ရူးဆိုး၏ပညာရေးဆိုင်ရာအမြင်



Written by တင်ညွန့်
ပညာရေးသဘောတရားများကို ထည့်သွင်းဖော်ပြထားသည့် ရူးဆိုး၏ Émile စာအုပ်သည် လူငယ်တစ်ဦးအနေဖြင့် “သဘာဝ ပညာရေး” အတွက် မည်သို့ကိုယ်ပိုင်ဖွေရှာလေ့လာခဲ့ပုံကို တင်ပြထားသည့်စာအုပ်ဖြစ်သည်။ ရူးဆိုး၏သဘောတရားများကို နိုင်ငံတော်ပညာရေး သို့မဟုတ် ပြည်သူ့ပညာရေးတွင် အသုံးချနိုင်ရန် နောက်ပိုင်းကျမှ ဆွေးနွေးစရာဖြစ်လာခဲ့ကြသည်။ ပြည်သူ့ပညာရေး နှင့်ပတ်သက်ပြီး ရူးဆိုး၏အမြင်များကိုကြည့်လျှင်
“လူသည် အသက်ရှင်စကတည်းက အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လေ့လာသင်ယူရသည်။ မွေးလာသည်နှင့် နိုင်ငံသား အဖြစ် ခံယူခွင့်ရှိသူဖြစ်သဖြင့် နိုင်ငံသားတာဝန်များကို ထမ်းဆောင်ရန် စတင်လေ့ကျင့်ရပေတော့မည်။ အရွယ်ရောက်သူတိုင်း အတွက် သတ်မှတ်ထားသော ပြဋ္ဌာန်းချက်များ ရှိသကဲ့သို့ အရွယ်မရောက်သေးသည့်ကလေးသူငယ်များအတွက် ပြဋ္ဌာန်းချက်များ လည်း ရှိရမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားတတ်စေရန်၊ ကျိုးနွံတတ်စေရန်စတင်သင်ကြားပေးရမည်ဖြစ်သည်” ဟု အစောပိုင်းကတည်းကသူ့စာပေများတွင်တွေ့မြင်ခဲ့ရသည်။
ရူးဆိုး၏ပညာရေးဆိုင်ရာအမြင်တွင် -
ကျွန်ုပ်တို့သည် ချည့်နဲ့စွာဖြင့်မွေးဖွားလာခဲ့ကြသည်။ ကျွန်ုပ်တို့တွင် အင်အားတွေလိုအပ်သည်။ အကူအညီ မဲ့သောကြောင့် အထောက်အပံ့လိုအပ်သည်။ စဉ်းစားဉာဏ်မရှိသောကြောင့် ဆင်ခြင်တုံတရားလိုအပ်သည်။ မွေးဖွားလာစဉ်ကတည်းက မပြည့် စုံခဲ့သောကြောင့် လူသား၏အမွေကိုဆက်ခံနိုင်ရန် လိုအပ်ချက်တွေ ဖြစ်လာသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အရာသည် ပညာရေးသာဖြစ်သည်။
ထိုပညာရေးသည် သဘာဝတရား၊ လူသားနှင့်၊ ရုပ်ဝတ္ထု ပစ္စည်းများမှလာသည်။ ကျွန်ုပ်တို့၏ကိုယ်အင်္ဂါများနှင့် အာရုံခံစားနိုင်စွမ်းတို့ကို ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့လာသင်ယူခြင်းသည် သဘာဝတရားပညာဖြစ်သည်။ လူသားသည် လူသား ထံမှသာ လေ့လာသင်ယူခြင်းသည် လူသားပညာဖြစ်ပြီး၊ လူသားသည် ပတ်ဝန်းကျင်ထံမှ လေ့လာသင်ယူခြင်းသည် ရုပ်ဝတ္ထုပညာဖြစ်သည်။
