နစ်နာကြေးမရဘဲ အသိမ်းခံခဲ့ရတဲ့ လယ်သမားတွေ ရင်ဖွင့်


ဦးကြည်လှိုင် (ရွှေပြည်သာမြို့နယ် အုတ်ဖိုရွာ)
ကျနော်တို့ကတော့ ဘိုးဘွားတွေလက် ထက်ကတည်းကနေပြီးတော့ ရထားတဲ့လယ်မြေတွေ။ မြေဧကအားလုံး၂၇.၇၉ ဧက ရှိတယ်။ ကျနော့်အဒေါ် ဒေါ်အေးနာမည်နဲ့ ပေါက်တယ်။ ၁၉၈၆ နောက်ပိုင်း ကျနော်တို
့ လုပ်ကိုင်ခွင့်မရတော့ဘူးဗျ။ အိုးအိမ်ကနေ သိမ်းတယ်ဗျာ။ ဘာလုပ်မယ်ဆိုတာ မသိဘူး။ အဲဒီအချိန်က ဘယ်သူ့မေးရမယ်ဆိုတာလဲ ကျနော်တို့ မသိ ဘူး။ အခုကြတော့ စက်မှုဇုန်လို့လည်း ပြောသံကြားတယ်။ အိမ်ရာကွက်လို့လည်း ပြောသံကြားတယ်။ စက်မှုဇုန်ဆိုရင် လည်း စက်ရုံအလုပ်ရုံတွေဆောက်ရင် ကျနော်တို့သား သမီးတွေ အလုပ်ဝင်လုပ်လို့ရမယ်။ အခုဟာက နှစ်ပေါင်း ၂၀ လောက်သိမ်းထားပြီး ဘာမှမလုပ်တဲ့အတွက်ကြောင့် ကျနော်တို့မှာလဲ ဘာမှ လုပ်ကိုင်စားသောက်လို့မရဘူး။ အိမ်ရာ ကွက်ဆိုရင်လည်း ဘယ်လိုလူတွေကို ဘယ်လိုပေးထားသလဲ။ အခုချိန်အထိ လာဆောက်တာလဲ မရှိဘူး။
ကျနော်တို့ ဆိုလိုချင်တဲ့သဘောက ဒီနေရာမှာ အိမ်ကွက်တွေပေးတယ်ဆိုရင်လည်း နစ်နာထားတဲ့ လယ်သမားတော့ ရ သင့်သေးတာပေါ့။ ကျနော်တို့မှာတော့ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး အလုပ်အကိုင်မရှိ၊ အနှစ် ၂၀ ပေးထားတယ်ဆိုပေမယ့် လာလဲ မဆောက်ဘူး။ လယ်သမားတွေကို ဘာတခုမှ ပေးတာမရှိဘူး။ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ဒီလောက်နစ်နာနေတဲ့ လယ်သမားတွေကို သင့်တော်သလို ပြန်လည်ဆောင်ရွက်ပေးပါလို့။ ဒီနားမှာတော့ အသိမ်းခံရတာတော့ လယ်သမားဦး ပိုင် များတယ်။ ကျနော်တို့ကတော့ လယ်သမားတွေ ပေါင်းပေါင်းစည်းစည်းနဲ့ တင်ပြချင်တယ်။ ဘယ်လိုဖြစ်နေလဲ ဆို တော့ ဟိုးတုန်းက အစဉ်အလာအရ ပြန်ပြီးတော့ တင်ပြရမှာကို ကြောက်နေကြတယ်။ အဖမ်းပဲခံရမလား။ အရေးယူပဲ ခံ ရမလား ဆိုပြီးတော့ စိုးရိမ်ကြတယ်။ ခံစားနေရတာတော့ သူတို့ရင်ထဲမှာ ခံစားနေရတာအမှန်။ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ သူတွေကို ပြန်ချပေးမယ်ဆိုလည်း ဟောဒီမှာ လွတ်နေတာတွေ မြင်တဲ့အတိုင်းပဲ။
