်းရှိ  တောင်သူများ၏ ပျိုးထောင်စိုက်  ပျိုးထားသည့် စပါးပင်များနှင့် လယ်ယာမြေဧက (၁၀၀၀)ကျော်  ရေကြီးနစ်မြှုပ်၍ ပျက်စီးဆုံးရှုံး  မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရ သည်။
ယခင်နှစ်များ ယခုကဲ့သို့ ပင် လယ်ရေကြီးနစ်မြှုပ်မှုဒဏ်ကို  ခံစားရခြင်းမရှိပါ။ယခုနှစ်သည်    အဆိုးဆုံးနှစ်ဖြစ်၍အပျက်စီးအ ဆုံးရှုံးအများဆုံးဖြစ်ရသည်။ အဓိက ဖြစ်ခဲ့ရသည့်အကြောင်း   မှာကွင်းအမှတ်(၇၃၀A)အ၀ဖြဲကွင်း   ရှိ ဦးမောင်စီ၏လယ်မြေဧရိယာ အတွင်း ပြုလုပ်ထားသည့် ပင်လယ်ရေကာတာတမံအား မြို့နယ်အုပ်ချုပ်ရေးမှူး၏ အမိန်  ဖြင့်(၃၀.၅.၂၀၁၂)ရက်နေ့တွင်  ဦးထွန်းမြင့် အပါအ၀င် တောင် သူအချို့မှဖောက်ချလိုက်သည့်  အတွက် ပင်လယ်ရေများ ၀င် ရောက်လာခြင်းကို မထိန်းသိမ်း  နိုင်ခဲ့ခြင်းဖြစ်သည်။ နစ်မြှုပ်ဆုံး  ရှုံးခဲ့ရသည့် မြေဧကပေါင်း (၁၀၀၀)ကျော်ရှိခဲ့ပါသည်။
(၅.၆.၂၀၁၂)ရက်နေ့တွင်  ဒေသခံ လယ်သမား(၅၈)ဦးမှ လက်မှတ်ရေးထိုး၍ ပင်လယ်ရေ  ကြီးမြင့်ဝင်ရောက်မှုကြောင့်  ပျိုးထောင်ထားသည့်စပါးပင်များ  ရေကြီးနစ်မြှုပ်၍ ပျက်စီးဆုံးရှုံး  မှု့အခြေအနေကို ပေါင်မြို့နယ်  အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်  တင်ပြခဲ့သည့်အတွက် တာတမံ    ပြန်လည်ပိတ်ဆို့ခဲ့ပါသည်။ သို့ သော်လည်း မြို့နယ်အုပ်ချုပ်ရေး  မှူး၏ အမိန့်ဖြင့်ဖောက်ထား သော ရေနစ်ချောင်းပေါက်ကို ပြန်လည်ပိတ်ဆို့ရန် မိုးရာသီဖြစ်  သည့်အတွက် တောင်သူလယ် သမားများအတွက် အခက်အခဲ  နှင့်ကြုံတွေ့နေရကြောင်း  သိရှိပါ သည်။
အဖေ့သား(ပဲခူး) - Hot News Journal

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် စတင်ထွက်ခွာ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဥရောပ ခရီးစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၉း၄၅ နာရီအချိန်မှာ ထိုင်းအဲယားဝေး (TG) လေယာဉ်ဖြင့် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို ဦးစွာ သွားရောက်မှာဖြစ်ပြီး အဲ့ဒီကနေ တဆင့် နော်ဝေနိုင်ငံ အော်စလိုမြို့၊ အိုင်ယာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ပြင်သစ်နိုင်ငံတို့ကို ၁၈ ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်ပြည့် မွေးနေ့ကို မိသားစုနဲ့အတူ ဗြိတိန်နိုင်ငံမှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာတင်မာမြင့်၊ ဦးခွန်သာမြင့်၊ ဦးဖြိုးဇေယျာသော်နဲ့ ဦးနေခြည်ဝင်းတို့ လိုက်ပါသွားတယ်လို့ သတင်းရရှိပါသည်။

