မကြာခဏ ခံစားရလေ့ရှိသော လေပွခြင်းနှင့် ပတ်သက်၍




ဝမ်းဗိုက်ပြည့်အင့်ပြီး တင်းကျပ်ကျပ်ဖြစ်ကာ လေပွတာကို ခံစားနေရတာကြောင့် မအီမသာ ဖြစ်နေပါသလား။  ဆေးပညာရှင်တွေက လေပွတာမဖြစ်အောင် ကာကွယ်နည်းတွေကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်တယ်လို့ အကြံပြုထားပါတယ်။ ဝမ်းဗိုက်မှာ အဆီတွေ စုနေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း လေပွတာပြီး ဝမ်းဗိုက် တင်းကျပ်ကျပ်ဖြစ်တာကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ခံစားရနိုင်ပါတယ်။ လေပွတာက အသည်းနဲ့ နှလုံးရောဂါတွေ ခံစားရတာကြောင့် ဖြစ်နိုင်ပေမယ့် အများစု ခံစားရတတ်တာကတော့ အူအတွင်းရှိ လေတွေကြောင့်ပါ။ အစားအစာတွေကြောင့် လေပွတာ၊ ဝမ်းချုပ်လို့ လေပွတာ စတဲ့ လေပွတာကို ဖြစ်စေတဲ့ အကြောင်းတွေ များစွာ ရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။


ဝမ်းမချုပ်ပါစေနှင့်

အမျှင်ဓာတ်အစားနည်းတာ၊ ရေသောက်နည်းတာနဲ့ လှုပ်ရှားမှု မရှိတာတွေကြောင့် ဝမ်းချုပ်စေပြီး လေပွတာကို ဖြစ်စေတယ်လို့ Mayo Clinic မှ သုတေသီ Michael Jensen က ပြောပါတယ်။ ဝမ်းချုပ်တာကြောင့် လေပွတာမဖြစ်အောင် အမျှင်ဓာတ် များစွာ ပါဝင်တဲ့ ကောက်နှံတစ်ခုလုံး၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်တွေ စားပေးပါ။ အမျိုးသမီးတွေအတွက် တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်နဲ့ အမျိုးသားတွေအတွက် ၃၈ ဂရမ် စားသုံးသင့်ပါတယ်။ ရေကို တစ်နေ့ ၆-၈ ခွက်သောက်ပါ။ လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက်နဲ့ တစ်ပတ် ငါးရက်လုပ်ပါ။

လက်တို့စ်နှင့် ဓာတ်မတည့်မှုမှ ရှောင်ကြဉ်ပါ

အစားအစာတွေနဲ့ ဓာတ်မတည့်တာကြောင့် လေပွတာကို ဖြစ်စေပါတယ်။ ဆရာဝန်ရဲ့ အတည်ပြုချက်ကို ရယူဖို့တော့ လိုပါတယ်။ အများစုက တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ မေးမြန်းမှုမရှိဘဲ ကိုယ့်ဘာသာ ထင်မြင်ချက်နဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မစားဘဲ ရှောင်တတ်ကြပါတယ်။ တကယ်လို့ သင်နဲ့ မတည့်ဘူးလို့ သံသယရှိတဲ့ အစားအစာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး အကြံပြုချက် ရယူပါ။ လက်တို့စ် ပါဝင်တာကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းတွေနဲ့ မတည့်ပါက လက်တို့စ် ပါဝင်မှုနည်းတဲ့ ဒိန်ချဉ်သောက်ပါ။

အစာ အမြန်မစားပါနှင့်

အစာကို သိပ်ကြေညက်အောင် မဝါးဘဲ အမြန်မျိုချတာကြောင့် လေတွေဝင်ပြီး လေပွတာကို ဖြစ်စေပါတယ်။ အစာစားတဲ့အခါ ဖြည်းဖြည်းနဲ့ ကြေညက်အောင် ဝါးစားပါ။ သင်ထမင်းစားချိန်က အနည်းဆုံး နာရီဝက်လောက်တော့ ပေးသင့်ပါတယ်။ ဖြည်းဖြည်းနဲ့ အစာကြေညက်အောင် ဝါးစားတာက လေပွတာကို ကာကွယ်ပေးတဲ့အပြင် ဆာလောင်မှုကို တင်းတိမ်စေတာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။

