ကျန်းမာရေးအတွက်အရေးပါတဲ့(Hair Care)



 နိုင်ငံ တစ်နိုင်ငံရဲ့ ရာသီဥတု၊ ရေမြေ၊ အစားအသောက်ကို လိုက်ပြီး ပြောင်းလဲရတဲ့ အထဲမှာ လူသားတွေရဲ့ အလှအပအတွက် မရှိမဖြစ် အရေးပါတယ်လို့ ဆိုရမယ့် ဆံပင်တွေလည်း ပါဝင်ပါတယ်။
ဆံပင်ရဲ့အရောင်၊ ဆံပင်အသား၊ ဆံပင်ပုံစံဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထက် အမြင့်ဆုံးနေရာမှာ တည်ရှိပြီး မျက်နှာအလှကို တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားစေနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ မိမိ ပိုင်ဆိုင်တဲ့ သဘာဝက ပေးလာတဲ့ ဆံပင်ကို အကောင်းဆုံး အနေအထား ဖြစ်အောင် ဂရုတစိုက် ပြုပြင် ထိန်းသိမ်းရင်း မိမိနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ် ဖန်တီးနိုင်ဖို့ပဲ လိုပါတယ်။ ဒါကြောင့် လိုသလို ပုံသွင်းနိုင်မယ့် ကျန်းမာရေး ကောင်းမွန်လှပတဲ့ ဆံကေသာအလှ ပိုင်ရှင် ဖြစ်စေဖို့ အရေးကြီးတဲ့ Hair Care နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေး လိုက်ပါတယ်။ ၀ိုင်းဝန်း ဆွေးနွေးပေးတဲ့ သူက အလှအပ အတွက် စိတ်တိုင်းကျ ဆောင်ရွက်ပေးတဲ့ ပန်ပန် Beauty Salon က ပန်ပန်ပါ။ သူ့ရဲ့အပြောတွေ အနေနဲ့ပဲ နားထောင် ကြည့်တာက ပို အဆင်ပြေမယ်လို့ ယူဆမိပါတယ်။

မြန်မာပြည်က Asia နဲ့ဆိုင်တဲ့အတွက် Asia(အာရှ)နဲ့ဆိုင်တဲ့ ဆံပင် အမျိုးအစားတွေ အကြောင်း ပြောကြရအောင်။ အာရှမှာတွေ့ရတဲ့ ဆံပင်အမျိုး အစားကို ၅ မျိုးလို့ အကြမ်းဖျင်း ခွဲခြားနိုင်တယ်။ သာမန်ဆံပင်၊ ပွပြီးဖွာတဲ့ ဆံပင်၊ ပွပြီးကောက် တဲ့ဆံပင်၊ ချောပြီးကောက်တဲ့ ဆံပင်၊ အလွန်ဖြောင့် တဲ့ ဆံပင် ၅ မျိုးပါ။ အဲဒီမှာ အဆီထွက်တဲ့ ဆံပင်နဲ့ အဆီခြောက်တဲ့ ဆံပင်ဆိုပြီး ထပ်ခွဲဖြာထွက်ပါ သေးတယ်။ ဆံပင်အသားထဲမှာ အကောင်းဆုံး ဆံပင်ကတော့ သာမန်ဆံပင် (Normal Hair) ပါ။ အဆီလည်းမထွက်၊ ပွလည်းမပွ၊ ခြောက်လည်း မခြောက်၊ အရမ်းဖြောင့်စင်းပြီး အိလွန်းနေတဲ့ ဆံပင်အသားလည်း မဟုတ်ဘူး။ ကိုယ် လိုသလို ညှပ်လို့ ပုံသွင်းလို့ ရတယ်။ ကောက်လို့ဖြောင့်လို့ လည်းရတယ်။

