ပွေ့ဖက်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

by Health Articles on Monday, June 18, 2012 at 10:21am ·


လူတစ်ဦးနဲ့ တစ်ဦး ပွေ့ဖက်တာက မျက်လုံးချင်း ဆုံပြီး ကြည့်တာထက် ပိုပြီး အကျိုးကျေးဇူးများပါတယ်။  လူတွေဟာ ကိုယ်ချစ်ခင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ ဆုံတဲ့အခါ ပွေ့ဖက်နှုတ်ဆက်လေ့ ရှိပါတယ်။ အဲဒီလို ပွေ့ဖက်တာကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး
ငါးမျိုး ရှိပါတယ်။

၁. ပွေ့ဖက်တာက စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်   

ပွေ့ဖက်တာကြောင့် စိတ်ခံစားမှု ကောင်းမွန်စေတဲ့ ဟော်မုန်း အောက်ဆီတိုစင် ထွက်ရှိစေပါတယ်။ “အောက်ဆီတိုစင်ဟာ ပျော်ရွှင်မှု အလုံးစုံကိုလည်း တိုးစေတယ်” လို့ ပျော်ရွှင်မှုအကြောင်း စာပေရေးသားသူ စိတ်ပညာရှင် အဲလိဇဘတ်က ဆိုပါတယ်။  ပွေ့ဖက်တာ၊ လက်ချင်းဆုပ်ကိုင်တာ အပါအဝင် လိင်ဆွဲဆောင်တဲ့ အပြုအမူ အားလုံးဟာ ဦးနှောက်ထဲမှာ အောက်ဆီတိုစင်လို ဓာတ်တွေ ထွက်ရှိစေတာကြောင့် စိတ်ခံစားချက် ကောင်းမွန်စေပြီး ပျော်ရွှင်မှုကို ရရှိစေပါတယ်။ တစ်ဦးနဲ့ တစ်ဦး ပွေ့ဖက်တာကြောင့် အန်ဒေါ်ဖင်ဟော်မုန်းလည်း ထွက်ရှိစေပါတယ်။ အန်ဒေါ်ဖင် ဟော်မုန်းဟာ လေ့ကျင့်ခန်း လုပ်ပြီးချိန်နဲ့ ချောကလက် စားပြီးချိန်တွေမှာ ထွက်လေ့ရှိပြီး စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းပါ။

၂. ပွေ့ဖက်တာက  ဆွဲဆောင်မှု ရှိစေပါတယ်  

ပွေ့ဖက်တာကြောင့် ရရှိနိုင်တဲ့ အသိသာအထင်ရှားဆုံး အကျိုးကျေးဇူးကတော့ ဘဝအဖော်နဲ့ နီးနီးကပ်ကပ် ထိတွေ့မှုရှိတာပဲ ဖြစ်ပါတယ်။ ပွေ့ဖက်တာကြောင့် လိင်စိတ်ကို လှုံ့ဆော်နိုင်တဲ့ ဟော်မုန်းဖြစ်တဲ့ ဒိုပါမင်းဟော်မုန်းကိုလည်း ထွက်ရှိစေပါတယ်။

၃. ပွေ့ဖက်တာက  စိတ်ဖိစီးမှုနဲ့ သွေးဖိအားကို လျော့ကျစေပါတယ်  

လူတစ်ယောက်က တခြားချစ်တဲ့သူ တစ်ဦးနဲ့ အရေပြားချင်း ထိတွေ့မှုရှိတာကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။ အကြောင်းကတော့ ပွေ့ဖက်တာ၊ နမ်းတာတွေလို အရေပြားချင်း ထိတွေ့မှု ကြောင့် တစ်ဦးနဲ့ တစ်ဦး ချည်နှောင်ပေးတဲ့ အောက်ဆီတိုစင် ဟော်မုန်းကို အထွက်တိုးစေပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ သွေးဖိအား လျော့ကျတာကြောင့် နှလုံးရောဂါ အန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ပွေ့ဖက်တာက စိတ်ဖိစီးမှုနဲ့ ပူပင်သောကတို့ကို လျော့ပါးစေပါတယ်။