အဖွားဒေါ်အေးရီ (ရွှေပြည်သာမြို့နယ် အုတ်ဖိုရွာ)
အဖွားလယ် ၁၄ ဧကရှိတယ်။ အဖွား ဒီလယ်တွေ အသိမ်းခံရပြီးတော့ တူတွေတူမတွေ ကျွေးတာစားရတာပေါ့။ အဖွား လယ်တွေကို သိမ်းတဲ့ခုနှစ်တောင် မသိတော့ပါဘူး။ တူ၊ တူမတွေရဲ့ ထောက်ပံ့ကြေးနဲ့စားရတာပေါ့။ ဘယ်လုပ်နိုင်တော့ မလဲ။ သူတို့သိမ်းမှတော့ မကျေနပ်လည်း ဘာမှလုပ်မရဘူးလေ။ ကောင်းတော့ဘယ်ကောင်းမလဲ။ ငယ်စဉ်ကတည်းက သမရိုးကျလုပ်စားလာတာ။ သိမ်းသွားတော့ လက်တို၊ ငါးရိုးမြတ် ဘာလုပ်စားလို့ရမလဲ။ တခြားအလုပ်လဲ လုပ်မစား တတ်ဘူး။ လယ်တွေ သိမ်းသွားတုန်းကလည်း တပြားမှပေးသွားတာ မဟုတ်ပါဘူး။ နစ်နာမှုတွေအတွက် ပေးရင်လည်း လိုချင်တာပေါ့။ မပေးရင်လည်း ဘာမှမတတ်နိုင်ပါဘူး။ ပြောလည်း မပြောတတ်တော့ပါဘူး။
ဒေါ်ခင်ချို (ဆရာမ) (ရွှေပြည်သာမြို့နယ် အုတ်ဖိုရွာ)
အဖွားဒေါ်တောမယ်ရဲ့မြေးပါ။ အဖွားသမီးတွေဖြစ်တဲ့ အသက် ၉၀ ကျော် အဖွားအိုတွေကို လုပ်ကိုင်ကျွေးမွေးနေတာပါ။ အန်တီတို့ရွာက အုတ်ဖိုရွာပေါ့။ အုတ်ဖိုရဲ့ဟိုဘက်ကို VIP ပေးလိုက်တယ်။ အုတ်ဖိုရွာ ဒီဘက်ကိုကျော်ပြီး အန်တီတို့ လယ်ကိုသိမ်းလိုက်တယ် Second VIP ဆိုပြီး ချလိုက်တယ်။ အမှတ်(၄) လမ်းမကြီးနဲ့ အိမ်ရာချပေး ထားတဲ့နေရာကြား မှာ ကွက်လပ်ကြီး ဖြစ်နေတယ်။ သိမ်းတာက ၉၆-၉၇ ခုနှစ်ထဲမှာ။ သိမ်းပြီးတော့လည်း လယ်လုပ်လို့ရနေသေးတယ်။ ဒီမှာအုတ်ရိုးလာချတာက ၂၀၀၁ ခုနှစ်လောက်ကမှ နိုင်ငံတော်ကလိုလို။ ဘာလိုလိုဆိုတော့လည်း အန်တီတို့ အနေနဲ့က နိုင်ငံတော် စက်ရုံတခုခုဆောက်မှာပဲထင်ပြီး ရှောင်နေလိုက်တာပေါ့။ နိုင်ငံတော်အတွက်လည်း မဟုတ်ဘူး။
