သဘောကောင်းသထက် ကောင်းစေဖို့


·

ပျော်ရွှင်ချမ်းမြေ့ပြီး ပြီးပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ အဓိက လိုအပ်ချက်ကတော့ ကောင်းမွန်တဲ့ စိတ်ထားရှိဖို့ပါပဲ။  ကြင်နာမှုကို ကိုယ်က ပြုလိုက်တာပဲဖြစ်ဖြစ်၊ ကိုယ်က လက်ခံရရှိရင်ပဲ ဖြစ်ဖြစ် ဘဝမှာ ပိုပြီးနေပျော်လာကာ ပိုနွေးထွေး လုံခြုံလာပါတယ်။ ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်လာကာ အရာရာကို အကောင်းမြင် လာတတ်ကြပါတယ်။ သဘောကောင်းတဲ့သူဟာ အပေါင်းအသင်း ပေါပြီး လူချစ်လူခင်များကာ အကူအညီလိုပါက ကိုယ့်ကို ပြန်ကူညီမယ့်သူ မရှားပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်လည်း ရှိနေတတ်ပါတယ်။ သဘောကောင်းခြင်းဟာ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးမှာလည်း အလွန်ပဲ အရေးကြီးပါတယ်။ လူအတော်များများဟာ ဘဝမှာ ကြင်နာမှုကို ငတ်မွတ်နေကြပေမယ့် သူတို့ ကိုယ်တိုင်ကျတော့ သူများတကာကို ကြင်နာမှု မပြတတ်ကြပါဘူး။ ဒါကြောင့် ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝကို ရရှိဖို့ ကြင်နာမှုကို ဘယ်လိုပြရမလဲဆိုတဲ့နည်း တချို့ကို ဖော်ပြလိုက်ရပါတယ်။


၁။ ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ  

ကျွန်မတို့ လူအများစုအနေနဲ့ ကြင်နာမှုပြဖို့ အခက်ခဲဆုံးလူကတော့ ကျွန်မတို့ ကိုယ်တိုင်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် မေတ္တာထားခြင်းဖြင့် ကိုယ့်ရပ်တည်မှု၊ ကိုယ့်ဆုံးဖြတ်ချက်ကို တန်ဖိုးထား လေးစားကာ ကိုယ့်အားကိုယ်ကိုး တတ်လာပါတယ်။ သူများအပေါ် မှီခိုအားထားမှု လျော့နည်း လာတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လက်ခံ နားလည်ခြင်းဖြင့် တခြားသူတွေကိုပါ လက်ခံ နားလည်တတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြင်နာရမယ်၊ ချစ်ရမယ်ဆိုလို့ သူများတွေကို ထည့်မတွက်ဘဲ တစ်ကိုယ်ကောင်း ဆန်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ဖြစ်တည်မှုကို အရှိအတိုင်း လက်ခံကာ ကိုယ့်ဘဝကို တန်ဖိုးထားရမှာပဲ ဖြစ်ပါတယ်။

ဘာလုပ်သင့်သလဲ  

ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲတဲ့ အပြုအမူတွေဖြစ်တဲ့ ခြောက်ပစ်ကင်း သဲလဲစင်ဖြစ်လိုခြင်း၊ သူများတကာနှင့် နှိုင်းယှဉ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ခြင်း၊ အပြစ်တင်ခြင်း၊ သံသယဖြစ်ခြင်းတို့ကို မပြုလုပ်ပါနဲ့တော့။ သင်ဟာ သင်ပါ။ တခြားသူနဲ့ ဘယ်လိုမှတူမှာ မဟုတ်ပါဘူး။ နောက်ပြီး လောကကြီးမှာ အမှားမကင်းတဲ့သူ၊ ပြီးပြည့်စုံတဲ့ သူရယ်လို့ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ပါ။ ကိုယ့်ဘဝ ကိုယ်ချစ်ခင်မြတ်နိုးပါ။