မိန်းကလေးတစ်ယောက် (သို့) ယောက်ျားလေး တစ်ယောက်ဟာ ဆံပင်ကို အမြဲဂရုမစိုက် မိဘူးဆိုရင် ဘာပြဿနာတွေဖြစ်လာနိုင်သလဲ ဆို တော့ အဲဒီ လူတစ်ယောက်ဟာ ဆံပင်နဲ့ ပတ်သက် ပြီး ကောက်ခြင်း၊ ဖြောင့်ခြင်း၊ ပေါင်းတင်ခြင်း၊ ဆေးဆိုးခြင်း စတဲ့ဆံပင်နဲ့ပတ်သက်တဲ့ ပြင်ဆင်မှု တွေ မလုပ်တဲ့သူဆိုရင် သူ့ရဲ့ဆံပင်ပြဿနာဟာ ဆံပင်ရဲ့ အခြေခံအကျဆုံး အရင်းအမြစ် ဖြစ်တဲ့ ဦးရေကို လုံးဝ မထိခိုက်ပါဘူး။ ဆံပင်တစ်ပင်ဟာ တဖြည်းဖြည်း ရှည်လာတဲ့အခါမှာ သူ့ရဲ့အမြစ်မှာ ဆံပင် အရောင်ကို ပြောင်းစေတဲ့ အားရှိစေတဲ့ အဆီအိတ်တွေနဲ့ ဝေးကွာလာတယ်။ ဆံပင်အဖျားတွေ ပျက်စီးလာတယ်။ ဦးရေ ကိုပါထိခိုက်စေတဲ့ အချက်တွေကတော့ ဆံပင်နဲ့ ပတ်သက်ပြီး အကုန်လုပ် ဖြစ်တဲ့ သူတွေပါ။ သူတို့ကတော့ ဦးရေတင်မက ဆံပင်အသားတွေပါ ပျက်စီး လေ့ရှိတာ တွေ့ရပါတယ်။ အဲဒီမှာလည်း ပျက်စီးစေတဲ့ အချက်တွေ ရှိပြန် နေရော။ ခေါင်းလျှော်ရည်ကြောင့်၊ ပေါင်းဆေးကြောင့်၊ အရောင်ဆေးကြောင့် စတာတွေအပြင် ကတ်ကြေး တုံးတုံးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

လူတိုင်းအတွက် နေ့စဉ် ဆံပင် ထိန်းသိမ်း စောင့်ရှောက်မှု နည်းလမ်းတွေ ကို ပြောကြည့်မယ်။ ပထမဆုံး လုပ်ရမှာက ရှန်ပူ။ ဆံပင်လျှော်တိုင်း အသုံးမပြု မဖြစ် အသုံးပြုရတဲ့ ရှန်ပူကို ကိုယ့်ဆံပင်သားနဲ့ ကိုက်ညီတဲ့ အမျိုးအစားရွေး တတ်ဖို့ကHair Care မှာ ပထမဆုံး အခြေခံ အရေးကြီးတဲ့ အချက်တစ်ချက် ပါပဲ။ ဒါမှလည်း ရှန်ပူရဲ့ဆိုးကျိုးနဲ့ ကင်းဝေးစေမှာပါ။ ပြီးရင် မိန်းကလေး တွေက ဒီလောက်နဲ့ မရပ်တန့်ကြပါဘူး။ ပျော့ဆေးတွေ သုံးမယ်။ ပြုပြင်ဆေး တွေသုံး ကြမယ်။ ဒါတွေကလည်း ကိုယ့်ဆံပင် အသားနဲ့ ကိုက်ညီရမှာပါပဲ။ ပြီးတော့Hair Care ပါ။ ဆံပင်အလှပြင် နည်းတွေနဲ့ပတ်သက်ရင် ဘာတစ်ခု မှမလုပ် တတ်တဲ့သူမျိုးဆိုရင်တောင် Hair Treatment ကို တစ်လတစ်ကြိမ် လုပ်ပေးရမယ်။ ပေါင်းတင်တာပေါ့။ တကယ်လို့ အလုပ် အရမ်းများပြီး တစ်လ တစ်ခါတောင်မှ ဆိုင်မသွားနိုင်ဘူး ဆိုရင်လည်း အိမ်မှာ လုပ်ပေးဖို့ လိုတယ်။

