ဆေးသိပ္ပံနည်းကျ သတိပြုဖွယ်များ


( မျက်နှာသစ် )
မျက်နှာသစ်ရာတွင် ဆပ်ပြာလျှော့သုံးပါ၊ ဖြစ်နိုင်လျှင် ဆပ်ပြာမသုံးပါနဲ့၊ ရေပူ ရေအေး တလှည့်စီဖြင့် မျက်နှာကိုပွတ်ပေးခြင်းသည် ပို၍ မျက်နှာအရေပြားကို ပိုမိုသန့်ရျင်း ကျန်းမာတင့်တယ်စေပါသည်၊ ပွတ်သည့်အခါတွင် အောက်မှအထက် အပြင်မှ အတွင်းသို့ ပွတ်ရပါမည်၊ နေ့စဉ် မျက်နှာသစ်သည့်အခါတွင် များသောအားဖြင့် အထက်မှ အောက်သို့သာ ပွတ်လေ့ရှိသည်၊ ဤသို့ပြုခြင်းသည် သွေးလည်ပတ်မှု လမ်းကြောင်းနှင့် ဆန့်ကျင်နေ၍ ပါးရေတွန့်ခြင်း၊ အရေပြားတွဲကျခြင်းတို့ကို ပိုမိုမြန်ဆန်စေပါသည်။
*********************************************************************************

( လက်များများဆေး တုပ်ကွေးကာကွယ်ပေး )
လူတယောက်၏ နှာခေါင်းပေါက်အတွင်းပိုင်းသည် စိုစွတ်နွေးထွေး၍ တုပ်ကွေးရောဂါ ဗိုင်းရပ်ပိုး ပွားများရန်သင့်လျော်သော နေရာကောင်းတခုဖြစ်သည်။
ရောဂါပိုးကပ်ငြိနေသောလက်ဖြင့် မျက်စိပွတ်မိပါက ပိုးမွှားများကို မျက်ရည်ပြွန်မှတဆင့် နှာခေါင်းပေါက်အတွင်းပိုင်းသို့ ရောက်သွားစေနိုင်သည်၊ နှာခေါင်းပေါက် နှိုက်ခြင်းဖြင့် ပိုးမွှားများကို တိုက်ရိုက် နှာခေါင်းပေါက်အတွင်းပိုင်းသို့ အရောက်ပို့နိုင်ပါသည်၊ နှာခေါင်းပေါက်အတွင်းပိုင်းသို့ ရောဂါပိုးမွှား ရောက်ရှိပွားများနေလျှင် တုပ်ကွေးရောဂါကို ခံစားရဖွယ်ရှိသည်၊ ထို့ကြောင့် လက်များများဆေးခြင်းဖြင့် ပိုးမွှားကပ်ငြိခြင်းမှ ကာကွယ်ရမည်၊ ဖြစ်နိုင်လျှင် နှာခေါင်းပေါက်ကို လက်ဖြင့် မကလော်ဘဲ အပေါ်မှသာ ဖျစ်ညှစ် နှိပ်နယ်သင့်ပါသည်။
*********************************************************************************

( ရေနွေးဖြင့် ခြေဆေးပါ )
လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံရှုထောင့်မှကြည့်လျှင် ခြေထောက်အစုံသည် နှလုံးမှ အဝေးဆုံးဖြစ်သည်၊ သွေးကြောများ၏ အစွန်အဖျားများ ရှိသည်၊ ထို့ပြင် ခြေဖ၀ါး အရေပြားအောက် အဆီလွှာသည် ပါးလွှာသည်၊ အပူထိမ်းသိန်းနိုင်စွမ်း အားနည်းသည်၊ ခြေပိုင်းသည် ခန္ဓာကိုယ်တွင် အပူချိန်အနိမ့်ဆုံးနေရာဖြစ်သည်၊
ခြေအစုံ အအေးမိလျှင် တကိုယ်လုံး တုံ့ပြန်အေးမှု ဖြစ်ပေါ်နိုင်သည်။
အကယ်၍ အမျိုးသမီးများ ရာသီလာချိန်၊ ကိုယ်ဝန်ရှိချိန်တွင် ခြေအအေးမိပါက မီးယပ်ကိုင်၊
ကိုယ်ဝန်ပျက်ကျ စသည်တို့ ဖြစ်တတ်သည်၊ ထို့ကြောင့် မည်သည့်ရာသီတွင်မဆို ခြေထောက်ဆေးမည်ဆိုပါက အေးသောရေကို မသုံးဘဲ နွေးသောရေကို အသုံးပြုသင့်ပါသည်။
*********************************************************************************

