ဆောက်လုပ်ရေး လုပ်သားများ တော်ဝင်ကုမ္ပဏီကို ဆန္ဒပြ


ရန်ကုန် (မဇ္ဈိမ) ။       ။ လုပ်အားခ တိုးမြှင့်ပေးရန်၊ လုပ်အားခ အချိန်မှန်ပေးချေရန်နှင့် လုပ်ငန်းခွင် သာယာရေး
ဆောင်ရွက်ပေးရန်တို့ ပါဝင်သည့် တောင်းဆိုချက် ၁၆ ချက်ဖြင့် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် တော်ဝင် ဆောက်လုပ်
ရေးကုမ္ပဏီ လုပ်သားများက ကြာသပတေးနေ့တွင် ဆန္ဒပြကြသည်။

အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက် ဖန်စက်လမ်း မုဒိတာအိမ်ယာ အမှတ် ၂ မှ ဆောက်လုပ်ရေးလုပ်သား ၇ဝဝ ခန့်က တော်ဝင် ကုမ္ပဏီသို့ တောင်းဆိုကြခြင်း ဖြစ်သည်။

အလုပ်ရှင်မှ လုပ်အားခ ပုံမှန်မပေးခြင်းကြောင့်လည်း အခက်အခဲများ ဖြစ်ပေါ်နေရသည်ဟု ဆန္ဒပြ အလုပ်သမားတဦး က မဇ္ဈိမကို ပြောသည်။
workerright
အင်းစိန်မြို့နယ် ပေါက်တောရပ်ကွက် မုဒိတာအိမ်ယာ အမှတ် ၂ မှ လုပ်သား ၇ဝဝ ခန့်က လုပ်အားခ တိုးမြှင့်ပေးရန်၊ လုပ်အားခများ အချိန်မှန်ပေးချေရန်၊ လုပ်ငန်းခွင် သာယာရေးဆောင်ရွက်ပေးရန် တော်ဝင် ဆောက်လုပ်ရေးကုမ္ပဏီအား ဇွန်လ ၂၈ ရက်နေ့က ဆန္ဒပြနေကြစဉ်။ (ဓါတ်ပုံ - မျိုးသန့် ၊ မဇ္ဈိမ)

“သမီးတို့က တနေ့လုပ်မှ တနေ့စားရတာ သမီးတို့မှာ အကြွေးတွေ ဝိုင်းနေပြီ။ အမှန်အတိုင်း ပြောပြတာ။ သမီးတို့ကို မရှင်းပေးတာ သုံးပတ်ရှိပြီ။ သမီးတို့ အခန်းတွေလည်း ပြန်ပြင်ပြီးနေရတာ တသောင်းကျော် ကုန်တယ်။ လိုင်းခန်းကြေး ကလည်း တသောင်းကျော် ပေးရတယ်။ မပေးနိုင်တော့ သမီးတို့ကို လိုင်းခန်းကနေ ဆင်းခိုင်းတယ်” ဟု မဇ္ဈိမကို
ပြောသည်။

အလုပ်သမားတို့၏ တောင်းဆိုချက်များတွင် အလုပ်ပိတ်ရက်ကို ကြိုတင် အကြောင်းကြားရန်၊ ကြိုပို့ကားများ စီစဉ်
ဆောင်ရွက်ပေးရန်၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခြင်း မပြုရန်၊ သက်ကြီး အလုပ်သမားများနှင့် ကိုယ်ဝန်ဆောင် အလုပ်သမား အမျိုးသမီးများအတွက် ခံစားခွင့်များပေးရန်တို့လည်း ပါဝင်သည်။

အဆိုပါ ဆန္ဒပြပွဲကို အလုပ်သမားညွှန်ကြားမှုဦးစီဌာန ဦးစီးအရာရှိ၊ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်နိုင် က အလုပ်သမားနှင့်အလုပ်ရှင်တို့ကြား ညှိနှိုင်းပေးခဲ့ပြီး ဆန္ဒထုတ်ဖေါ်မှုကို ခေတ္တရပ်ဆိုင်းထားလိုက်သည်။

ဆန္ဒထုတ်ဖေါ်ပွဲသို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ရန်ကုန်တိုင်း အလုပ်သမားရေးရာ ဒုတိယ တာဝန်ခံ ဦးအောင်စိုး လည်း လာရောက်ညှိနှိုင်းပေးခဲ့သည်။

“သူတို့ရဲ့ လိုလားချက်တွေကို ငြိမ်းချမ်းစွာ တင်ပြပါ။ အလုပ်သမားနဲ့ ပိုင်ရှင်နဲ့ ပြဿနာ မဖြစ်အောင်၊ အလုပ်သမားတွေ ကလည်း တည်ဆဲဥပဒေတွေ မဖေါက်အောင် ကျနော်တို့ လာရောက် ညှိနှိုင်းတာပါ။ ကျနော်တို့ ပါတီတွေကိုလည်း အလုပ်သမား အလုပ်ရှင် ပြဿနာရှိရင် သွားရောက်ညှိနှိုင်းပေးပါဆိုတဲ့ တာဝန်ပေးချက်ရှိပါတယ်” ဟု ဦးအောင်စိုးက မဇ္ဈိမကို ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဇော်ဇော်မင်းလည်း အဆိုပါ ဆန္ဒထုတ်ဖေါ်ပွဲသို့ ရောက်ရှိ ညှိနှိုင်းပေးခဲ့ပြီး “လောလောဆယ်မှာတော့ ခိုင်မာတဲ့ဥပဒေတရပ် မရှိသေးသရွေ့ ဒီအလုပ်ရှင် အလုပ်သမားပြဿနာတွေ ဖြစ်နေဦး မှာပဲ။ အလုပ်သမားတွေရဲ့ အခြေခံလစာနဲ့ ပတ်သက်ပြီးတော့ ခိုင်မာတဲ့ ဥပဒေ မရှိသေးတဲ့အတွက်လည်း ပါတယ်။ လွှတ်တော်ကနေ ဥပဒေတွေကို မြန်မြန်လေး ချမှတ်ဖို့လိုတယ်” ဟု ပြောသည်။

မုဒိတာအိမ်ယာ အမှတ် (၂) ကို ဇန်နဝါရီလမှစ၍ တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီမှ စတင်ဆောက်လုပ်ခဲ့ပြီး အခန်းပေါင်း တထောင်ကျော် ပါဝင်ဖွဲ့စည်းထားသည်။ ရှစ်ထပ် အမြင့်ရှိမည်ဖြစ်သည့် အဆိုပါ အဆောက်အဦးကို အဆောင် A နှင့် B ဟူ၍ အဆောင် နှစ်ဆောင် ခွဲထားသည်။

No comments:

Post a Comment