အိမ်မှာ ကိုယ်ပိုင်ပေါင်းတင်နည်းက သိပ်ကိုရိုးစင်းပြီး၊ သိပ်ကိုလွယ် ကူပါတယ်။ ဆံပင်အတွက် အကောင်းဆုံးက မြန်မာ့ရိုးရာအုန်းဆီပါ။ အုန်းဆီကို ဦးရေပြား ထဲအထိ ရွှဲနေအောင်လိမ်းထားပါ။ ခေါင်းမလျှော် ခင်တစ်ရက်မှာ ကြိုလိမ်းပြီး ညအိပ်ရာဝင်ချိန်မှာ အ၀တ်စခပ်ပါးပါးနဲ့ ခေါင်းပေါင်းပြီး အိပ်ပါ။ ဒါကတော့ လိမ်းထားတဲ့ဆီတွေ အလဟဿ မဖြစ်ဖို့နဲ့ ထိမိတဲ့နေရာတွေ မညစ်ပတ်စေဖို့ပါ။ နောက်တစ်နေ့မနက်မှာ အုန်းဆီတွေ သန့်စင်သွား တဲ့အထိ ခေါင်းလျှော်ချလိုက်ရုံနဲ့ အကောင်းဆုံး၊ အလွယ်ဆုံး ဆံပင် ပေါင်းတင်နည်းကို ရရှိပါပြီ။ ငွေကုန်ကြေးကျလည်း သက်သာတယ်လေ။ ဆံပင်အသားကို နူးညံ့ပျော့အိ လာစေပြီး ဦးရေ ပြားကိုလည်း ကျန်းမာ သန်စွမ်းစေတဲ့ နည်းလမ်း ကောင်းတစ်ခုပေါ့။ ခေါင်းလျှော်ရတဲ့ အကြိမ် ရေကျပြန်တော့လည်း ဆံပင်အသားကို လိုက်ပြီး ပြောင်းလဲပြန်ပါတယ်။ အဆီအရမ်းထွက်ပြီး ခပ်တိုတိုဆံပင်တွေကတော့ နေ့တိုင်းနီးပါး လျှော် ပေးရတယ်။ သာမန်ဆံပင်ကတော့ နေပူပြင်းတဲ့ နေ့မှာ ရာသီဥတု အရ တစ်ရက်ခြား လျှော်ပေးသင့်တယ်။ တချို့လူတွေကျ တော့ အလုပ်အရမ်းများပြီး ခေါင်းလျှော်ရင် ခေါင်းကိုက်လေ့ရှိတဲ့ သူမျိုးတွေ ရှိတယ်။ သူတို့ကျတော့ နှစ်ရက်ခြားပေါ့။ နှစ်ရက်ခြားတစ်ခါ ခေါင်းလျှော် ခြင်းကတော့ လုပ်ကိုလုပ်သင့်တဲ့ နည်းလမ်းပါ။ တချို့လူတွေက ခေါင်းလျှော် လွန်းအားကြီးရင် ဆံပင်တွေ ကျွတ်တတ်တယ်လို့ ယူဆကြပါတယ်။ တကယ် တော့ မလျှော်လွန်းအားကြီးတဲ့ဆံပင်၊ တစ်ပတ်မှတစ်ခါလောက်ပဲ လျှော်တဲ့ ဆံပင်တွေကသာ ကျွတ်လေ့ရှိတာပါ။ မြန်မာ့ရာသီဥတုနဲ့ ရေမြေ အနေအထား အရ နေပူပြီးဖုန်ထပါတယ်။

