မန်မာ့ပညာရေးနိမ့်ကျရခြင်း၏အဓိကတရားခံ (တက္ကသိုလ်တန်းဝင်စာမေးပွဲစနစ်)


တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း များကို ထုတ်ပြန်ကြေညာခဲ့ရာ အောင်စာရင်းကြည့်ရှုနေသူများကို တွေ့ရစဉ်။
မြန်မာပြည်ပညာရေးနိမ့်ကျရခြင်း၏ အဓိကတရားခံ
 ( တက္ကသိုလ်ဝင်တန်းစာမေးပွဲစနစ်)
ဘောလုံးအသင်းတစ်သင်းတွင်ဂိုးသမားနှင့် နောက်တန်းဘောလုံးသမားများက ဂိုးမဝင်အောင်ကာကွယ်ပြီး ၊ ရှေ့တန်းသမားများက ဂိုးသွင်းနိုင်အောင် ပို့ဆောင်ပေးရာတွင် အလယ်တန်းသမားများမှ
တဆင့် ပို့ပေးရသည် ။ အလယ်တန်းသမား တစ်ယောက်ကောင်းမှ ကိုယ်လိုချင်သော ပန်းတိုင်ကို ဂိုးသွင်းနိုင်ရန် ရှေ့တန်းသမားများ ဂိုးကောင်းကောင်းသွင်းနိုင်မည် ဖြစ်သကဲ့သို့ အလယ်တန်းသမားမကောင်းပါက ကိုယ်လိုချင်သော ပန်းတိုင်ဂိုးရလိမ့်မည်မဟုတ်ပေ။ ဒါကြောင့်လည်း အလယ်တန်းသမားများကို (Key Player ) လို့ခေါ်ကြတယ်။မြန်မာနိုင်ငံပညာရေး စနစ်မှာလဲ တက္ကသိုလ်ဝင်တန်း(၁၀)တန်းဟာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ အတွက်အဓိကကျတဲ့နေရာပါ။ ဒါကြောင့် ကိုကြီးသောင်းကတော့ ဒီနေရာကို (Key Player ) လို့ သတ်မှတ်ချင်ပါတယ်။မြန်မာနိုင်ငံမှာ ရှိတဲ့လူငယ်တွေရဲ့ ဘဝ အကောင်းအဆိုး ၊ အနိမ့်အမြင့် ဒီနေရာတကြိမ်တည်း နဲ့ သတ်မှတ်ပေးလိုက်တာပါ။

နောက်တကြိမ်လည်းပြန်လည် ကြိုးစားခွင့် မရနိုင်တဲ့နေရာပါ။ ဒီတက္ကသိုလ် (၁၀တန်း) ဝင်တန်း စာမေးပွဲမှာ ရရှိတဲ့ ရမှတ်အပေါ်မူတည်ပြီး ဆရာဝန်၊အင်ဂျင်နီယာ၊တရားသူကြီး၊ကျောင်းဆရာ၊စာရေး၊စစ်ဗိုလ်၊စိုက်ပျိုးရေး၊သစ်တော စသည် ဖြင့် တက္ကသိုလ်တက်ရောင့်ခွင့်တွေကို သတ်မှတ်လိုက်တာပါဘဲ။ ဒါကြောင့်လဲ ကျောင်းသား၊ကျောင်းသူ တွေကလည်း မိမိဘဝနောင်အေးရဖို့ ၊ မိဘ တွေနဲ့ ဆရာဆရာမတွေကလည်း ကိုယ့်သားသမီး ၊ ကိုယ့်တပည့် ဒီစာမေးပွဲမှာ ကိုယ်လိုချင်တဲ့အကောင်းဆုံးဆိုတဲ့ တက္ကသိုလ်မှာ တက်ရပြီးနောင်တချိန်မှာ ချမ်းချမ်းသာသာနေရဖို့ ဆိုတဲ့ စိတ်ကူးကိုယ်စီနဲ့ တက်ညီလက်ညီလှော်ခတ်ခဲ့ကြတာပေါ့။ ဒါရဲ့ ရလဒ်ကတော့ ကျောင်းတစ်ကျောင်း ကောင်း ၊ မကောင်း ဆရာတစ်ယောက် တော်မတော် ဆိုတာကို ရမှတ်တွေ၊ဂုဏ်ထူးတွေ နှင့် သတ်မှတ်ကြတော့တာပါဘဲ၊ ခက်နေတာက ကိုကြီးသောင်းအပါဝင် မြန်မာနိုင်ငံမှာ ရှိတဲ့ မိဘ ၉၉.