၂။ ကိုယ့်အတွေးတွေကို ဆန်းစစ်ပါ  

သဘောကောင်းတယ်ဆိုတာနဲ့ ပတ်သက်ပြီး သင်ဘယ်လို ထင်မြင်ပါသလဲ။ တချို့လူတွေက သဘောကောင်းခြင်းကို ပျော့ညံ့မှုလို့ မြင်တတ်ကာ သဘောကောင်းလွန်းရင် သူများအနိုင်ကျင့်တာ ခံရမယ်လို့ ထင်တတ်ကြပါတယ်။ သဘောကောင်းသူတွေဟာ စိတ်ဓာတ်မခိုင်မာ မပြတ်သားဘဲ သူများရဲ့ လွှမ်းမိုးမှုကို ခံရနိုင်သူတွေလို့လည်း ထင်တတ်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ သဘောမကောင်းဘဲ တင်းမာနေမှ၊ သူများတကာအပေါ် ကြောတတ်မှ ကျွန်မတို့ ပိုပြီး စိတ်ဓာတ်ခိုင်မာလာမှာ မဟုတ်ပါဘူး။ တကယ်တော့ ဒီအပြုအမူတွေကမှ ကျွန်မတို့ကို ဖျက်ဆီးနေတာပါ။

ဘာလုပ်သင့်သလဲ  

သဘောကောင်းရမှာကို ဝန်မလေးပါနဲ့။ စိတ်ထားကောင်းမှ၊ သဘောကောင်းမှ ပေါင်းသင်းဆက်ဆံရေးမှာ ပိုအဆင်ပြေကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးပြီး စိတ်ဓာတ် တည်ကြည်ခိုင်မာလာမှာပါ။

၃။ တခြားသူတွေအပေါ် ကြင်နာပါ  

တခြားသူတွေကို ကိုယ်ချင်းစာခြင်း၊ ထည့်တွက်ခြင်း၊ ကြင်နာသနားခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားစေပါတယ်။ လူတွေအပေါ် သဘောကောင်း ကြင်နာပါက သင်ရဲ့ ပေါင်းသင်း ဆက်ဆံရေးအပေါ် သင်ရဲ့ယုံကြည်မှု တိုးလာကာ သင့်ကိုယ်သင် တန်ဖိုးထားမှုလည်း တိုးလာပါတယ်။ ဒါဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ရင် သင့်ကိုယ်သင် ကျွမ်းကျင်မှန်း သိနေတာကြောင့်ရယ်၊ အကယ်၍ သင်ဟာ တစ်ယောက်ယောက်ကို မရည်ရွယ်ဘဲ နစ်နာစေခဲ့ရင်တောင်မှ သင့်အနေနဲ့ပြန်ပြီး ဖာထေးနိုင်မှန်း သိနေတာကြောင့်ရယ်ပါ။

ဘာလုပ်သင့်သလဲ  

ယဉ်ကျေးရည်မွန်ပါ။ စကားပြောရင် နူးညံ့ညင်သာစွာ ပြောကာ တစ်ဖက်လူ ပြောစကားကို စိတ်ဝင်တစား နားထောင်ပေးပါ။ သင်ရဲ့ စကားတွေ၊ အပြုအမူတွေက တစ်ဖက်လူအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ၊ ဘယ်လို ခံစားစေနိုင်လဲဆိုတာ ဆန်းစစ်ကြည့်ပါ။ ကိုယ်ချင်းစာကြည့်ပါ။ သနားကြင်နာစိတ်ရှိပါ။ တခြားသူတွေကို ခေါက်မထားဘဲ ထည့်တွက် စဉ်းစားပေးပါ။ ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော စိတ်မျိုးမထားပါနဲ့။

၎။ ကိုယ်ချစ်တဲ့သူတွေကို ကောင်းစွာဆက်ဆံပါ  

ကျွန်မတို့ အများစုဟာ ကျွန်မတို့ အချစ်ဆုံးလူတွေ၊ အရင်းနှီးဆုံးလူတွေကို ကောင်းကောင်း မဆက်ဆံတတ်ကြပါဘူး။ “ဆန်ရင်းနာနာဖွပ်” ဆိုသလို လူရင်းတွေအပေါ် တစ်နင့်တစ်ပိုး ပြောတတ်၊ ဆိုတတ်ကြပါတယ်။ ကိုယ့်ရင်သွေး၊ ကိုယ့်မိဘ၊ ကိုယ့်အိမ်ထောင်ဖက်တို့ကို ကောင်းမွန်စွာ မဆက်ဆံ၊ မပြောဆိုတတ်ကြပါဘူး။ အပြင်လူတွေ အပေါ်မှာကျတော့ အားနာတတ်ကြ၊ စိတ်ရှည် သည်းခံတတ်ကြပါတယ်။ တကယ်တော့ ကြင်နာခြင်းဟာ ပျော်ရွှင်တဲ့ မိသားစုမှာ အခရာပါပဲ။

