တစ်သက်တစ်မင်္ဂလာ

ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေးတစ်ယောက် အချိန်တန်အရွယ်ရောက်၍ အိမ်ထောင်ပြု ကြသည်မှာ လောကဓမ္မတာ တစ်ခုပင်ဖြစ်ပါသည်။ အရွယ်ရောက်သော ယောင်္ကျားလေးတစ်ယောက်နှင့် အရွယ်ရောက်သော မိန်းခလေးတစ်ယောက် အိမ်ထောင်ပြုသည်ကို မြန်မာတို့က ထိမ်းမြားမင်္ဂလာ ဆောင်သည်ဟုခေါ်ပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကတည်းကပင်
တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးခဲ့သော နိုင်ငံဖြစ်ပါသည်။ မြန်မာယဉ်ကျေးမှုသည် အနောက်နိုင်ငံများနှင့် လုံးဝကွဲပြားခြားနားပြီး ယဉ်ကျေးသိမ်မွေ့ပါသည်။ ထိုသို့ ယဉ်ကျေးသိမ်မွေ့သော မြန်မာ့လူမျိုးတို့သည် ယခုအခါအနောက်တိုင်း ယဉ်ကျေးမှုများကို အတုခိုးပြီး မြန်မာ့ယဉ်ကျေးမှုများ တဖြည်းဖြည်း ပျောက်ကွယ်လာပါသည်။ မြန်မာလူမှုနယ်ပယ်တွင် မင်္ဂလာဆောင်ခြင်းကိစ္စနှင့် ပက်သက်၍ “တစ်သက်မှာတစ်မင်္ဂလာ” ဟူသော ဆိုးရိုးစကားတစ်ခုရှိပါသည်။ ထိုစကားအပေါ် မြန်မာအမျိုးသားများအနေဖြင့် ဥပက္ခာပြု မထားကြသည့်အတိုင်း ထိုစကားအပေါ် မြန်မာအမျိုးသမီးလေးများပို၍ အလေးထားတန်ဖိုးထားကြပါသည်။ အိမ်ထောင်ပြုရာတွင် “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးချက် တစ်ကယ်မပိုင်လျှင် နောင်ပြင်ရန် ခက်သည့်အမျိုး” ဟူ၍ဆိုးရိုးစကားရှိပါသည်။ တည်ပြီးသား ဘုရားကိုပြန်ပြီး ဖျက်ရန်မဖြစ်နိုင်သလို၊ ခန္ဓာကိုယ်တွင် ထိုးထားသော ဆေးမင်ကိုလည်း ဖျက်ရန်ခက်ပါသည်။ ထိုနည်းတူ အိမ်ထောင်တစ်ခုကို တည်ထောင်ရာတွင်လည်း အနောက်နိုင်ငံများတွင်လို ခုယူလိုက် ခုကွာရှင်းလိုက်သည် မြန်မာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်နှင့် လုံးဝ မသက်ဆိုင် ကွဲပြားခြားနားလှပါသည်။ အတုမခိုးသင့်လှပါ။
တစ်သက်တွင် တစ်ခါသာ မင်္ဂလာယူရသော မင်္ဂလာဆောင် (အိမ်ထောင်ပြုခြင်း)နှင့် ပက်သက်၍မဖြစ်ခင်က ကြိုတင်စဉ်းစားနိုင်ရန် နောင်မှ နောင်တမရနိုင်ရန်အတွက် “၂၀၀၉-ခုနှစ် သြဂုတ်လ (၁) ရက်နေ့ထုတ် ဓမ္မ၀ီရဂျာနယ်မှ လူအေး (တမာမြေ) ရေးသားတဲ့ မွေးနေ့လက်ဆောင်မွန် ဆောင်းပါးမှ အိမ်ထောင်တစ်ခုပြုတော့မယ်ဆိုရင် “ကွာသုံးကွာ၊ ပါသုံးပါ၊ ချာသုံးချာရှောင်ရမယ်” ဆိုတဲ့အချက်လေးကို ကျွန်တော် ပြန်လည်ကောက်နုက်ဖော်ပြလိုက်ပါတယ်။