၉၉% ဟာ ကိုယ့်သားသမီးကို ဆရာဝန်ဖြစ်စေချင်ကြတဲ့သူတွေချည်းပါဘဲ.. ဒီတော့ အမှတ်ကောင်းမှ ၊ ဂုဏ်ထူးထွက်မှ ဆရာဝန်လိုင်းရမှာဆိုတော့ ကျောင်းသား၊ကျောင်းသူကလည်း နားလည်ဖို့ မလို စာရဖို့သာလိုတယ်ဆိုပြီး အချိန်ရှိသရွှေ့ စာဘဲတွန်းကျက်သလို ဆရာတွေကလည်း စာသင်ဖို့ မကြိုးစားတော့ ဘဲ .. တစ်ခောက်လောက်ဘာသာပြန်ပီး အချိန်ရှိသရွေ့ နှုတ်တိုက်ချပေး၊ပြီးတော့ အပြန်ပြန်အလှန်လှန်လေ့ကျင့်…..ပြီး တလုံးမကျန်ပြန်ချရေး….. ဒါဆို အမှတ်ကောင်းပီကွ. ဒါမျိုးကျောင်းမှ ကျောင်းအောင်း .. ဒီလို သင်နိုင်တဲ့ ဆရာ မှ ဆရာကောင်း ၊ ဒီလို ကျက်မှတ်နိုင်တဲ့ ကျောင်းသား လူတော်ဆိုပြီး မိဘရော ပါတ်ဝန်းကျင်ရော ၊နိုင်ငံတော် ကပါ မြိုင်မြိုင်ဆိုင်ကြီး အနှစ်(၂၀) လောက်မြှောက်စားလိုက်ကြတာ ဒီနေ့ ကျောင်းသား၊ကျောင်းသူတွေ စာမတတ်ဘူးဆိုတဲ့ပြသနာ ပေါ်လာတာပါဘဲ။

အောင်စာရင်းထွက်လာတဲ့အခါ ကိုယ့်သားသမီး အမှတ်ကောင်းနှင့်အောင်ဖို့မိဘများကလည်း နည်းပေါင်းစုံ နဲ့ ရှိသမျှပုံအောပြီး ဘောင်အတွင်းကရော၊ဘောင်အပြင်ကရောပေါ့…။ ဒီမှာတင် အေးချမ်းစွာ နေလာခဲ့ကြတဲ့ ဆရာ ဆရာမတွေဟာ ငွေနဲ့ ရင်းနှီးကုန်ကြတယ်။  ငွေနဲ့ပျော်မွေ့လာကြတယ်…….. ငွေကို သိက္ခာနဲ့ လဲတတ်လာကြတယ် ။ တိုင်ပြည်တစ်ပြည်မှာ ပညာအမွေပေးတဲ့ ဆရာဆရာမ ဖောက်ပြန်ရင် ဒီပညာရေးစနစ်ကျဆုံးတာပါဘဲ…..။ ဒီလို (၁၀) တန်း တက္ကသိုလ်ဝင်တန်းက စလိုက်တဲ့ ဇတ်လမ်းက သူငယ်တန်းမှ ပါရဂူဘွဲ့အထိ အကျိုးသက်ရောက်ပါတယ် ။ ဒီနေ့ မိဘများသားသမီး အရွယ်ရောက်လို့ ကျောင်းစထားကတည်းက ကလေးတွေကို လူရှေ့သူရှေ့ကို ရောက်ရင် သားသား၊မီးမီး ကြီးလာရင် ဘာလုပ်မှာလဲလို့ မေးရင် သားသားက ဆရာဝန်လုပ်မှာ ၊ အင်ဂျင်နီယာကြီးလုပ်မှာ စသည်ဖြင့် ပြောခိုင်းပြီး စတင်ပုံသွင်းလာကြတယ်…..။ ကျောင်းထားတဲ့ အခါမှာလည်း အမှတ်နဲ့အဆင့်ကို ပိုမိုခုံမင်လာအောင် စာတတ်ဖို့ ထက် ဒါတွေရဖို့ သက်ဆိုင်ရာ ဆရာ၊ဆရာမ များကိုနည်းပေါင်းစုံနှင့် ချဉ်းကပ်ကြတယ်။ ငွေပေးပြီး ကျူရှင်သင်ခိုင်းတယ်၊ ပါတိတ်ကန်တော့ကြတယ်၊မုန့်ပုံး ကန်တော့ကြတယ် ။ ဒီအခါမှာ လိုတရသည်ရှိ မရသည်လည်းရှိပေါ့…….. ။ ရသည့်အခါ ပြုံးပြုံး နှင့် မရသည့်အခါ တော့ ကုန်းကုန်းဆဲပေါ့….။