၎. ပွေ့ဖက်တာက အမျိုးသမီးတွေကို ကလေးတွေ၊ ခင်ပွန်းတွေနဲ့ သံယောဇဉ် ပိုတွယ်စေပါတယ် 

တစ်ဦးနဲ့ တစ်ဦး မကြာခဏ ချစ်ချစ် ခင်ခင်ပွေ့ဖက်တာက လူတွေကို ကျန်းမာရေး ကောင်းမွန်စေပါတယ်။ အကြောင်းကတော့ အထီးကျန်မှု ကင်းဝေးပြီး စိတ်ခံစားမှုပိုင်းဆိုင်ရာ ထိစပ်မှုကို ထင်ရှားစေတဲ့ အချက်ဖြစ်လို့ပါ။ အောက်ဆီတိုစင်ဟာ ကလေးမွေးတာ၊ မိခင်နို့ချို တိုက်ကျွေးတာတွေနဲ့ နီးကပ်စွာ ဆက်စပ်မှုရှိတဲ့ Neuropeptide  တစ်မျိုးပါ။ လတ်တလော လေ့လာမှုအရ ပွေ့ဖက်မှုကြောင့် မိခင်နဲ့ ကလေးကြား ခိုင်မြဲတဲ့ သံယောဇဉ်ကို ဖြစ်ထွန်းစေတယ်လို့ သိရပါတယ်။  ကလေးတွေ ဒါမှမဟုတ် ဘဝအဖော်နဲ့ ပွေ့ဖက်မှုကြောင့် အမျိုးသမီးတွေဟာ (မလုံခြုံတဲ့ ခံစားချက်မျိုး ရှိရာကနေ) လုံခြုံတဲ့ ခံစားချက်မျိုးကို ဖြစ်ပေါ်စေတယ်လို့ ဘေလာ ဆေးတက္ကသိုလ်က တွဲဖက်ပါမောက္ခလိန်းက ရှင်းပြပါတယ်။

၅. ပွေ့ဖက်တာက ဆက်ဆံရေးကို  ပိုပြီး ကောင်းမွန်စေပါတယ်  

ချီကာဂိုရှိ အိမ်ထောင်ရေးသုတေသီ ဒေးဗစ်က အိမ်ထောင်သည်စုံတွဲတွေကို ပွေ့ဖက်မှုကြောင့် တစ်ဦးနဲ့ တစ်ဦး ဘယ်လိုခံစားရတယ်ဆိုတာကို လေ့လာခဲ့ပါတယ်။ အိမ်ထောင်သည်စုံတွဲ အများစုက ပွေ့ဖက်မှုဟာ တစ်ဦးနဲ့တစ်ဦး နားလည်မှုနဲ့ ကိုယ်ချင်းစာနာစိတ်တို့ ဖြစ်ပေါ်စေပြီး “မင်းဘယ်လိုခံစားနေရတယ်ဆိုတာ ကိုယ်နားလည်ပါတယ်” ဆိုတဲ့ စကားမျိုးကို ဖော်ပြရာရောက်ကြောင်း သိရစေတယ်လို့ သူက ရှင်းပြပါတယ်။ ဒါဟာ စုံတွဲတွေကြားမှာ စကားလုံးတွေနဲ့ ရှင်းပြစရာ မလိုဘဲ တစ်ဦးနဲ့တစ်ဦး နားလည်မှု ရရှိစေတဲ့နည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါကြောင့် အိမ်ထောင်သည် စုံတွဲတွေ အနေနဲ့ ပိုကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ချင်ရင် ပွေ့ဖက်ပေးကြဖို့ ဒေးဗစ်က အကြံပြုထားပါတယ်။       

ကေအမ်
Ref: Good Health
Source:  http://news.yatanarpon.com.mm/news/news-57708

No comments:

Post a Comment