အသက် ၄၀ ကျော် အရွယ်များအတွက် ခန္ဓာကိုယ်ထိန်းသိမ်းနည်း ငါးနည်း



(၁) အပြင်စာများ မစားပါနှင့်

အပြင်စာတွေကို စားသုံးတာက ကယ်လိုရီအပိုတွေကို ရရှိစေပါတယ်။ လတ်တလော လေ့လာမှုအရ အသက် ၄၀ နှစ်ကျော် အရွယ်တွေ ကိုယ်အလေးချိန် လျှော့ချပေးဖို့ အဓိက ထိန်းချုပ်သင့်တာက ကယ်လိုရီအပိုတွေ စားသုံးမှုပဲ ဖြစ်ပါတယ်။ တစ်နေ့ကို ကိုယ်အလေးချိန် လျှော့ချပေးဖို့ ကယ်လိုရီ ၁၆၀၀ သာ စားသုံးဖို့ လိုအပ်ပါတယ်။ ကယ်လိုရီရရှိမှု လျှော့ချဖို့အတွက် သရေစာစားသုံးတာနဲ့ အပြင်စာစားသုံးမှုတွေကို လျှော့ချပေးပါ။

(၂) အချိုရည်ရှောင်ပါ

အချိုရည်သောက်သုံးမှုကို လျှော့ချလိုက်တာက ကယ်လိုရီရနိုင်တဲ့ တခြားအစာတွေ လျှော့ချလိုက်တာထက် ကိုယ်အလေးချိန် လျှော့ချရာမှာ ပိုမိုထိရောက်မှု ရှိတယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရည်ကရတဲ့ ကယ်လိုရီက စိတ်ကျေနပ်မှုကို နည်းစေပြီး ဆာလောင်မှုကို ပိုမိုစေတာကြောင့်ပါ။


(၃) အသားဓာတ်ပါဝင်အောင် စားပါ

ဥရောပလေ့လာမှု တစ်ခုအရ ကိုယ်အလေးချိန် လျှော့ချနေသူတွေကို တစ်နေ့တာစားသုံးတဲ့ ကယ်လိုရီရဲ့ ၂၅ ရာခိုင်နှုန်းကို ပရိုတင်း (အသားဓာတ်) ကနေရယူတာက ကိုယ်အလေးချိန် လျှော့ချရေးမှာ များစွာ အကျိုးရှိတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရိုတင်းက ဗိုက်ပြည့်စေပြီး အစာချေဖျက်ဖို့အတွက် ကာဗိုဟိုက်ဒရိတ်နဲ့ အဆီတွေထက် စွမ်းအင်ပိုမို အသုံးပြုရတာကြောင့်လို့ ပညာရှင်တွေက ပြောပါတယ်။ ကြက်သားသုံးအောင်စကနေ ပရိုတင်း ၂၆ ဂရမ်၊ တူနာငါး သုံးအောင်စကနေ ပရိုတင်း ၂၂ ဂရမ်ကို ရရှိနိုင်ပါတယ်။

(၄) ညစာ မစားမီ စွပ်ပြုတ်သောက်ပါ

ညစာမစားမီ စွပ်ပြုတ်သောက်တာကြောင့် ကယ်လိုရီစားသုံးမှုကို ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ကယ်လိုရီပိုရတဲ့ ခရင်မ်နဲ့ အချိုများတဲ့ အစားအစာတွေကိုတော့ ရှောင်သင့်ပါတယ်။

(၅) အသီးအရွက်ဖျော်ရည် သောက်ပါ

အသီးအရွက်ဖျော်ရည်က အစာစားချင်စိတ်ကို လျော့နည်းစေပြီး ကယ်လိုရီစားသုံးမှုကို လျှော့ချပေးပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီမစ္စတာ ဒေးဗစ်က အမျိုးသမီးရော၊ အမျိုးသားတွေပါ ကယ်လိုရီနည်းပြီး နှလုံးကျန်းမာစေဖို့ ဆိုဒီယမ် ပါဝင်မှုနည်းတဲ့ အသီးအရွက်ဖျော်ရည် သောက်သုံးပြီး အချိုရည်သောက်သုံးမှုကို ရှောင်ရှားပါလို့ ပြောပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Ref: Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/article-66901

No comments:

Post a Comment