ဒီလို နှင့် စဉ်ဆက်မပြတ်အကဲဖြတ်အတန်းတင် စာမေးပွဲစနစ်လည်းစရော စာမေးပွဲမှာ ပါမှာလေး ပြောလိုက် .. ၊ ကျက်လိုက် ၊ အမှတ်တွေကောင်းလိုက် ။ အဆင့်တွေရလိုက် နှင့်မိဘတွေ ပျော်ပျော်ကြီး ဖြတ်သန်းလာခဲ့လိုက်တာ တစ်နိုင်ငံလုံး ပညာရေး စုန်းစုန်းမြုပ်ပါလေရောလား ။ နောက်ဆုံးအဆင့် ကုန်ကုန်ပြောရရင် သင်္ချာ ကိုတောင် စဉ်းစားတွက်ချက်တာ မဟုတ်တော့ပဲ အလွတ်ကျက်တဲ့အထိ ဖြစ်လာကြတယ်။ သေသေချာချာမေးကြည့်ကြစမ်းပါ .. သင်္ချာမှာ ရာပြည့်တို့ ၊ ဂုဏ်ထူး တို့ ရတဲ့ သူတွေတောင်မှ သင်္ချာကို ကျက်ပီးဖြေကြတယ်။ တန်းစဉ်စာတတ်ဖို့ ထက် အမှတ်ကောင်းဖို့ ၊ ဂုဏ်ထူးရဖို့ မက်လိုက်ကြတာ ဒီဆယ်တန်းစာမေးပွဲပြီး အမှတ်ကောင်းမှ လိုင်းကောင်းရမယ်ဆိုတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်ကြောင့်ပါ။ အံ့သြစရာပြောရဦးမယ် ဒီအဖြစ်ပျက် အများစုက ရန်ကုန် ၊ မန္တလေးလိုမြို့ကြီးတွေမှာဘဲ အဖြစ်များတာ ၊ ကျန်တဲ့ တပြည်လုံး ဘာသံမှ မကြားရသလောက်ပါဘဲ။ ဘာသာရပ်ဆိုင်ရာသင်ကြားတဲ့ ဆရာဆရာမကလည်း မပြည့်စုံ ၊ တစ်ယောက်တည်း နှစ်ဘာသာ သုံးဘာသာ တတ်တတ်မတတ်တတ် ၊ ကြိုးစားသင် ၊ ကျောင်းမလာလာချင်အောင် ၊ ကျောင်းသားကိုချော့မော့ ပေးကျွေးသင်ပြီး အောင်မြင်သွားကြတဲ့ ကျောင်းသားကျောင်းသူတွေ လည်းရှိမှရှိ ၊ ပေါမှပေါပါခင်ဗျ။ ဒီအကြောင်းတွေ ဒီလောက်ဖြစ်နေရလောက်အောင် တက္ကသိုလ်ဝင်တန်း (၁၀) တန်းစာမေးပွဲစနစ်မှာ ဘာတွေ မှားခဲ့ကြတုန်း ဆက်လက်ပြီးလေ့လာကြည့်ရအောင်…………………

(၁) တက္ကသိုလ်ဝင်တန်း အမှတ်ဖြင့် လူငယ်များ၏ဘဝကို အဆုံးဖြတ်ပေးနေခြင်း
၁၉၈၀ မတိုင်ခင်က တက္ကသိုလ်ဝင်တန်းအမှတ်တခုတည်းနှင့် မိမိတို့ သင်ကြားလိုသော ဘာသာရပ်ကိုသင်ကြားရခြင်းမဟုတ်ဘဲ ( Regional) ခေါ် ဒေသကောလိပ်မှ အမှတ်နှင့်ပေါင်းပြီးမှ မိမိတို့စိတ်ကြိုက် တက္ကသိုလ် တက်ရောက်ခွင့်ပြုတဲ့အတွက်ကြောင့်တက္ကသိုလ်ဝင်တန်းမှာ ချွတ်ချော်မှူ တစ်စုံတစ်ရာ ဖြစ်ခဲ့ရင်တောင်မှ ကျောင်းသားကျောင်းသူဟာ ထပ်မံကြိုးစားခွင့်ရနေကြပါတယ်။ဒီနောက်ပိုင်းမှာတော့ တက္ကသိုလ်ဝင်တန်း အမှတ်တခုတည်းနှင့်သတ်မှတ်လိုက်တော့ ဒီတစ်ကြိမ်အမှတ်မကောင်းရင် ဘဝပျက်သလောက်နီးနီးမိဘနှင့်ကျောင်းသားကျောင်းသူ များက ခံစားပစ်လိုက်ကြတော့တယ်…။ နိုင်ငံတကာမှာတော့ ဘာသာရပ်တွေကို အမှတ်မကောင်းလို့ ရှိရင် အမှတ်ကောင်းတဲ့အထိ အကြိမ်ကြိမ်ပြန်ဖြေဆိုခွင့်ပြုထားတယ်၊စာမေးပွဲကြေးထပ်မံပေးသွင်းပြီးတော့ပေါ့ ။ ပြီးတော့ နှစ်သက်ရာ ဘာသာကိုလည်း ခွဲခြားဖြေဆိုခွင့်ပြုထားသေးတယ် ။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာ ကျင်းပတဲ့စာမေးပွဲမှာ ( ၆ - ဂ ) ရက်အတွင်းမှာ ကျင်းပတဲ့အတွက် သိပ်ပြီးတော့ ပင်ပန်းပါတယ်. ပြီးတော့ တစုံတစ်ရာ ချို့ယွင်းမှူကြောင့် အမှတ်မကောင်းခဲ့ရင် လည်းပြန်လည်ဖြေဆိုခွင့်မပေးပါဘူး .။ နိုင်ငံတကာမှာ လနှင့်ချီပြီးဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့ ဆီမှာလည်း အလွန်ကောင်းတဲ့စာမေးပွဲစနစ်တခုရှိပါတယ် ။ ကောင်းမှန်းသိရက်နဲ့ ခေတ်ပညာတတ်တွေ အတုမယူတတ်ကြဘူး ။ အဲဒါကတော့ တိပိဋက စာမေးပွဲပါ ၊ ကိုယ့်ဝန်ကိုယ့်အားနိုင်သလောက် တစ်ကျမ်းချင်းခွဲဖြေလို့ ရပါတယ် ။နှစ်အကန့်အသတ်မရှိပါဘူး ။ နိုင်ငံတကာမှာလည်း ဖြေဆိုနေကြတဲ့ ( GCE ‘O’ ‘A’ level ) လို့ခေါ်တဲ့နိုင်ငံတကာ တက္ကသိုလ်ဝင်စာမေးပွဲတွေလည်းထို့နည်းတူပါဘဲ ။

(၂) တက္ကသိုလ်ဝင်တန်းသင်ရိုးညွှန်းတမ်းမကြာခဏပြောင်းလဲခြင်း
ဒေသကောလိပ် စနစ်စတင်ဖျက်သိမ်းသော ၁၉၈၀ခုနှစ်ကျော်လောက်မှ စတင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတည်မငြိမ် အကြိမ်ကြိမ်ပြောင်းလဲခဲ့ခြင်းသည်လည်း ပညာရေးညံ့ဖျင်းရခြင်းတွင် အကြောင်းတခု ဖြစ်သည်။ ပြောင်းလဲခြင်းဆိုရာဝယ် ခေတ်နှင့်ညီသော အကြောင်းအရာကိုပြောင်းခြင်းမဟုတ်ဘဲ ဘာသာရပ်များကို မြန်မာလို သင်ကြားနေရာမှ အင်္ဂလိပ်လို ပြောင်း ၊ အင်္ဂလိပ်လိုမှ မြန်မာလို ပြောင်းလိုပြောင်း ၊ ပထဝီ ၊ သမိုင်း ၊ ဘောဂဗေဒ ပေါင်းလိုက်ခွဲလိုက် ၊ ဓါတု၊ရူပ၊ဇီဝ ပေါင်းလိုက်ခွဲလိုက် နှင့် အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ခြင်းသည် မြန်မာ့ပညာရေး ကို များစွာ နိမ့်ကျနောက်ကျစေခဲ့သည်။ ကျောင်းသားကျောင်းသူများအတွက် အစမ်းသပ်ခံပညာရေးသက်သက်ဖြစ်ခဲ့ရသည်။