ကျွန်ုပ်တို့သည် ဆရာသုံးဦး၏သင်ကြားခြင်းကို ခံကြရသည်။  ထိုဆရာသုံးဦးသင်ကြားမှုများ ဝိရောဓိဖြစ်လျှင် တပည့် ဖြစ်သူသည် ပညာရည်ချို့ငဲ့ပြီး ကိုယ်တိုင်ငြိမ်းချမ်းသည့်အရသာကို ဘယ်သောအခါမှ ခံစားနိုင်မည် မဟုတ်ပေ။ ဆရာသုံးဦး၏ သဘောညီမျှလျှင် တပည့်ဖြစ်သူသည် ပန်းတိုင်သို့အရောက်လှမ်းနိုင်မည်ဖြစ်သလို၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်မည်လည်းဖြစ်သည်။ သို့မှသာသူ့ကို ပညာတတ်ဟူ၍ ခေါ်ဝေါ်နိုင်မည်ဖြစ်သည်။
အရာရာသည် ကျွန်ုပ်တို့၏ထိန်းချုပ်နိုင်မှုအပေါ်မူတည်သည်။ လူသား၏ပညာရေးသည် လူသားကသာ ထိန်းချုပ်နိုင်သည်။ ကိုယ်ကထိန်းချုပ်နိုင်စွမ်းရှိ မရှိမသေချာလျှင်သော်မှ ကောင်းမြတ်သည့်စိတ်ထားနှင့် စကားတို့ဖြင့် တိုက်ရိုက်ထိန်းချုပ်မှုကို ခံယူရန် အခွင့်အရေးရှိသည်။ ကလေးများသည် ထိုအခွင့်အရေးမျိုး ရရှိသင့်သည်။
ပညာသင်ကြားရေးသည် အောင်မြင်မှုတစ်ခုခုကိုရယူရန် မျှော်လင့်ထားမှုမရှိလျှင် အောင်မြင်သည့် ပညာရေးဟူ၍ မဆိုနိုင်ပေ။ သို့ဖြစ်ရာ ပညာသင်ကြားရေးကို အနုပညာရပ် Art  တစ်ခုအနေဖြင့် ရှုမြင် ကြည့်တတ်ရမည်ဖြစ်သည်။ ပန်းတိုင်မရှိသည့် ကြိုးပမ်းအား ထုတ်မှုသည် အချည်းနှီးသာဖြစ်မည်။ ပန်းတိုင်သို့ရောက်မရောက်ဆိုသည်မှာ အခွင့်အလမ်းရ မရဆိုသည်နှင့်လည်းဆိုင်သေးသည်။
သို့ဖြစ်ရာ ပန်းတိုင်ဆိုသည်အဘယ်နည်း။ သဘာဝအတိုင်း ဖြစ်ပျက်နိုင်မှုသည် ပန်းတိုင်ဖြစ်သင့်သည်။ ပညာရေးတွင် သဘာဝ ဦးတည်ချက်သုံးရပ်သည် အပြိုင်လုပ်ဆောင်လျှက်ရှိကြသည်။ ကျွန်ုပ်တို့ လိုက်နာရ မည့်အချက်နှစ်ချက်မှာ ထိုသဘာဝလမ်းကြောင်း အတိုင်းလိုက်ရန်နှင့် သဘာဝထက်မကျော်လွန်စေရန် ထိန်းချုပ်နိုင်စွမ်းရှိရေးပင်ဖြစ်သည်။
ကလေးတစ်ယောက်၏အမြင်သည် လူကြီးတစ်ယောက်အမြင်နှင့် လုံးဝကွဲပြားနိုင်သည်။ ကလေးသည် အပြစ်ကင်းခြင်း၊  အားငယ်တတ်ခြင်း၊ ရင့်ကျက်နိုင်စွမ်းနှေးကွေးတတ်ခြင်းတို့အပြင်  ပျော်ရွှင်လိုခြင်း၊ လွတ်လပ် လိုခြင်းတို့ကြောင့် လူကြီးနှင့်တူညီသည့် အမြင်မျိုးရှိနိုင်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့်ဆိုရလျှင် ကလေးဆို သည်မှာ သဘာဝအားဖြင့်ကောင်းမြတ်သည့်သူများဖြစ်ကြသည်။