ဒုက္ခသည်လက်မခံနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြောဆို


2012-06-12
မြန်မာနိုင်ငံကနေ နယ်စပ်ကျော်ပြီး ရောက်ရှိလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံခိုလှုံခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တောင်းဆိုလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Taknaf တွင် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) မှ ကင်းလှည့်နေစဉ်။
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ်လုံခြုံရေးကို တင်းကြပ်ထားပါတယ်။ နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်လာကြတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်တွေက အ၀င်မခံဘဲ မြန်မာဘက်ကို ပြန်ပြီးပို့လွှတ်ခဲ့ကြပါတယ်။
မနေ့က လူတစ်ထောင်လောက် ပါတဲ့ လှေ (၁၁) စီးကို ပြန်လွှတ်လိုက်တဲ့အတွက် စုစုပေါင်း လူ (၁၅၀၀) လောက်ကို ပြန်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီ ကတော့ ဘင်္ဂလားဒေ့ရှ်လို ဆင်းရဲတဲ့နိုင်ငံအတွက် ဘယ်ဒုက္ခသည်ကိုမှ လက်ခံနိုင်မှာမဟုတ်ကြောင်း ဒါကာမြို့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒီအတွင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းတည်ငြိမ်ရေးနဲ့ လူမျိုးစု သဟဇာတဖြစ်ရေးအတွက် တရုတ်ပြည်က ကူညီမှာဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ တစ်ဦးက မနေ့က ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်က မြို့ကြီးတချို့မှာ အခြေခံအားဖြင့် လုံခြုံရေးဆောင်ရွက်မှုတွေ ထိန်းနိုင်၊သိမ်းနိုင်ရှိပြီဆိုပေမဲ့ အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး တဲ့နောက် ကျေးရွာတချို့မှာ လုံခြုံရေးအတွက် စိုးရိမ်နေရဆဲ ဖြစ်နေတယ်လို့ ဆင်ဝှာသတင်းက ဆိုပါတယ်။
မြန်မာနိုင်ငံ တရုတ်သံရုံးကလည်း တရုတ်နိုင်ငံသားတွေနဲ့ လုပ်ငန်းရှင်တွေကို ရခိုင်ပြည်နယ်အတွင်း ခရီးအသွားအလာ သတိထားဆင်ခြင်ကြဖို့ တိုက်တွန်းထားပြီး သံရုံးအနေနဲ့ မိမိနိုင်ငံသားတွေအတွက် လိုအပ်တဲ့အကူအညီတွေပေးမယ်လို့ ပြောဆိုပါတယ်။