ခေါင်းကထွက်တဲ့ အဆီနဲ့ သဲ၊ ဖုန်မှုန့်နဲ့ တွေ့တဲ့အခါ အညစ်အကြေးတွေဖြစ်သွားပြီး ခေါင်းဦးရေပြား ချွေးပေါက်တွေကို ပိတ်ဆို့ စေတယ်။ ဦးရေပြားဟာလည်းပူပြင်းလာပြီး ခေါင်းအုံခဲမှုတွေ ဖြစ်လာစေတယ်။ ကျန်းမာရေးရှုထောင့်က ကြည့်ရင် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ဆံပင်အတွက် အသုံးပြုတဲ့ ရှန်ပူကလည်း အခုဆိုရင် ဆံပင် အမျိုးအစား အလိုက်မျိုးစုံ ထွက်နေပါတယ်။ ရွေးတတ်ဖို့ပဲ လိုပါတယ်။ အကြမ်းဖျင်း ခွဲပေးပါမယ်။ သာမန် ဆံပင်ကတော့ သာမန် ခေါင်းလျှော်ရည်နဲ့ပဲ လျှော်လိုက် ရုံပါ။ ပွပြီးဖွာတဲ့ ဆံပင်နဲ့ ပွပြီးကောက်တဲ့ ဆံပင်က အမျိုးအစား ကွာပေမယ့် ပုံစံက ဆင်သလိုလို ရှိပါတယ်။ ရှန်ပူ အတူတူ သုံးလို့ ရပါတယ်။ ချောပြီး ကောက်တဲ့ ဆံပင်နဲ့ အလွန်ဖြောင့်တဲ့ ဆံပင်က တစ်တွဲပါ။ အဲဒီမှာ တစ်ခုသတိ ထားစရာရှိပါတယ်။ ဖြောင့်ထားတဲ့ ဆံပင်တွေ အတွက် ရှန်ပူဆိုပြီး အခု နောက်ပိုင်းမှာ ၀င်လာပါတယ်။ ဘူးမှာရေးထားတဲ့ အညွှန်းကို ကြည့်ပြီးတောင်မှ မှားတတ်တာ တစ်ခုက ဖြောင့်ထားတဲ့ ဆံပင်အတွက် ဆိုတာနဲ့ ဖြောင့်တဲ့ ဆံပင်သား အတွက်ဆိုတဲ့ ရှန်ပူနှစ်မျိုးကိုပါ။ အကောင်းဆုံးကတော့ ကောင်တာမှာ သေချာမေးပြီးမှဝယ်ပါ။ ဆံပင်ကျွမ်းကျင်သူကို မေးမြန်းပြီး ၀ယ်သုံးပါလို့ ဆိုပေမယ့် ဈေးဝယ်ထွက်ချိန် ကိုယ်တစ်ယောက်တည်း အမျိုးအစားစုံလှတဲ့ ရှန်ပူကို မရွေးတတ်တော့ဘူးဆိုရင် ကောင်တာက ရောင်းတဲ့ သူတွေကို မေးဖို့ လည်း အဆင်မပြေတဲ့အချိန် မျိုးကြုံခဲ့ရင် For Normal Hair (သာမန်ဆံပင် အတွက်)ဆိုတဲ့ ရှန်ပူကိုပဲ ရွေးလိုက်ပါ။

For Normal Hair ရှန်ပူဟာ ဆံပင်သားတိုင်းနဲ့ အဆင်ပြေပါတယ်။ ပြီးမှ နောက်တစ်ဆင့် အနေနဲ့ ထပ်မံအသုံးပြုရတဲ့ ပျော့ဆေး၊ Treatment, Hair Coat အတွက် ထပ်သုံးရင်း ထိန်းလို့ ရပါတယ်။ လျှော်ပြီးတဲ့ ဆံပင်ကိုHair Dryer နဲ့ အသုံးပြုပြီး အခြောက်ခံရာမှာလည်း အပူကို ဦးရေနဲ့ အရမ်း မကပ်ပါစေနဲ့။ အအေးနဲ့ အခြောက်ခံရင်တော့ အကောင်းဆုံးပါ။

အခု ပန်ပန်တို့ ဆိုင်ကို အလာများတဲ့ ဆံပင်နဲ့ဆိုင်တဲ့ ပြဿနာတွေမှာ ဆံပင်ကို နည်းမျိုးစုံနဲ့ အလှပြုပြင်ရာကနေ ရတဲ့ ပြဿနာတွေကြီးပဲ တွေ့ရပါ တယ်။ အချိန်တိုအတွင်းမှာ နားမလည်ဘဲ ကောက်လိုက်၊ ဖြောင့်လိုက်နဲ့ နည်းမျိုးစုံ လုပ်တဲ့သူတွေပါ။ ဆံပင်ပုံစံတစ်ခုကို အနည်းဆုံးတော့ ၃ လထား ပေးရပါမယ်။ ၃ လဆိုတဲ့အချိန်ရှိမှသာ နောက်တစ်မျိုး ပြောင်းလဲ သင့်ပါတယ်။ ကိုယ့်ရဲ့ဆံပင်ကိုပြုပြင်တဲ့ သူကလည်း ကျွမ်းကျင်ဖို့ လိုပါတယ်။ မကျွမ်းကျင်တဲ့ သူတွေကြောင့်လည်း တစ်ကြိမ်ပဲ ဆံပင် အလှပြင်ရုံနဲ့ ပျက်စီးသွားတာတွေ ရှိတတ်ပါတယ်။

