ဝန်ကြီးများနှင့် ပြည်တော်ပြန်တို့ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းရန် သဘောတူ


ရန်ကုန် (မဇ္ဈိမ) ။        ။ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်သည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်နှင့် သမ္မတရုံး ဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း ဦးစိုးသိန်းတို့ တနင်္ဂနွေနေ့ တွေ့ဆုံမှုအတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့သည် ဟု ကိုမိုးသီးဇွန်က ပြောသည်။

“ကျွန်တော်တို့ ရှေ့ကိုဆက်ပြီးလုပ်မယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေမှာ အားလုံး အစိုးရနဲ့ လက်တွဲဆောင်ရွက် သွားမယ်။ အစိုးရကလည်း ကျွန်တော်တို့နဲ့အတူ လက်တွဲဆောင်ရွက်မယ်။ ကျွန်တော်တို့ ရှေ့ကို ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အတူတူ လက်တွဲလုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက်တွေရှိပါတယ်။” ဟု ကိုမိုးသီးဇွန် က ပြောသည်။


သမ္မတရုံး ဝန်ကြီးများနှင့် ပြည်တော်ပြန်တို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ ငြိမ်းချမ်းရေးစင်တာတွင် တနာရီခွဲကြာ
တွေ့ဆုံမှုအတွင်း တိုင်းရင်းသားအရေးကိစ္စများ၊ ကျောင်းပညာရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့သည်ဟု ကိုမိုးသီးဇွန် က သတင်းထောက်များကို ပြောသည်။

ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာ နိုင်အောင်သည် သြဂုတ်လ ၃၁ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ ရောက်ရှိ လာပြီး ၈၈ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်သည် စက်တင်ဘာ ၁ ရက်နေ့ နံနက်တွင် အမေရိကန်နိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ ထိုသူများသည် မြန်မာနိုင်ငံအတွင်း သီတင်းလေးပတ်ခန့် နေထိုင် သွားကြမည် ဖြစ်သည်။

ထိုသူများသည် Black List စာရင်းတွင် ပါဝင်ပြီး ပြည်ဝင်ခွင့် ပိတ်ထားခံရရမှ သြဂုတ်လ ၃ဝ ရက်နေ့တွင် သမ္မတမှ Black List မှ ပယ်ဖျက်ပေးခဲ့သည်။

from:http://www.mizzimaburmese.com/news/breaking-newsbrief/10016-2012-09-03-08-04-06.html

No comments:

Post a Comment