အလုပ်သမား အခြေခံလစာ နိုင်ငံတကာစံနှုန်းနှင့်အညီ သတ်မှတ်



အလုပ်သမားကိစ္စ ဆွေးနွေးပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း၏ အမိန့်ဖြင့် လုပ်ငန်းတူ စက်ရုံများရှိ အလုပ်သမားများ၏ အခြေခံ လုပ်ခလစာကို အချိန်ပိုကြေးမပါဘဲ အနိမ့်ဆုံး တလလျှင် ၅၆၇၀၀ ကျပ်အဖြစ် နိုင်ငံတကာ စံနှုန်းနှင့်အညီ တပြေးညီ ခံစားခွင့်ရှိရန် ယနေ့ ကြေညာလိုက်ကြောင်း သိရသည်။
ယနေ့နေ့လယ် ၁ နာရီက ရန်ကုန် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၁ စီမံခန့်ခွဲရေးရုံးတွင် ကျင်းပသည့် အဖွဲ့အစည်း ဥပဒေနှင့် စပ်လျဉ်းသည့် အသိအမြင် တိုးမြှင့်ရေး ဆွေးနွေးပွဲတွင် ဒု ဝန်ကြီး၏ အထက်ပါ ကြေညာချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် အလုပ်သမား ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ဦးဆောင်၍ အလုပ်ရှင် အလုပ်သမားနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ တရားဝင်မှတ်ပုံတင် ဖွဲ့စည်းခြင်း၊ သပိတ်မှောက်ခြင်း၊ အငြင်းပွားခြင်း၊ တိုင်ကြားခြင်း၊ စုပေါင်းတောင်းဆိုမှု သဘောတူညီချက်များ ထားခြင်း စသည့် အချက်များကို အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒုဝန်ကြီးက အလုပ်သမားများ၏ အခြေခံ လုပ်ခလစာကို နိုင်ငံတကာ စံချိန်စံညွှန်း အတိုင်း တပြေးညီသတ်မှတ် ရာတွင် အလုပ်ရှင်များက သဘောတူညီရန်နှင့် အလုပ်သမား ၀န်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများက လုပ်ငန်းရှင်များကို လုပ်ငန်း အမျိုးအစားအလိုက် ညှိနှိုင်းဆောင်ရွက် ပေးရန်တို့ကို စက်မှုဇုန် ၁ စီမံခန့်ခွဲရေးရုံး ဥက္ကဋ္ဌ ဦးမြတ်လင်းတင့်က ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်သည် မြန်မာနိုင်ငံတွင်းရှိ စက်မှုဇုန်များ လက်အောက်ရှိ စက်ရုံများအားလုံး လိုက်နာဆောင်ရွက်ရမည်ဟု သိရသည်။
“အလုပ်ရှင်တွေက ကိုယ့်စက်ရုံရဲ့ အခြေအနေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မယ်ဆိုရင် အားလုံးအဆင်ပြေ နိုင်မှာပါ” ဟု
အလုပ်သမားဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းစိန်က ပြောသည်။
အလုပ်သမားဥပဒေ ၁၄ ချက်တွင်ပါဝင်သည့် အချက်တချို့ကို ပြောင်းလဲရန်လည်း ၀န်ကြီးက ဆွေးနွေးထားပြီး အလုပ်သမားများ ပင်စင်ရရှိရေး၊ ကိုယ်ပိုင်အိမ်ယာ ရရှိရေး တို့ကိုလည်း ဥပဒေများ ပြဌာန်းနိုင်ရန် လွှတ်တော်တွင် တင်ပြဆောင်ရွက် သွားမည်ဟု သိရသည်။
အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်က “အလုပ်အကိုင်နဲ့ ကျွမ်းကျင်ဖွံ့ဖြိုးမှု ဥပဒေသစ်ကို အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ရေးထိုးဖို့ လုပ်ထားတာရှိတယ်” ဟု ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
အလုပ်သမားများအနေဖြင့် အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းထားရန် လိုအပ်ပြီး သက်ဆိုင်ရာ အလုပ်ရှင်နှင့် သပိတ်မှောက်ခြင်း မပြုမီ ၃ ရက် ကြိုတင်ညှိနှိုင်းရန်၊ ညှိနှိုင်း၍ အဆင်မပြေမှသာ သပိတ်မှောက်ကြရန် အလုပ်သမားနှင့် အလုပ်ရှင်တို့ နှစ်ဘက် ကိုယ်စားလှယ်ထားကာ ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းစည်းကမ်းချက်များ အတိုင်း မလိုက်နာပါက
သပိတ်မှောက်ခြင်းကို တရားစွဲဆိုနိုင်ကြောင်း သိရသည်။
ယင်းပွဲသို့ တက်ရောက်လာသော အလုပ်သမားကိုယ်စားလှယ် တဦးက “အလုပ်ရှင် အလုပ်သမားနဲ့ ဆိုင်တဲ့ နည်းဥပဒေ တွေကို လေ့လာချင်တာပါ။ အခုဆွေးနွေးချက် တွေထဲမှာ ပါသလို နှစ်ဘက်ညှိနှိုင်းပြီးမှ အကြောင်းကြား သပိတ်မှောက် ရမယ်ဆိုတော့ လုံးဝလက်မခံတဲ့၊ အတွေ့မခံတဲ့ လုပ်ငန်းရှင်နဲ့ဆိုရင် အလုပ်ရှင်ကို ကြိုတင်အကြောင်းကြားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့ဘက်ကို အခွင့်အရေးပေးသလို ဖြစ်နေတယ်” ဟု ပြောသည်။
မေလဆန်းမှ စတင်ကာ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံနှင့် တောင်ဒဂုံမြို့နယ်များရှိ စက်ရုံအများစုတွင် အခြေခံလစာ တိုးမြှင့် သတ်မှတ်ပေးရေး ခွင့်ရက် နစ်နာကြေး၊ ကားခ၊ လုပ်ငန်းခွင် ထိခိုက်မှုလျော်ကြေး တောင်းဆိုမှု စသည့် အချက်အလက်များအား အခြေခံကာ ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသို့ အလုပ်သများ စီမံခန့်ခွဲရေးရုံး ဥကဋ္ဌ ဦးမြတ်လင်းတင့်၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ဦး၊ ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ဆက်ဆံရေးရုံး ဦးစီးမှူး ဦင်္းသောင်းစိန်၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်နှင့် စက်ရုံများမှ အလုပ်ရှင်များ၊ အလုပ်သမား ကိုယ်စားလှယ်များ၊ မီဒီယာများ တက်ရောက်သည်။