ပျက်စီးတဲ့ ဆံပင်တွေရှိရင် ပြုပြင် ထိန်းသိမ်းဖို့ နည်းလမ်းတွေလည်း ရှိရမှာပါ။ ဘာမှ မလုပ်တဲ့ ဆံပင်ပိုင်ရှင်တောင်မှ မြန်မာပြည်ရဲ့ ရာသီဥတု ကြောင့် တစ်လတစ်ခါ ပေါင်းတင်ရပါမယ်။ အိမ်ရှင်မတွေဆိုရင် ပိုသိသာပါတယ်။ နေပူထဲအမြဲ တစေမထွက်ရတဲ့ အိမ်ရှင်မ ဆိုရင်တောင် အိမ် ထောင်ထိန်းသိမ်း ချက်ပြုတ်ရာကနေ ဖုန်မှုန့်၊ ပြာ၊ အညစ်အကြေး၊ ချွေးတွေနဲ့ နပန်းလုံးနေတဲ့ ဆံပင်တွေ ဖြစ်နေတတ်ပါတယ်။ တစ်လတစ်ခါ ဆံပင် ကုသမှု(Treatment) ဆိုတာ လုပ်ကိုလုပ်သင့်ပါတယ်။ ပျက်စီးသွားတဲ့ ဆံပင်ကတော့ အနည်းဆုံး တစ်လကို နှစ်ကြိမ်၊ အလွန် ဆိုးဝါးလွန်းရင်တော့ တစ်ပတ်တစ်ခါ (တစ်လကို ၄ ခါ)(Treatment) လုပ်ပေးရပါမယ်။ အခုနောက်ပိုင်းမှာ အရမ်းလှ ချင်လာကြပြီး အရမ်း အလှပြင်ဆင်မှုတွေ ရှိလာ တော့ ဆံပင်တွေကလည်း အရမ်း ပျက်စီးနေတာတွေ ရှိပါတယ်။ အဲဒီအခါမှာ ပန်ပန်တို့က ဘာလုပ်ပေးရလဲဆိုတော့ ဂျပန်က လာတဲ့ ၅ မိနစ် ပေါင်းတင်ဆေးကို ပေးရပါတယ်။ သူက အမြဲ တမ်း လုပ်ပေးရတာပါ။ ဂျပန်မှာ အခု အသုံးအများဆုံး ရောင်းအားအ ကောင်းက ၅ မိနစ် ပေါင်းဆေး ပါပဲ။ အချိန်လည်း မပေးရဘူး။ ခေါင်းလျှော် ပြီးတာနဲ့ ၅ မိနစ်ပေါင်းဆေး လိမ်းထားလိုက်။ ရေချိုးပြီးရင် ခေါင်းကနေ တစ်ခါတည်း ရေလောင်း သန့်စင်ချလိုက်ရုံပဲ။ နှစ်ရက်တစ်ခါ အသုံးပြုရတာပါ။ တစ်လတစ်ခါ ပေါင်းတင် တာနဲ့လည်း ညီမျှပါတယ်။ အရမ်း ပျက်စီးနေတဲ့ ဆံပင်တွေ အတွက်ပါ။