(၃)တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံညံ့ဖျင်းခြင်း
နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများစစ်ဆေးရာတွင် နားလည်တတ်ကျွမ်းမှူကို သာ အဓိကထားစစ်ဆေးသော မေးခွန်းပုံစံဖြစ်သည်။ ဥပမာဆိုရသော် - ဓာတု၊ရူပ၊ဇီဝ ဘာသာရပ်များတွင် ( Easy Type ) မေခွန်းများထက် ( Multiple Choice) ( True or False) (Matching) စသော နားလည်မှူကိုသာ အဓိက မေးမြန်းစစ်ဆေးအမှတ်ပေးကြသည် ။သင်္ချာဘာသာရပ်တွင်လည်းသတ်မှတ်ထားသော တွက်နည်းတမျိုးတည်းမဟုတ်ဘဲ မိမိနှစ်သက်ရာ လမ်းကြောင်းဖြင့် အဖြေရောက်သည့် တိုင် တွက်ချက်လျှင် အမှတ်ပေးကြသည်။ ထို့ကြောင့် ဆရာ ဆရာမ နှင့် ကျောင်းသား ကျောင်းသူ များကလည်း အလွတ်ကျက်ဖို့ ထက် နားလည်နိုင်သမျှ နားလည်အောင် ၊ တတ်ကျွမ်းသည်ထက် ပိုမို တတ်ကျွမ်းအောင်ကြိုးစားကြရသည် ။ ပင်ပင်ပမ်းပမ်း မရှိလှပေ။ ကျွန်တော်တို့ နိုင်ငံရှိ တက္ကသိုလ် ဝင်တန်း စာမေးပွဲ မေးခွန်းလွှာအများစုမှာ ( Essay Type ) များကိုသာမေးလေ့မေးထရှိသည် ။ထို့အတွက်ကြောင့် အင်္ဂလိပ်စာ အားနည်သော ကျောင်းသားကျောင်းသူ အများစုမှာ နားလည်ရန်ထက် ( Parrot Learning ) စာကို အလွတ်ရရန်သာ ကြိုးစားကျက်မှတ်ကြတော့သည်။ဘာသာရပ်တစ်ခု တိုးတက်သိမြင်ရန်အတွက် တီထွင်ကြံဆခြင်း ၊ တိုးတက်ခြင်းရှိအောင် မဆောင်ရွက်လိုကြတော့ပေ။ဒါ့အပြင် ၁၉၈၈ ခုနှစ်ပတ်ဝန်းကျင်မှစတင်၍မေးခွန်းပေါက်ကြားမှူမရှိစေရန်ဟူသော မမှန်ကန်သည့် အကြောင်းပြမှူ ဖြင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမေးခွန်း တစ်စုံသာထုတ်ဝေစစ်ဆေးရာမှ ပြည်နယ်နှင့် တိုင်းအလိုက် မေးခွန်း (၁၁)စုံဖြင့် ခွဲခြားစစ်ဆေးခဲ့ကြသည် ။ ပြီးတော့ အခြေခံပညာအထက်တန်းစာမေးပွဲ (Matriculation Exam ) မှ တက္ကသိုလ်ဝင်စာမေးပွဲ (University Entrance ) ဟုပြောင်းလဲပြီး စာမေးပွဲနှင့် ပက်သက်သမျှကို တက္ကသိုလ်မှ အပြီးအပိုင် ထိန်းချုပ်ခဲ့သည် . ။ ဒီအတွက် ထူးခြားမှူ မရှိမဆိုနိုင်သော်လည်း ပညာရေး ဘတ်ဂျက်များသည်ကား ပိုမိုကုန်ကျခဲ့သည်ကိုတွေ့ခဲ့ရသည်။ ထိုစနစ်မှ အမြတ်ရခဲ့သည်မှာ နိုင်ငံတော်လည်း မဟုတ် ကျောင်းသားကျောင်းသူများလည်မဟုတ် မေးခွန်းထုတ်ဝေရာ တက္ကသိုလ်များရှိ ပါမောက္ခချုပ်ကြီးများသာလျှင် ဖြစ်သည် ၊ တစ်နှစ် သိန်း (၁၀၀) နှင့် အထက် မြတ်စွန်းရယူခဲ့ကြသည်မှာ တက္ကသိုလ်အသိုင်းအဝိုင်းတခုလုံးအသိပင် ။ ကျောင်းသားကျောင်းသူ များအား သင်ရိုး ဘောင်အတွင်းမှ မေးမြန်းသည်ဆိုသော်လည်း မေးခွန်းမတူသဖြင့် ရမှတ်များလည်းမတူခဲ့ကြသည့်အပြင် မိမိလိုရာပန်းတိုင်နှင့်လွဲချော် နစ်နာဆုံးရှုံးခဲ့ကြသည်များမှာလည်း ဒု နှင့် ဒေး ။ ဒီလို မညီမျှမှူများ လစ်ဟာချက်များရှိနေသော မေးခွန်း (၁၁)စုံ မှ မေးခွန်းတစ်စုံသို့ပြောင်းလဲ၇န် ကျင်းပနေသော ပြည်သူ့လွတ်တော် တွင် အဆိုပြုရာတွင် မေးခွန်းတစ်စုံထက် မေးခွန်း (၁၁) စုံမှ ပိုမိုလုံခြုံသည်ဟူသော အဖြေဖြင့်ပြန်လည်ဖြေကြားရာ ကြားရသူတိုင်းပြုံးခဲ့ကြရသည် ။ ကျောင်းသားကျောင်းသူ များနစ်နာဆုံးရှုံးမှူထက် မိမိတို့ အတွက် အခွင့်အရေးများ ဆုံးရှုံးရန် မလိုလား သော ပါမောက္ခချုပ်ကြီးများ နှင့် ညွှန်ချုပ် ၊ ဝန်ကြီး တို့ အားလုံး အကွက်ဆင် ဂွင်ရိုက်ထားခြင်း ဖြစ်သည် ။

(၄) တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာမျာစစ်ဆေးပြီး အောင်စာရင်းထုတ်ပြန်မှူ ညံ့ဖျင်းခြင်း
နိုင်ငံတဝှမ်း ပြည်နယ်နှင့်တိုင်းအလိုက် မေးခွန်းများဖြင့် ဖြေဆိုပြီးခဲ့ကြသော အဖြေလွှာများကို သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင်စစ်ဆေးရာတွင်လည်း -
(က) စာစစ်မှူးချုပ်များသည် သင်ရိုးအပေါ်တွင် စူးစမ်းလေ့လာမှူအားနည်းကြသည် ၊ထို့အတွက်ကြောင့် မေးခွန်းထုတ်ရာတွင်လည်းကောင်း ၊ ဖြေဆိုခဲ့သော  အဖြေလွှာများကို စစ်ဆေးရန်အတွက် အမှတ်ပေးစည်းမျဉ်းများကို ရေးဆွဲခဲ့ရာတွင် အမှားအယွင်းများရှိခဲ့ကြသည် ၊ သိနားလည်သူများမှ ပြင်ဆင်ရန်တင်ပြခဲ့သော်လည်းမိမိအမှားအတွက် တာဝန်မယူဘဲ ပြင်ဆင်မပေးခြင်း (၉၅%)
(ခ) စာစစ်သူအများစုမှာလည်း တက္ကသိုလ်ဝင်တန်းသင်ရိုးနှင့် ပက်သက်၍ ရင်းနှီးကျွမ်းဝင်မှူ မရှိခြင်း လေ့လာမှူ မရှိခြင်း (၉၀%) ထို့အတွက် အမှတ်ပေးရာတွင် အခက်အခဲများရှိခြင်း ။ အမှားအယွင်းများခြင်း ။