အခြေခံလူတန်း စားတွေအတွက်လဲ မဟုတ်ဘဲနဲ့ ဘယ်သူ့အတွက် ဖြစ်နေမှန်းလဲ မသိဘူး။ အန်တီတို့က လယ်ပြန်လုပ် ခွင့်ရမယ်ဆိုလည်း လုပ်ချင်တယ်။ ဆိုင်လေးတခုခုဆောက်ပြီး ဈေးဆိုင်လေး ဖွင့်ခွင့်ရမယ်ဆိုလည်း လုပ်ချင်တယ်။ ဘ၀ အသက်မွေး ၀မ်းကျောင်းအတွက်၊ ဒီလယ်မြေဆုံးရှုံးမှုအတွက် အန်တီတို့ တခုခုလုပ်ချင်တယ်။ ပုဂ္ဂလိကလက်ထဲမှာ ရှိ နေလား၊ အစိုးရလက်ထဲမှာ ရှိနေလား ဆိုတာလဲ မသိရပါဘူး။ ဒီလယ်တွေသိမ်းသွားပြီးတဲ့အခါမှာ အခက်တွေ့ရတာပေါ့။
ဝန်ထမ်းဆိုတော့ ရတဲ့လခလေးနဲ့ လူကြီးတွေကို ကျွေးလို့တော့ရတယ်။ လှူလို့မရဘူး။ လူမှုရေးလုပ်ငန်းတွေ နည်းသွား တယ်။ ဒီလို ဆုံးရှုံးနစ်နာမှုတွေအပေါ် ၀န်ထမ်းတယောက်အနေနဲ့ ယခင်ကတောင်းဆို ခဲ့ဖူးခြင်းမရှိပါဘူး။ အခုတောင်း ဆိုချင်ပါတယ်။ အန်တီတို့တောင်းဆိုချင်တာက အန်တီတို့ပိုင်တဲ့ လယ်မြေကို နိုင်ငံတော်ကသိမ်းပြီး အစိုးရ အဆောက် အဦဆောက်မယ်ဆိုရင် အန်တီတို့ ကျေနပ်မှာပါ။ ဒီလိုမဟုတ်ဘဲ ရာထူးအာဏာနဲ့ဖိပြီး အခြေခံလူတန်းစားဆီက သိမ်း တာမျိုးဆိုရင်တော့ အနိုင်ကျင့်မှုလို့စွပ် စွဲချင်ပါတယ်။ ဒီလိုကိစ္စတွေကို ပြောချင်ပါတယ်။ ရင်ထဲမှာပဲ သိမ်းထားရလို့ပါ။
မဆန်းဆန်းဦး (ရွှေပြည်သာမြို့နယ်၊ သာဓုကန်ကျေးရွာနှင့် ကျောင်းကုန်းကျေးရွာမှ)
၁၉၈၇- ၈၈ လောက်မှာ လယ်သိမ်းလိုက်တဲ့အခါမှာ ကျမ အဖေက လယ်လုပ်ပြီးသားသမီးတွေကို ကျောင်းထားတဲ့အခါ မှာ ပညာရေးကလည်း တ၀က်တပျက်တွေ ဖြစ်ကုန်တယ်။ ကျမတို့ဆို ၆ တန်းလောက်ပဲ ရှိသေးတယ်။ ဆက်ပြီးတော့ ကျောင်းတက်နိုင်တဲ့အခြေအနေ မရှိတော့ဘူး။ မိသား စု ၁၂ ယောက်ရှိပါတယ်။ အားလုံးက ဒီလယ်ယာမြေကို မှီခိုအား ထားပြီး စားဝတ်နေရေးကို ဖြေရှင်းခဲ့ရတာ။ ယခုအထိ ကျောင်းမပြီးခဲ့ပါဘူး။ မိသားစုတွေ ဘာလုပ်စားကြမလဲလို့ တိုင်ပင် တဲ့အခါမှာ ဈေးရောင်းစားခဲ့ရတယ်။ ကြွပ်ကြွပ်အိတ် မပေါ်သေးတဲ့အချိန်မှာ သင်္ချိုင်းကုန်းမြေမှာ ပေါက်ရွက်တွေသွားခူး။ ဈေးမှာပြန်ရောင်းပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းခဲ့ရပါတယ်။

No comments:

Post a Comment