မြန်မာမလေးတွေ အခုကြိုက်နှစ်သက်နေတဲ့ ဆံပင်စတိုင်လ် တစ်မျိုးဖြစ်တဲ့ ဆံပင်ဖြောင့် အလှ ပြုပြင်တာနဲ့ ပတ်သက်တာတွေကို အရင်ဆုံး ပြောကြည့်မယ်။ ဆံပင်ဖြောင့်ထားတဲ့ ပျိုမေတွေ ဆောင်ရန်ရှောင်ရန်ပေါ့။ ဆံပင်နဲ့ အရင်ဆုံး ထိ တွေ့ရတဲ့ ရှန်ပူကစပြောရမယ်ဆိုရင် မန်သော် ပါတဲ့ရှန်ပူ၊ ပူရှိန်းတွေပါတဲ့ ဘောက်ပျောက်တဲ့ ရှန်ပူကို ရှောင်ကြဉ်ရပါမယ်။ ဖြောင့်ထားတဲ့ ဆံပင်သားကို ကြွတက်လာစေပြီး ကြမ်းတမ်း လာစေလို့လေ။ နောက်တစ်ခုက ဆားငန်ရေပါ။ ပင်လယ်ကမ်းခြေကို သွားတော့မယ်၊ ဆားငန် ရေထဲဆင်းပြီး ရေဆော့တော့မယ်ဆိုရင် ၅ မိနစ် ပေါင်းဆေးကို သုံးထားရပါမယ်။ ၅ မိနစ်ပေါင်း ဆေးမရှိဘူးဆိုရင် ရိုးရိုး ပေါင်းတင်ဆေး သို့မဟုတ် ပျော့ဆေးကို သုံးလည်းရပါတယ်။ ရေထဲ မဆင်းခင် ပျော့ဆေးကို ဆံပင်မှာခပ်ထူထူ သုတ် လိမ်းပြီး ဆံပင်ကိုစုစည်းထားပါ။ ပြီးမှ ရေထဲ ဆင်းပါ။ ရေထဲကပြန်တက်လာတဲ့အချိန်မှာ ရေဆေးချ၊ ပြီးရင်ခေါင်းလျှော်၊ ပျော့ဆေး နောက် တစ်ကြိမ်ထပ်သုံး ပေးရပါမယ်။ ဒါဆိုရင် ဆံပင် ကို မနာဘူးလို့ မပြောပါဘူး။ ဆံပင်ထိခိုက်တာ ကိုတော့ လုံးဝသက်သာစေပါတယ်။ မှားယွင်းတဲ့ အချက်တစ်ခု ရှိနေပါသေးတယ်။ ခေါင်းလျှော် ပြီးတိုင်း ဖြောင့်စက်ပြန်ဆွဲတာပါ။ ဖြောင့်တဲ့ရလဒ် တကယ်ကောင်းတယ် ဆိုရင် စက်ပြန်ဆွဲစရာ မလိုပါဘူး။ ဖြောင့်စက်နဲ့ အကြိမ် ကြိမ် ဆွဲခြင်းဟာ ဆံပင်ကို ပျက်စီးစေပါတယ်။ တချို့မော်ဒယ်လ်တွေ၊ ပွဲတက် မယ့်သူတွေ အတွက်တော့ မဖြစ်မနေ ဖြောင့်စက်ဆွဲခါနီးမှာ ဒဏ်ခံတဲ့ ဆေးလေးကို အရင်လိမ်းပြီးမှ ဆွဲပေးပါတယ်။ အဲဒီအခါမှာ စဖြောင့်တဲ့ အချိန်ကလို ဆွဲစရာ မလိုဘဲ တစ်ကြိမ်သာ စက်ဆွဲဖို့ လိုပါတယ်။ တောင်ပေါ် ဒေသတွေမှာ ရှိတဲ့ ထုံးဓာတ်များတဲ့ ရေတွေကလည်း ဖြောင့်ထားတဲ့ ဆံပင်ကို ပျက်စီးစေပါတယ်။ ထုံးဓာတ်ပါတဲ့ ရေနဲ့ မထိတွေ့ခင်မှာလည်း ဆားငန်ရေထဲ မဆင်းခင် ထိန်းသိမ်းနည်းနဲ့ ထိန်းသိမ်းလို့ရပါတယ်။

နောက်ထပ်ခေတ်စားတဲ့ ဆံပင်ပုံစံက အကောက်မျိုးစုံပါ။ အကောက် သမားတွေကတော့ ရှန်ပူ ရှောင်စရာ မလိုပါဘူး။ သူ့အတွက် အဓိက လိုအပ် တာက ဆံပင်ပြုပြင် ထိန်းသိမ်းမှုပါ။ ဆံပင် ကောက်ပုံစံကို မပျက်ယွင်းရလေအောင် ဆီလူးသလို ဆံပင်ကိုဆွဲမထည့်ဘဲ အခွေ အဖျားလေးများကို လက်နဲ့ ဆုပ်ပြီး ကောက်ဆေး ပြန်ထည့်ပေးရပါတယ်။ ဆံပင်ကိုကောက်တဲ့ သဘောက ဆံပင်အသားကို အတက်ကလေးတွေ ထွက်လာအောင် လုပ်လိုက်ရတာပါ။ ဆံပင်မှာအတက်၊ ဆံပင်အခွတွေ များလေလေ ဆံပင်သားက ပိုကောက်လေ ပါပဲ။ ဆံပင်အသား ကလည်း ပိုခြောက်သွားတာပါ။ ဒီတော့ ဆံပင်ကို အမြဲ ပြုပြင် ထိန်းသိမ်းနေရမှာပါ။

