ထိုင်း-မြန်မာ ပညာရေး ဖလှယ်မည်

ချင်းမိုင် တက္ကသိုလ် မှ သင်ကြားရေး အစီအစဉ် တခု(ဓာတ်ပုံ – chiangmaiplaces.com)
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ Rajamangala University of Technology Lanna တက္ကသိုလ်သည် ပညာရေး ဖလှယ်မှု အစီအစဉ်အရ မြန်မာနိုင်ငံ အဆင့်မြင့် ပညာ ဦးစီးဌာနနှင့် မကြာခင် နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ရေးထိုးရန် စီစဉ် နေ ကြောင်း သိရသည်။
MOUသဘောတူညီမှုအရ နှစ်နိုင်ငံ ဘာသာစကားနှင့် ယဉ်ကျေးမှု အပြန်အလှန် သင်ယူလေ့လာမှုများ ပါဝင်မည် ဖြစ်ကြောင်း Rajamangala တက္ကသိုလ်မှ တာဝန်ရှိသူ Chaiyong Eurviriyanukul က ဧရာဝတီကို ပြောသည်။

Rajamangala တက္ကသိုလ် အနေနှင့် မြန်မာတက္ကသိုလ် ကျောင်းသားများ အတွက် ပညာတော်သင်ယူခွင့်နှင့် အလုပ်သင် အစီအ စဉ် များကို ထောက်ပံ့သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“မြန်မာကျောင်းသားတွေကို ကျနော်တို့ တက္ကသိုလ်မှာ သင်ကြားဖို့ ဖိတ်ခေါ်မှာဖြစ်ပြီး ထိုင်းကျောင်းသား တွေကိုလည်း မြန်မာ တက္ကသိုလ်တွေမှာ ဘာသာစကား ဖလှယ်ဖို့ စေလွှတ်မှာ ဖြစ်တယ်၊ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့ အထောက်အကူ ပြုမှာဖြစ်တယ်”ဟု Chaiyong က ဆက်ပြောသည်။
ချင်းမိုင်မြို့အပါအ၀င် ချင်းရိုင်း၊ လန်းပန်း၊ နာ့၊ တာ့ခ် နှင့် ဖိစနိုလို ခရိုင်တို့တွင် ရှိသည့် Rajamangala တက္ကသိုလ်ခွဲများတွင် မြန်မာ ကျောင်းသားများ အနေနှင့် ပညာသင်ကြားနိုင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ယင်းပညာရေး ဖလှယ်မှု အစီအစဉ်သည် ၂၀၁၅ ခုနှစ် အာဆီယံနိုင်ငံများ စီးပွားရေးဇုန်(AEC) အတွက် အထောက်အကူပြုစေရန်  ရည်ရွယ်ထားကြောင်း Chaiyong က ရှင်းပြသည်။
“နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးဖို့ အဆင်သင့် ဖြစ်နေပါပြီ၊ ပညာရေးဟာ နိုင်ငံရေးနဲ့ လုံးဝ အသက်ဆိုင်ဘူး၊ ဒါကြောင့် ဘာပြဿနာမှ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါ Rajamangala တက္ကသိုလ်မှ ဒေါက်တာ နုနုယဉ် ကလည်း နားလည်မှု စာချွန်လွှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုး ပြီးပါက ယင်ဘာသာရပ် ဖလှယ်မှု အစီအစဉ်ကို စတင်မည် ဖြစ်ကြောင်း ပြောသည်။
ဒေါက်တာ နုနုယဉ်သည် လတ်တလော ယင်းတက္ကသိုလ်၌ နိုင်ငံတကာ စီးပွားရေးနှင့် ပတ်သက်သည့် အခန်းကဏ္ဍ၌ တာဝန်ထမ်း ဆောင်နေသူ တဦးဖြစ်သည်။
ထို့အပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများကိုလည်း ထိုင်းဘာသာရပ်ကို သင်ကြားပေးရန်အစီအစဉ်ရှိပြီး ထိုင်း နှင့် မြန်မာ အကြား လူနေမှုဘ၀နှင့် လုပ်ငန်းဆိုင်ရာကိစ္စများတွင် နားလည်မှုပိုမိုတိုးပွားစေရန် ရည်ရွယ်ကြောင်း Chaiyong က ပြော ဆိုသည်။
အလားတူ ချင်းမိုင်တက္ကသိုလ် (Chiang Mai University) တွင်လည်း မြန်မာဘာသာရပ် သင်ကြားမည့် စင်တာများ ထားရှိရန် စီစဉ် နေကြောင်း ထိုင်းကျောင်းသားများကို မြန်မာဘာသာရပ် သင်ကြားပေးနေသော မြန်မာဆရာမ တဦးဖြစ်သည့် မသဲသဲက ပြော သည်။
ချင်းမိုင် တက္ကသိုလ်တွင် လတ်တလော မြန်မာ ဘာသာရပ်ကို အခြေခံအဆင့်မှ စတင်၍ သင်ကြားနေသည့် ထိုင်း ကျောင်းသူ၊ ကျောင်း သား ဦးရေ ၈၀ ခန့် ရှိနေကြောင်း ၎င်းက ဆိုသည်။
မြန်မာဘာရပ်ကို စိတ်ဝင်စားသည့် ကျောင်းသူ အများစုက မဲဆောက်နှင့် မယ်ဆိုင် မြို့ စသည့် နယ်စပ် ဒေသခံအများ ဖြစ်ပြီး မြန်မာ ဘာသာစကားကို ၎င်းတို့က ပြောတတ်ချင်ကြောင်း ကျောင်းသားများက ပြောဆိုသည်ဟု မသဲသဲက ဆက်ပြောသည်။

No comments:

Post a Comment