ကွာသုံးကွာမှာ-
ပတမကွာကတော့ဘာသာအယူဝါဒ ကွာတာပဲဖြစ်ပါတယ်။ ကိုယ်နဲ့ဘာသာ အယူကွာတဲ့သူဆိုရင် မယူရဘူးလို့ဆိုလိုတယ်။ ယူမိရင် ရေရည်မှာ ထိခိုက်လာနိုင်ပါတယ်။
ဒုတိယကွာကတော့ လူမျိုးကွာတာဖြစ်ပါတယ်။ လူမျိုးကွာတာ ယူမိရင်ရေရှည်မှာ နင်တို့လူမျိုးကဘာ... ငါတို့ လူမျိုးကတော့ဖြင့် ဘာ ဆိုပြီး ဖြစ်လာတတ်ပါတယ်။
တတိယကွာကတော့နယ်မြေဒေသ ကွာတာဖြစ်ပါတယ်။ ဥပမာ နင်တို့ နယ်သူနယ်သားတွေ အကျင့်ကိုက ဆိုပြီးဖြစ်လာတတ်ပါတယ်။
ပါသုံးပါမှာ-
ပထမပါကတော့ အိမ်ထောင်ရေးကို ထိခိုက်လာနိုင်တဲ့ ရောဂါပါလာတဲ့သူဆိုရင်လည်း မယူရဘူး။ ယူမိရင် တော်ကြာ အိမ်ထောင်သုခ မဟုတ်ဘဲ အိမ်ထောင်ဒုက္ခ ဖြစ်သွားတတ်ပါတယ်။
ဒုတိယ ပါ ကတော့ ဆွေမျိုးသားချင်းတွေ အများကြီးပါတဲ့သူဆိုရင်လဲ ရှောင်တာကောင်းပါတယ်။ ကိုယ်ယူထားတာ တစ်ယောက်တည်း ကျွေးရတာ အများကြီးဆိုရင် ကြာတော့ငြိုငြင်လာတတ်ပါတယ်။
တတိယ ပါ ကတော့ ရာဇ၀တ်မှုတွေပါလာတဲ့သူဆိုရင်လည်းမယူပါနဲ့တဲ့။ ယူမိရင် အိမ်ထောင်ကျပြီးမှ အမှုတွေ ဖြေရှင်းနေရတာနဲ့ စီးပွားရေးတွေ ထိခိုက်စေသဖြင့် စိတ်မချမ်းမသာ ဖြစ်တတ်ပါတယ်။
ချာသုံးချာမှာ-
စီးပွားရေးချူချာတဲ့ သူရယ်၊ စီးပွားရေးအမြင်နုံချာတဲ့ သူရယ်တို့ဖြစ်ပါတယ်။ ပိုက်ဆံရှိပြီး ဘာစီးပွားရေးမှ မလုပ်တတ်တော့ ရှိတာလေးထိုင်စား ကုန်ရောဖြစ်တတ်ပါတယ်။
တတိယချာကတော့အထူးအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ အကျင့်စာရိတ္တနုံချာတဲ့ သူဆိုရင်တော့ ဝေးနိုင်သမျှ အဝေးဆုံးက ရှောင်ရန်ဖြစ်ပါတယ်။
ကွာသုံးကွာမှာပါတဲ့လူမျိုးကွာတာထက် ဘာသာအယူဝါဒကွာတာ ပိုပြီးအရေးကြီးပါတယ်။
ကျွန်တော် အမြင်ပြောရရင်တော့ဘာသာရောလူမျိုးရော အရေးကြီးပါတယ်။ သားသမီးကျင့်ဝတ်မှာပါတဲ့ စောင့်လေးမျိုးနွယ်ဆိုတဲ့ အချက်အရ ကိုယ်အမျိုးအနွယ် မပျောက်ပျက်အောင် ကိုယ်ဘဲ စောင့်ရှောက် ထိန်းသိမ်းရမှာဖြစ်ပါတယ်။
ထိမ်းမြား မင်္ဂလာပြုပြီးသောအခါတွင်လည်း ယောက်ျားဖြစ်သူကလည်း ဇနီးမယားအပေါ် လင်ကျင့်ဝတ်ငါးပါးဖြစ်တဲ့-