ဘာလုပ်သင့်သလဲ

မိသားစုဝင်တွေ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိကြပါ။ တစ်ယောက်ကိစ္စကိုလည်း တစ်ယောက် စိတ်ဝင်စားကြပါ။ နေ့စဉ်နဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက် အားပေးကြပါ။ စကားပြောကြပါ။ နားထောင်ကြပါ။ ဒီအကျင့် လုပ်ပေးခြင်းဖြင့် မိသားစု ဆက်ဆံရေး ပိုကောင်းကာ

၅။ ဖြည်းဖြည်းမှန်မှန် ပြောင်းလဲပါ  

ခါးသီးမှု၊ တင်းမာမှု၊ နာကြည်းမှု၊ ဒေါသ စတာတွေဟာ သဘောကောင်းဖို့ ခက်ခဲသူတွေရဲ့ ဝိသေသ လက္ခဏာတွေပါ။ သူတို့တစ်တွေဟာ ဘဝရဲ့ အနှစ်သာရ မရှိသူတွေပါပဲ။ သူတို့တစ်တွေဟာ ပေါင်းရခက်သလို၊ ပျော်ရွှင်မှုကိုလည်း အပြည့်အဝ မခံစားကြရပါဘူး။ အကယ်၍ သင်ဟာ ဒီလိုလူစားမျိုးဖြစ်နေခဲ့ရင် စိတ်မညစ်ပါနဲ့။ ပိုပြီး သဘောကောင်းတဲ့သူ ဖြစ်လာအောင် ဖြည်းဖြည်းမှန်မှန် ပြောင်းလဲနိုင်ပါတယ်။ စပြီး ပြောင်းလဲလာတာနဲ့အမျှ စိတ်ထားကောင်းခြင်းရဲ့ အကျိုးကျေးဇူးတွေကို ရရှိခံစားရမှာပါ။

ဘာလုပ်သင့်သလဲ

သင့်ဘဝမှာ ကြင်နာမှု ကင်းမဲ့ခြင်းက သင့်အပေါ် ဘယ်လိုဆိုးကျိုး ဖြစ်ပေါ်စေသလဲဆိုတာ အရင်ဆုံးဆန်းစစ်ပါ။ နေ့စဉ် သဘောကောင်းတဲ့ အပြုအမူ တစ်ခုခုတော့ မဖြစ်မနေလုပ်ပါ။ သင့်ကိုယ်သင် ကြင်နာဖို့လည်း မမေ့ပါနဲ့။

၆။ ရန်လိုခြင်း၊ အပြစ်ဖို့ခြင်းကို ရှောင်ပါ

သင့်အိမ်ထောင်ရေး၊ ပေါင်းသင်းဆက်ဆံရေးတို့မှာ သင်ရဲ့အမြင်ကို ပြောနိုင်တယ်၊ သင်မကြိုက်တာတွေ၊ မလိုချင်တာတွေကို ပြောနိုင်တယ်၊ ငြင်းနိုင်ခုံနိုင်တယ် ဆိုပေမယ့် ပြဿနာ မဖြစ်အောင်တော့ သတိထားပြောဖို့ လိုပါတယ်။ ဒေါသနဲ့ စိတ်လိုက်မာန်ပါ ပြောလိုက်တဲ့ စကားတွေ၊ ပြင်းထန်တဲ့ ဝေဖန်မှုတွေ၊ ချိုးချိုးဖဲ့ဖဲ့ ပြောတာတွေဟာ ပေါင်းသင်းဆက်ဆံရေးမှာ ကြီးမားတဲ့ အဖျက်သမားတွေပါပဲ။ စိတ်အေးသွားချိန်မှာလည်း ကိုယ်ပြောခဲ့တဲ့စကားကို နောင်တရနေတတ်ပါတယ်။

ဘာလုပ်သင့်သလဲ

- စိတ်တိုနေချိန်မှာ စကားမပြောမိအောင် ဂရုစိုက်ပါ။
- အမှားအမှန် ဝေဖန်ဆန်းစစ်တတ်တဲ့ အကျင့်လုပ်ပါ။ ကိစ္စကြီးကြီး၊ သေးသေးမှန်သမျှ အကောင်းဘက်က ကြည့်တတ်တဲ့ အကျင့်လုပ်ပါ။
- ကိုယ့်ဘက်က မှားမှန်းသိရင် စကားလွန်သွားခဲ့ရင် ပြန်တောင်းပန်ပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကာ ခံပြောမနေပါနဲ့။