ကာဗွန်ဖြည့်သွင်းထားသော အချိုရည်များ လျှော့သောက်ပါ

ကာဗွန်ဖြည့်သွင်းထားတဲ့ အချိုရည် သောက်တဲ့အခါ ဝမ်းဗိုက်ထဲမှာ လေတွေ ကျန်နေပြီး လေပွတာကို ဖြစ်စေပါတယ်။ ကာဗွန်ဖြည့်သွင်းထားတဲ့ အချိုရည်တွေ သောက်မယ့်အစား ရှောက်၊ သံပရာနဲ့ သခွားရနံ့ ဖြည့်စွက်ထားတဲ့ ရေသောက်ပါ။ ပင်စိမ်းခတ်ထားတဲ့ လက်ဖက်ရည် သောက်ပေးတာက လေပွတာကို သက်သာစေပါတယ်။

ပီကေ အလွန်အကျွံ မဝါးပါနှင့်

ပီကေဝါးတဲ့အခါ လေတွေကို မျိုချမိတာကြောင့် လေပွတာကို ဖြစ်စေပါတယ်။ သင်က ပီကေဝါးတတ်တဲ့အကျင့် ရှိပါက ပီကေဝါးပြီးတဲ့အခါ သကြားလုံး စားပေးပါ၊ ဒါမှမဟုတ် အမျှင်ဓာတ်များစွာ ရနိုင်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အဆီနည်းပြောင်းဖူးပေါက်ပေါက် စားပေးပါ။

အချိုဓာတ် ဖြည့်စွက်ထားသော အစားအစာများကို ရှောင်ပါ

သဘာဝမဟုတ်တဲ့ အချိုဓာတ် ဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို အလွန်အကျွံ စားသောက်တာကြောင့်လည်း လေပွတာကို ဖြစ်စေပါတယ်။ တစ်နေ့ကို သဘာဝမဟုတ်တဲ့ အချိုဓာတ် ဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို နှစ်ကြိမ်-သုံးကြိမ်ထက် ပိုမစားသင့်ဘူးလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

ဆားလျှော့စားပါ

အဆင်သင့် ပြုလုပ်ရောင်းချတဲ့ အစားအစာတွေမှာ ဆားလွန်ကဲစွာ ပါဝင်ပြီး အမျှင်ဓာတ် မပါဝင်သလောက် နည်းပါးတာကြောင့် လေပွတာကို ဖြစ်စေပါတယ်။ အဆင်သင့်ပြင်ဆင် ရောင်းချတဲ့ အစားအစာတွေကို ဝယ်ယူတဲ့အခါ ပါဝင်ပစ္စည်းတွေကို သေချာစွာ ဖတ်ပြီးမှ ဝယ်ယူသုံးစွဲပါ။ သင်ဝယ်ယူတဲ့ အဆင်သင့် အစားအစာတွေမှာ ဆား ၅၀၀ မီလီဂရမ်ထက် ပိုမပါသင့်ပါဘူး။ ဆားစားသုံးမှုက တစ်နေ့ကို ၁၅၀၀-၂၃၀၀ မီလီဂရမ်ထက် မပိုသင့်ပါဘူး။

အစာကြေလေနိုင်ဆေး သောက်ပါ

သင်က ပဲအမျိုးမျိုးနဲ့ ပန်းဂေါ်ဖီစိမ်း၊ ပဲပင်ပေါက်၊ ဂေါ်ဖီထုပ်တွေကို စားလေ့စားထမရှိဘဲ စားပါက လေပွတာကို ဖြစ်စေပါတယ်။ ဒီအစားအစာတွေက အာဟာရဓာတ်ကြွယ်ဝတာကြောင့် လေပွမှာစိုးလို့ ရှောင်ကြဉ်တာမျိုး မလုပ်သင့်ပါ။ ဒီအစားအစာတွေစားပြီး လေပွပါက အစာကြေလေနိုင်ဆေး သောက်ပေးနိုင်ပါတယ်။

အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

တစ်နေ့ကို မနက်စာ၊ နေ့လယ်စာနဲ့ ညစာဆိုပြီး အနပ်ကြီး သုံးနပ်ကို အဝစားမယ့်အစား နည်းနည်းနဲ့ အကြိမ်ရေ များများစားပေးပါ။ ဒီလိုစားတာကြောင့် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ပြီး ဆာလောင်မှုကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။

လေပွခြင်းမှ ကာကွယ်ပေးနိုင်သော အစားအစာများကို စားပါ

လေ့လာမှုတွေအရ ပင်စိမ်းခပ်ထားတဲ့ လက်ဖက်ရည်၊ ချင်း(ဂျင်း)၊ နာနတ်သီး၊ တရုတ်နံနံပင်နဲ့ ဒိန်ချဉ်တွေ သောက်သုံးပေးတာက လေပွတာကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Ref: Good Health
Source: http://news.yatanarpon.com.mm/news/review-61378

No comments:

Post a Comment