(ဂ)သက်ဆိုင်ရာ ဘာသာရပ်များကို စစ်ဆေးရာတွင်လည်း အစိုးရမှ ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းစာအုပ်ထဲမှ အတိုင်း ၏ ၊ သည် မလွဲ ဖြေဆိုမှသာ အမှတ်ပေးခြင်း ၊ တစ်လုံးတလေ မှားလျင်တောင်မှ အမှတ်လျော့ခြင်းကြောင့် အမှတ်ပေးစည်းမျဉ်းဟုပင်မခေါ်ကြဘဲ အမှတ်လျော့စည်းမျဉ်းဟု ပင်ခေါ်ကြခြင်း ၊ ပြဋ္ဌာန်းစာအုပ်နှင့် တိုက်ဆိုင်စစ်ဆေးသည် ဆိုရာတွင်လည်း ပြဋ္ဌာန်းစာအုပ်များကို ပုံနှိပ်ထုတ်ဝေသည့် နေရာများဖြစ်ကြသော နေပြည်တော်ပုံနှိပ်စက်ရုံ ၊ အထက်မြန်မာပြည်ပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံ များမှ အသီးသီးထုတ်ဝေသော ပြဋ္ဌာန်း စာအုပ်များသည်ပင် တစ်အုပ်နှင့် တစ်အုပ်ပါသည့်စာသားများ လွဲချော်ခြင်း ။
(ဃ) ကျောင်းသားကျောင်းသူ မှ မိမိတတ်ကျွမ်းမှူအား မိမိနားလည်သလို (Sentences) ဖြင့် ရေးသားခြင်းကို လုံးဝအမှတ်မပေးခြင်း ၊ သင်္ချာ ဖြေဆိုရာတွင်လည်း သတ်မှတ်ထားသော တွက်နည်းမှ လွဲ၍ အခြား နည်းဖြင့်တွက်လာပါက အဖြေရောက်သော်လည်း အမှတ်မပေးခြင်း
(င) အောင်စာရင်းပြုစုရာတွင်လည်း ကျွန်တော်တို့ ခေတ်တုန်းက တစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်း (၈ - ၁၂% ) ခန့်မှ ယနေ့အချိန်တွင် အောင်ချက်ရာခိုင်နှုန်း (၄၀%) ကျော်ရှိခြင်းမှာ ပညာရေးတိုးတက်မှူ မဟုတ်ပဲ သက်ဆိုင်ရာ ပညာရေးအစီအမံများကိုဖော်ဆောင်ခဲ့ကြသူများမှ မိမိတို့ဖေါ်ဆောင်ထားသော စနစ်မအောင်မြင်မှူ့ကိုဖုံးကွယ်ရန်အတွက် ( Moderation Marks ) များပေးကာ အောင်မှတ်နှိမ့်ချထားခြင်း ။ ထို့အပြင် တက္ကသိုလ်များ အမြောက်အများဖွင့်လှစ်ကာ ကျောင်းသားမရှိခြင်းဟူသော ပြသနာကို ဖြေရှင်းခြင်း ထိုသို့ဆောင်ရွက်ခြင်းရလာဒ်မှာ တက္ကသိုလ်တွင် စာလုံးဆင့်ပါလျှင်တောင် မဖတ်တတ်သော ကျောင်းသားများ ဖြစ်လာကြခြင်း ။ (ဥပမာဆိုရသော် ပညာရေးဝန်ကြီး ဦးသန်းအောင်လက်ထက်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းထွက်ပြီးနောက် တိုင်ကြားစာ တစ်ခု ကိုစစ်ဆေးရာတွင် အများစုမှာ တအံ့တဘြ ဖြစ်ကြရသည် ။