၁။ နှိမ့်ချ၍မဆက်ဆံခြင်း၊ မထီမဲ့မြင်မပြုခြင်း၊
၂။ စည်းစိမ်ဥစ္စာကိုအပ်နှင်းခြင်း၊
၃။ မယားအငယ်အနှောင်းမထားခြင်း၊
၎။ အ၀တ်တန်ဆာဆင်ပေးခြင်း၊
၅။ မြတ်နိုးကြင်နာမှုရှိခြင်း၊
မိန်းမဖြစ်သူကလည်း မယားကျင့်ဝတ်ငါးပါးဖြစ်တဲ့-
၁။ ချက်ပြုတ်ချုပ်လုပ်ခြင်း အိမ်တွင်းမှုကြီးငယ်ကို ကောင်းစွာစီမံလုပ်ဆောင်ခြင်း၊
၂။ ရှာဖွေစုဆောင်းရရှိသည့် ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
၃။မိမိယောက်ျားမှတစ်ပါး အခြားယောက်ျား၌ လွန်ကူးသောအကျင့်မှကင်းခြင်း၊
၎။ နှစ်ဖက်ဆွေမျိုးတို့ကို ချီးမြှောက်ခြင်း၊
၅။ နေထွက်မှနေ၀င် အိမ်မှုကိစ္စမမြဲမပြတ် လုပ်ဆောင်နေ၍ ပျင်းရိမှုကင်းခြင်း။ စတဲ့လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်အတိုင်း လိုက်နာလျှင် သာယာသော အိမ်ထောင်ကိုတည်ထောင်နိုင်မည်ဖြစ်ပါတယ်။
“လင်နဲ့မယား လျှာနဲ့ သွား ဆိုသလို” တစ်ခါတစ်ရံမှာ ခိုက်ရန်ဖြစ်ပွားတတ်ပေမယ့် တစ်ဦးနှင့်တစ်ဦး နားလည် သည်းခံခွင့်လွတ်နိုင်ရပါမယ်။
“မယားနှင့်လင်၊ ပြစ်ရှာမြင်၊
နေ့စဉ်တွေ့စမြဲ၊
ဆရာဒကာ၊ အပြစ်ရှာ။
လွယ်စွာတွေ့စမြဲ။
တပည့်ဆရာ၊ အပြစ်ရှာ၊
လွယ်စွာတွေ့စမြဲ။
စိုးရပြည်သူ၊ ပြစ်ရှာမူ၊ လွယ်ကူတွေ့စမြဲ။
တဖက်သားသူ၊ ပြစ်ရှာမူ၊
ထိုသူပြစ်ရှိမြဲတဲ့။” ဆိုတဲ့အတိုင်း ကျွန်တော်တို့တတွေ အပြစ်မမြင်ဘဲ ချစ်ခင်တာလည်း ဒီစိတ်ဘဲ၊ အပြုံးမမြင်ဘဲ အမုန်းဝင်တာလည်း ဒီစိတ်ဘဲဖြစ်ပါတယ်။ ထို့ကြောင့်စိတ်သာလျှင် အဓိကဖြစ်ပါတယ်။ ကိုယ်စိတ်ကိုယ်နိုင်အောင် ထိန်းနိုင်ရင် အရာအားလုံးအပေါ်ကောင်းတဲ့ ဘက်ကကြီးဘဲ တွေးတတ်လာမှာပါ။
ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒမိန့်ဆိုတဲ့
“သူနေရာမှာ ၀င်ခံစားကြည့်မယ်.. သူရှု့ထောင့်ကနေ ကြည့်မယ်ဆိုရင် တစ်ခြားလူကို ကိုယ်ချင်းစာတတ်ဖို့ဆိုတာ မခက်ပါဘူး”
ဆိုတဲ့စကားလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်။ 
အားလုံးသော ညီအစ်ကို မောင်နှမများ ဘ၀မှာ သာယာအေးချမ်းသော အိမ်ထောင်ပန်းကို ဆင်မြန်းနိုင်ကြပါစေ။
တေသားလေး

No comments:

Post a Comment