ဆံပင်က လူတစ်ယောက်အတွက် တော်တော် အရေးပါပါတယ်။ ဆံပင်မရှိတဲ့သူ တစ်ယောက်ဟာ အခြားသူတွေထက် ကိုယ့်ကိုယ်ကိုယုံကြည် မှု ပိုအားနည်းတာ တွေ့ရပါတယ်။ အခု နောက်ပိုင်းခေတ်တွေက ဆံပင်ကို အသက်အရွယ် မရွေး ပြုပြင်မှုတွေလုပ်ရင်း စတိုင်လ်ကျကျ နေတတ်လာကြပြီ။ တကယ်တော့ ဆံပင်က အလှအပ သက်သက် မဟုတ်ပါဘူး။ ဦးရေပြားနဲ့ ဦးရေပြားအောက်က ဦးနှောက်ကိုလည်း ကာကွယ်ပေးထားတာပါပဲ။ ကျန်းမာ ရေးအတွက်လည်း အရေးပါတယ်။ ဦးနှောက် အမြှေးရောင် ရောဂါဆိုတဲ့ လူ့ဘ၀ကို တုံးသွားစေတဲ့ ရောဂါဟာ ဆံပင်ကောက်ခြင်းကြောင့်လည်း ဖြစ် တတ်တာကို အများဆုံး တွေ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ ဆံပင်ကောက် ထားတဲ့ပျိုမေတွေက ဆံပင်ကောက်သား အလှကို အမြဲပေါ်လွင်နေချင်တော့ ဆံပင်ကို ရေဆွတ်ထားပြီးမှ အပြင်ထွက်တတ်ကြပါတယ်။ ဒါဟာ သိပ်ကို မိုက်မဲတဲ့ လုပ်ရပ်ပါ။ အခုဆိုရင် Water Jelly ဆိုတာလည်း ပေါ်လာပါတယ်။Water Jelly လိမ်းထားတဲ့ အခါမှာလည်း ရေစိုနေမှ ပိုလှတာပါ။ ဒီတော့ တချို့ မလှချင်တွေက အိတ်ထဲမှာ ရေဖျန်းဘူး တစ်ဘူး အမြဲထည့်ထားပြီး ခြောက်တာနဲ့ ထုတ်ဖျန်းနေကြတာပါ။ ဒီတော့ နေပူပူအောက်မှာ အမြဲစိုနေတဲ့ ဆံပင်က တစ်ဆင့် ဦးနှောက်မှာ အကျိတ်တည်တာ၊ ဦးနှောက်အမြှေးရောင် တာတွေ ဖြစ်တတ်ပါတယ်။ တကယ်တော့ လှချင်တာထက် ကျန်းမာရေး လည်း ဂရုစိုက်သင့်ပါတယ်။ ဆံပင်ကိုပြုပြင် ထိန်းသိမ်းခြင်းဟာ ကိုယ့်ရဲ့ ဦးနှောက်၊ ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း ဂရုစိုက် ထိန်းသိမ်းရာရောက်ပါ တယ်ဆိုတာ လူတိုင်း သိသင့်တဲ့အချက်တစ်ခုပါ။

အရေးအကြီးဆုံး အချက်ကို ပန်ပန်က နောက်ဆုံးအနေနဲ့ တင်ပြသွားရာမှာ မိမိနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ကျွမ်းကျင်သူနဲ့ ဆွေးနွေးတိုင်ပင်ရုံသာမက မိမိရဲ့အလုပ်၊ မိမိရဲ့အခြေအနေနဲ့ လိုက်တဲ့ ဆံပင်စတိုင်လ်ဟာ မိမိနဲ့ အသင့် တော်ဆုံးပါပဲလို့ ဆိုပါတယ်။

No comments:

Post a Comment