ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ Bangkok Bank မှတစ်ဆင့် ပြည်တွင်းရှိ ဘဏ်ခြောက်ခုသို့ ငွေစတင်လွှဲပြောင်းနိုင်ပြီဖြစ်ကြောင်း သိရ


ထိုင်းနိုင်ငံတွင် တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံရှိ Bangkok Bank မှတစ်ဆင့် ပြည်တွင်းရှိ ဘဏ်ခြောက်ခုသို့ ငွေစတင်လွှဲပြောင်းနိုင်ပြီဖြစ်ကြောင်း Bangkok Bank Public Company မှ တာဝန်ရှိ သူတစ်ဦးက သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ပြုလုပ်ခဲ့သည့် Bangkok Bank ၏ Yangon Representative Office in new location ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများသာ Bangkok Bank မှတစ်ဆင့် ငွေလွှဲပြောင်းနိုင်ပြီး ပြည်တွင်းရှိအစိုးရဘဏ်နှစ်ခုဖြစ်သော မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ၀ယ်ရေးဘဏ်(MICB) နှင့် ပုဂ္ဂလိကဘဏ်လေးခုဖြစ်သော ကမ္ဘောဇဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank)၊ ဧရာဝတီဘဏ်နှင့် CB ဘဏ်တို့ ငွေလွှဲပြောင်းမှု ပြုလုပ်နိုင်ကြောင်း သိရသည်။  မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံသို့ ငွေလွှဲပြောင်းရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ယခုကဲ့သို့
ငွေလွှဲပြောင်းခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ငါးသန်းခန့်ရှိကြောင်း၊ ယင်းအထဲတွင် တရားဝင်မှတ်ပုံတင်ထားသည့် အလုပ်သမားဦးရေ နှစ်သန်းခန့်ရှိသည်ဟု သိရသည်။ အလုပ်သမားအနေဖြင့် မြန်မာနိုင်ငံသို့ ငွှေပြန်လည်လွှဲရာတွင် ယခင်က ဟွန်ဒီလုပ်ငန်းများဖြင့်သာ ငွေလွှဲပို့ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။
''ထိုင်းမှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေ Bangkok ဘဏ်ကနေတစ်ဆင့် မြန်မာပြည်ကို ငွေလွှဲလို့ ရပါပြီ။ အခုလောလောဆယ်မှာတော့ အလုပ်သမားတွေပဲ စတင်လွှဲပြောင်းနိုင်တာဖြစ်ပြီး တရားဝင်မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေပဲ သြဂုတ်လကစပြီး လွှဲပြောင်းပေးနိုင်ပါပြီ။ မြန်မာအလုပ်သမားတွေ အများကြီးရှိတဲ့ မဲဆောက်၊ မဲဆိုင်၊ ရနောင်း၊ မဟာချိုင် စတဲ့ဒေသတွေမှာ Bangkok Bank အခွဲတွေ ရှိတယ်။ အဲဒီကနေ လွှဲလို့ရပါတယ် ''ဟု Bangkok Bank Public Company မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
Bangkok Bank အနေဖြင့် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၁၉၉၅ ခုနှစ်ကတည်းက ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်တွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခဲ့ကြောင်း၊ ကိုယ်စားလှယ်ရုံးကို ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ပြည်လမ်းတွင်လည်းကောင်း၊ ၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့အထိ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး သြဂုတ် ၃၁ ရက်နေ့မှစတင်ကာ Chatrium Hotel တွင် ပြောင်းလဲဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Bangkok Bank အနေဖြင့်  ထိုင်းနိုင်ငံတွင် ဘဏ်ခွဲပေါင်း ၁၀၀၀ ကျော်ရှိပြီး ဟောင်ကောင်၊ အင်ဒို နီးရှား၊ ဂျပန်၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ဗြိတိန်၊ အမေရိကန်၊ ဗီယက်နမ်၊ တရုတ်၊ မလေးရှား၊ မြန်မာနိုင်ငံတို့နှင့် ချိတ်ဆက်ဆောင်ရွက်ရန် ရုံးခွဲ ၂၆ ခုကို ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

From: EMG

No comments:

Post a Comment