လူတစ်ယောက်ဖွံ့ဖြိုးတိုးတက်မှုသည့် အဆင့်အမျိုးမျိုးကို ဖြတ်ကျော်လာကြရသည်။ အဆင့်တိုင်းတွင် သူနှင့်သင့်လျှော်သည့် ပညာကို ရှာဖွေဆည်းပူးခဲ့ရသည်ချည်းဖြစ်သည်။
ကလေးတစ်ယောက်အား ဘာသင်ကြားပေးသင့်သည်ကို ဆုံးဖြတ်ခြင်းသည် ကလေး၏သဘာဝနှင့် သူ့ဖွံ့ဖြိုးမှု အဆင့်ကို နားလည်မှသာဖြစ်မည်။
လူတစ်ဦးက လူတစ်ဦးအပေါ်တန်ဖိုးထား လေးစားမှုသည် သူတက်လှမ်းလာခဲ့ရသည့် အဆင့်နှင့်လည်း ဆိုင်သည်။ ပညာရေး ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ သီးခြားအရည်အသွေးကို ပိုင်းဖြတ်နိုင်ရန်ဖြစ်သည်။ “လူတိုင်းကိုယ်ပိုင်စိတ်ခံစားချက်ရှိသည်” ဆိုသည့် အချက်ကို မမေ့သင့်ပေ။
ကလေးတိုင်း အခြေခံအားဖြင့် စိတ်လိုက်မာန်ပါလုပ်လိုစိတ် ရှိကြသည်။ ဂနာမငြိမ်ဖြစ်နေသည့်သူတို့စိတ်ကို စပ်စုလိုစိတ်ရှိစေရန် အစားထိုးပေးရမည်။ စိတ်ဖွံ့ဖြိုးတိုးတက်မှုသည် ခန္ဓာကိုယ်ဖွံ့ဖြိုး တိုးတက်မှုအတွက် တိုက်ရိုက်အထောက်အကူပြုသည်။
ပညာရေးတွင်အောင်မြင်မှုရခြင်းသည် ပတ်ဝန်းကျင်၏လွှမ်းမိုး မှုနှင့်လည်းဆိုင်သည်။ ပတ်ဝန်းကျင်သည် လူသားအပေါ် လွှမ်းမိုး ကြောင်း Dewey ကလည်းသဘောပေါက်ခဲ့သည်။ သို့ဖြစ်ရာ ဆရာများအနေဖြင့် ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်သင့်သည်။ ကလေး၏ ဝန်းကျင်ကိုနားလည်ခြင်းသည် ပညာရေးကို အောင်နိုင်ခြင်းဖြစ်သည်။
ဆရာသည်ကလေးက ဘာကိုဆုပ်ကိုင်ထားသည်ကိုမသိဘဲ ပြုပြင်ရန်မဖြစ်နိုင်ပေ။ ကလေးသည် သူထင်ရာ မြင်ရာကို စွဲမြဲစွာ ခံယူထားလေ့ရှိသည်။ ထိုအစွဲကို ချွတ်ပေးနိုင်မှသာ ဆရာကောင်းတစ်ယောက်ဖြစ်နိုင်မည်။
ကိုယ့်ကိုယ်ကိုစိတ်ပိုင်း အတွေးအခေါ်ပိုင်းဆိုင်ရာဖွံ့ဖြိုးနေစေရေးအတွက် ကမ္ဘာ့အမြင်နှင့် မျက်ခြေမပြတ်သင့် ပေ။ လူတိုင်း ကိုယ့်အမြင် ကိုယ့်အတွေး ကိုယ့်ဆုံးဖြတ်ပိုင်ခွင့်များရှိကြသည်။ ဆရာကသူတို့အပေါ် လွှမ်းမိုး ချုပ်ကိုင်မှုဖြင့် သူတို့ကိုမဆုံးဖြတ်စေသင့်။ကလေးသည် ဆရာ၏သင်ပြမှုကို