၇။ ကိုယ့်ခန္ဓာကိုယ်ကို စိတ်တိုင်းကျပါ

ကျွန်မတို့ မိန်းကလေးတွေ အတွက် ကိုယ်အလေးချိန် တိုးလာခြင်းက ကြီးမားတဲ့ စိတ်ဖိစီးမှု တစ်ရပ်ပါပဲ။ ပုံပျက်ပန်းပျက်ဖြစ်မှာကို သိပ်စိုးရိမ်တတ်ကြပါတယ်။ အမျိုးသမီးတွေဟာ ကိုယ့်ရုပ်ရည်၊ ပုံပန်းသဏ္ဌာန်အပေါ် အလေးထားကြကာ တခြားသူတွေ ကိုယ့်အပေါ် ဘယ်လိုမြင်သလဲ ဆိုတာကိုလည်း ဂရုစိုက်တတ်ကြပါတယ်။ အမြဲတမ်း သွယ်လျလှပချင်တဲ့ စိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အလိုမကျဖြစ်ကာ သဘောမကောင်းနိုင်တော့ဘဲ တခြားသူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ အငုံ့စိတ်တွေ ထွက်ပေါ်လာပြီး အဆင်မပြေ ဖြစ်တတ်ပါတယ်။

ဘာလုပ်သင့်သလဲ

- ကိုယ့်ကိုယ်ကိုယ် အလိုမကျ မဖြစ်ပါနဲ့တော့။ ကိုယ့်ခန္ဓာကိုယ်ကို အရှိ၊ အရှိအတိုင်း လက်ခံပေးပါ။
- သူများတကာနဲ့ နှိုင်းယှဉ်မနေပါနဲ့။

၈။ ကိုယ့်ရင်သွေးငယ် နှစ်လိုဖွယ်ကောင်းနေပါစေ

ဘဝတစ်လျှောက်လုံး သာယာချမ်းမြေ့မှု ရရှိဖို့ဆိုရင် နွေးထွေးတဲ့ မိသားစုရှိဖို့ လိုအပ်ပါတယ်။ ကိုယ်ရဲ့ ရင်သွေးငယ်တွေကို ငယ်စဉ်ကတည်းက သူတို့ကိုယ် သူတို့ တန်ဖိုးထားတတ်အောင် လေ့ကျင့်ပေးပါ။ သူတို့ဟာ နှစ်လိုဖွယ်ကောင်းကြောင်း သင့်အပြုအမူတွေ၊ ပြောဆို ဆက်ဆံပုံတွေကနေ ခံစားရပါစေ။ ဒါမှသူတို့ဟာ ယုံကြည်ချက် မြင့်မားပြီး သဘောကောင်း၊ မနောကောင်းတဲ့သူတွေ ဖြစ်လာကြမှာပါ။ ကလေးတွေကို တခြားသူတွေအပေါ် ဘယ်လိုကြင်နာရမယ်၊ ဘယ်လို သဘောကောင်းရမလဲ ဆိုတာရယ်၊ ကိုယ့်အပြုအမူ၊ အပြောအဆိုကြောင့် တစ်ဖက်သား ဘယ်လိုစိတ်ချမ်းမြေ့သွားသလဲ ဆိုတာရယ်တွေကို ပြခြင်းဖြင့် သူတို့ဟာလည်း သူတို့ကိုယ်သူတို့ ယုံကြည်သူတွေ၊ စိတ်ဓာတ်ခိုင်မာသူတွေ၊ သဘောကောင်းသူတွေ ဖြစ်လာနိုင်ပါတယ်။

ဘာလုပ်သင့်သလဲ

- လူချစ်လူခင်များသူ၊ သဘောကောင်းသူ၊ နှစ်လိုဖွယ်ကောင်းသူဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာ သင်ပေးပါ။
- တခြားသူတွေအပေါ် ဘယ်လိုသဘောထားရမလဲ၊ ကျေးဇူး ဘယ်လိုတင်တတ်ရမလဲ၊ ဘယ်လို တန်ဖိုးထားရမလဲ၊ ကိုယ်ချင်းစာစိတ် ဘယ်လိုထားရမလဲ စသဖြင့် လိမ္မာရေးခြားရှိအောင်
- ကိုယ်မှားတာရှိရင် တောင်းပန်တတ်ဖို့လည်း သင်ပေးပါ။
- သူတို့ဘဝကို သူတို့ တန်ဖိုးထားတတ်ဖို့လည်း ဆုံးမသွန်သင်ပါ။

Ref: Good Health
Source: http://www.yatanarpon.com.mm/news/review-58648

No comments:

Post a Comment