ထိုကျောင်းသားတိုင်ကြားရခြင်းမှာ စာမေးပွဲအောင်မြင်သော ကြောင့် တိုင်ကြားခြင်းဖြစ်သည် ။ အမှန်မှာ ထိုကျောင်းသားသည် မိမိရလိုသော အမှတ်မရနိုင်သော ကြောင့်နောက်ဆုံး ဘာသာရပ်ဖြစ်သော ဇီဝဗေဒ တွင် ဖြေဆိုသမျှ အဖြေအားလုံး အားကန့်လန့်ဖြတ်ခြစ်၍ ကျရှုံးအောင် လုပ်ထာပါလျှက် အောင်မြင်လာသောကြောင့် တိုင်ကြားရခြင်းဖြစ်သည်။ဖြစ်စဉ်များကို ပြန်လည်စစ်ဆေးရာတွင် ထိုကျောင်းသား ခြစ်ချထားသည်မှာလည်းမှန်သည် ၊ စာစစ်သူမှ ခြစ်ချထားသည်မှ လွတ်နေသော စာအားစစ်ဆေးရာတွင် ရမှတ် (၂)မှတ်ရှိနေပါသည် ။ ယင်းနှစ်စာမေးပွဲစစ်ဆေးမှူအရ ကျောင်းမှန်မှန် ပုံမှန်တက်သည်ဟု စာရင်းပို့ထားသူ အား ကျရှုံးဘာသာရပ်တွင် ( CPR) အမှတ် (၂၅) မှတ် ထည့်ပေါင်းရန်ညွှန်ကြားထားသော ကြောင့် ထိုကျောင်းသား သည် စုစုပေါင်း ၂၇ မှတ်ရရှိသွားပြီး ထိုနှစ်က ဇီဝဗေဒ (Moderation Marks ) မှတ်အား (၂၇) မှတ်အထိလျော့ချလိုက်သော ကြောင့် ထိုကျောင်းသားဖြေဆိုရာ ကျရှုံးခြင်သော ကြောင့် ခြစ်ချရာတွင် ၂ မှတ်ရပြီးစားမေးပွဲအောင်သွားခြင်းကို အံ့ဘြဘွယ်တွေ့ရှိရသည် ။(ကိုယ်တွေ့)၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှားများပြောရရင် တစ်ထောင့် တညပုံပြင်ကဲ့သို့ဆုံးနိုင်ဘွယ်ရာမမြင် ။
ဒါကြောင့် မြန်မာနိုင်ငံပညာရေးနိမ့်ကျရခြင်းအဓိကအကြောင်းရင်းများထဲတွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲစနစ်သည် တစ်ခု အပါအဝင်ဖြစ်ကြောင်းကို လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည် ။ ယခုပုံစံဖြင့် ကျင်းပနေသော တက္ကသိုလ်ဝင်တန်း စာမေးပွဲပုံစံအား ပြုပြင်ပြောင်းလဲမှူမပြုသမျှ မပြင်ဆင်သမျှ မိဘများရော ကျောင်းသားကျောင်းသူများရော ဆရာဆရာမ များအားလုံးအမှတ်ကောင်းရေးကိုသာ ဆက်လက်ဦးတည် သင်ကြားကြမည်သာ ဖြစ်သည်။

မြန်မာနိုင်ငံပညာရေးမှာလည်းနိမ့်ပြီးရင်းနိမ့်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ ။ ထိုအခါ ယခုနိုင်ငံတော်က ပညာရေးတိုးတက်မှူအတွက်ဆောင်ရွက်နေသော ( Students Centre Approch ) ကျောင်းသားဗဟိုပြုသင်ကြားရေး ဆိုသည်မှာ ရယ်ရွှင်ဖွယ်ရာ အကြောင်းရာတစ်ရပ် ဖြစ်ယုံမှ တပါး အခြားမရှိနိုင်ပေ ။
ကိုကြီးသောင်း (အရာတော်)

No comments:

Post a Comment