ခံယူနေရသည်ဆိုခြင်းထက် ကလေးသည် သူ့ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြဿနာတစ်ခုကို ဖော်ထုတ်တင်ပြနိုင်စွမ်း ရှိစေရမည်ဖြစ်သည်။  ယနေ့ကျွန်ုပ်တို့သိနေသည့် “ပညာရေးဖောက်ထွက်မှု” သဘောတရားများကို ရူးဆိုးက Émile တွင် ပြတင်းပေါက်ကို မပြင်ဘဲပိတ်ထားလျှင် ကလေးသည် အိုက်လာပါက ချိုးဖောက် ထွက်သွားမည် ဆိုသည့်သဘောတရားဖြင့်ဆွေးနွေးထားသည်။
ရူးဆိုးက နောင်မျိုးဆက်သစ်သည် အလျှံပယ်ကြွယ်ဝသည့် ဘ၀များကို ရယူခံစားပိုင်ခွင့်ရှိပြီး ပြဿနာပေါင်း ထောင်သောင်းမက ကြုံတွေ့ကြရဦးမည့်သူများဖြစ်သည်ဟုဆိုသည်။ Émile သည် ပလေတို၏ Republic ပြီးလျှင် အထင်ရှားဆုံးပညာရေးဆိုင်ရာ သဘောတရားစာအုပ်ဖြစ်သည်။ သူရေးသည့် Confession သည် St. Augustine ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထက်ပိုပြီး ထင်ရှား သည်။ The Reverise  သည် စိတ်ကူးယဉ် သရုပ်မှန်ဝါဒဖြစ်ပေါ်စေရေး များစွာအထောက်အပံ့ပေးခဲ့သည်။ The Social Contract  သည် ထုတ်ဝေစဉ် ကတည်းက တော်လှန်ရေးသမားများ၏ တော်လှန်လိုစိတ်ကိုမဖြစ်ဖြစ်အောင် လှုံ့ဆော်ပေးခဲ့ သည်ဟု ဆိုနိုင်သည်။
ရူးဆိုးသည် အထီးကျန်ခြင်း၊ လူ့ဘောင်အသိုင်းအဝိုင်းနှင့်ကင်းကွာလိုခြင်း စိတ်ရှိပြီး ထိန်းချုပ်မှု၊ အကြွင်းမဲ့ စိုးမိုးမှုများကို မနှစ်သက်သူဖြစ်သည်။ သူ့တွင်အပြောနှင့်အလုပ် မသက်ဆိုင်သလိုနေထိုင် ပြုမူခြင်းများ ရှိသော်လည်း ပညာရေးအလေးထားမှု၊ သဘာဝပညာရေး၊ ကလေးဗဟိုပြုသင်ကြားရေးတို့ကို စတင် တည်ဆောက်ခဲ့သူတစ်ဦးအနေဖြင့် အသိအမှတ်ပြုရမည်ဖြစ်သည်။ ဘ၀တွင် အခက်အခဲပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ပတ်ဝန်းကျင်ကိုအလေးမပြု နိုင်လောက်အောင် ခံစားချက်ပြင်းထန်နေသော်လည်း ပတ်ဝန်းကျင်ပညာရေးကို အလေးထားဆွေးနွေးသွားသည်။ တကယ်တော့ ရူးဆိုးသည် အထီးကျန်စွာ ခံစား နေထိုင်ရင်း လူသားများနှင့် ရင်းနှီးကျွမ်းဝင်လိုစိတ်ကို သူ့အနုပညာတွင်သရုပ်ဖော်ကာ ကမ္ဘာကျော်ခဲ့ရသူ တစ်ဦးဖြစ်ပါသည်။

No comments:

Post a Comment