( ထမင်းစားပြီး ချက်ချင်း ရေမချိုးသင့် )
ထမင်းစားပြီးလျှင်ပြီးချင်း ရေချိုးလျှင်လည်း ကျန်းမာရေးနှင့် မညီပေ၊ စားသောက်ပြီးချိန်တွင် လူ့ခန္ဓာကိုယ်တွင်းရှိ အစာချေစနစ်သည် ၀န်ပိပြီး အစာအိမ်နှင့် အူလမ်းကြောင်းသို့ သွေးများ ပိုမိုရောက်ရှိနေသည်၊ ထိုအချိန်၌ ရေချိုးပါက အရေပြားသို့လည်း သွေးကြောများ ကျယ်ပြန့်မှုကြောင့် သွေးများ ပိုမိုရောက်ရှိပြီး ဦးနှောက်သို့ သွေးရောက်မှု နည်းသွားပါမည်၊ ထို့ကြောင့် အသက်ကြီးသူနှင့် နှလုံးသွေးကြောရောဂါရှိသူများ ပိုမို၍ ဂရုပြုသင့်ပါသည်။
*********************************************************************************

( ရေချိုးချိန် တိုရမည် )
ရေပူချိုးချိန်ကြာလျှင် ခေါင်းမူး၊ မျက်စိပြာ၊ ရင်ဝမွန်းကျပ်၊ နှလုံးခုန်နှုန်းမြန်၊ သွေးတိုး စသည့် ရေပူချိုးခြင်း အဆိပ်သင့်ရောဂါစုံ ရတတ်ပါသည်။
ရေအေးချိုးချိန်ကြာလျှင်လည်း အအေးမိရောဂါ ရတတ်ပါသည်၊ ထို့ကြောင့် ကျန်းမာရေးနှင့်ညီရန် ရေချိုးချိန် တိုရပါမည်။
*********************************************************************************

( ကိုယ်တိုက်ဆပ်ပြာ အသုံးလွန်ခြင်း )
လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် ချွေးထုတ်ပြွန်များ အပြည့်ရှိသည်၊ ယင်းပြွန်များမှ အဆီများနှင့် ချွေးများကို ထုတ်ပေးလေ့ရှိပြီး အရေပြားနှင့် ဆံပင် အမွှေးအမှင်များကို စိုစွတ်နူးညံ့စေသည်၊ ကိုယ်ခန္ဓာအပူချိန်ကို ထိမ်းသိန်းပေးထားသည်၊ ထို့ပြင် ယင်းတို့သည် ပူးပေါင်း၍ အက်စစ်ဂုဏ်သတ္တိကိုပြုပြီး ရောဂါပိုးမွှားကို သေစေနိုင်သည်၊ ထို့ကြောင့် ဆပ်ပြာအသုံးများလျှင် အရေပြားအဆီကို များစွာလျော့နည်းသွားစေနိုင်ပြီး ရောဂါပိုးမွှား ကာကွယ်အား ကျဆင်းသွားနိုင်သည်၊ အရေပြား ရုန်းပြန်အား လျော့နည်းသွားစေနိုင်ပြီး အိုလွယ်စေနိုင်ပါသည်။
( ၂၀၀၂-မေလထုတ် တရုတ်ဘာသာဖြင့် ထုတ်ဝေသော Baojian Shibao စာစောင်မှ ထုတ်နှုတ်ဘာသာပြန်ဆိုပါသည် )

( ပါမောက္ခ ဒေါ်ခင်ဖြူ-မြင်းခြံ )
( မြတ်မင်္ဂလာ ၂၀၀၈-ဒီဇင်္ဘာ )

No comments:

Post a Comment