ချစ်သူတို့အတွက် အဟာရ

လောကမှာ လူရယ်လို့ဖြစ်လာရင် ဘယ်သူမှအချစ်နဲ့ မကင်းနိုင်ကြပါဘူး ၊ အားလုံးအချစ်နဲ့ကြုံဖူးကြတဲ့လူတွေချည်းပါဘဲ ၊ အသက် ၁၅ နှစ် ၊ ၁၆ နှစ် အရွယ်က စပြီး လူငယ်တွေ အချစ်ကို ရှာဖွေစူးစမ်းလာကြတယ် ၊ ၁၅ နှစ် ၊ ၁၆ နှစ်မှာဘဲ ရည်းစား ထားတတ်လာကြတယ် ၊ မြန်မာစကားပုံတစ်ခုရှိပါတယ် ( ရည်းစားဦး နဲ့ လွဲတက်တယ် ) ၊ ဒီစကားဟာ မှန်သလား ၊ ကျွန်တော့်အမြင်နဲ့ပြောရမယ်ဆိုရင်တော့
မှန်ပါတယ် ဒါပေမဲ့ ရာနှုန်းပြည့်တော့မဟုတ်ပါဘူး ၊ လူတွေရဲ့ ၁၅ နှစ် ၊ ၁၆ နှစ် အရွယ်ဆိုတာ မရင့်ကျတ်သေးတဲ့ အရွယ် ၊ စိတ်ကစားတတ်တဲ့အရွယ်တွေ ပါ ၊ ဒီအချိန်မှာ ဖြစ်လာတဲ့ ရင်ခုန်မှု ၊ ခံစားမှု ၊ တိုက်ဆိုင်မှုလေးတစ်ခုကို အချစ်လို့သတ်မှတ်လိုက်ကြတယ် ၊ လက်ခံလိုက်ကြတယ် ၊ ထူးခြားတဲ့ ခံစားမှုလေးတစ်ခုနဲ့ဘဲ အချစ်လို့သတ်မှတ်ပြီး ရည်းစားထားလိုက်တော့ ၊ အချစ်ဦးနဲ့ ကွဲတာ ရည်စားဦးနဲ့ ပြတ်တာတွေ ဖြစ်လာရတာပါ ၊ စိတ်လှုပ်ရှားမှုလေးတစ်ခု ဖြစ်လာတာနဲ့ဘဲ အချစ်လို့ မသတ်မှတ်သင့်ပါဘူး ၊ သူ့ကိုတော့ ချစ်နေပြီလို့လည်း တစ်ထစ်ချ မယုံကြည်သင့်ပါဘူး ၊ ဒါဆို ရည်းစားဦးနဲ့ ပေါင်းသင်းရသူတွေကောရှိလား ၊ ရှိပါတယ် ၁၀၀ ရာခိုင်နှုန်းမှာ ၂၀ ရာခိုင်းနှုန်းက ပေါင်းသင်းရပါတယ် ၊ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကတော့ အချစ်ဦး နဲ့ လမ်းခွဲရတာ ချည်းပါဘဲ ၊ လူတွေ ရည်းစားထားကြတယ် ၊ ချစ်သူရှာကြတယ် ၊ တစ်သက်တာအတွက် ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ကြတယ် ၊ ဒါ သဘာဝပါ ၊ ကျွန်တော် အကြံပေးချင်တာလေးတွေရှိပါတယ် ၊ ချစ်သူတွေ စုံတွဲတွေ သိထားသင့်တာလေးတွေပါ ။



ချစ်သူ စုံတွဲတွေမှာ ချစ်သူရယ်လို့ဖြစ်လာပြီဆိုရင် ချစ်သက်တမ်း အစပိုင်းမှာ အချစ်ကြီးတတ်ကြပါတယ် ၊ မျက်စိအောက်က အပျောက်မခံတာတို့ ၊ သွားလေရာတကောက်ကောက် လိုက်တာတို့ ၊ တစ်ခုခုဆို ကိုယ့်ကိုဘဲ ရှေ့တန်းတင်စေချင် အရေးပေးစေချင်တာတို့ ၊ အထူးသဖြင့်ယောက်ျားလေးတွေမှာ အဖြစ်များပါတယ် ၊ မိန်းကလေးတွေမှာလည်းဖြစ်တက်ပါတယ် ၊ သ၀န်တိုတာ စသဖြင့်ပေါ့ ရှိတတ်ပါတယ် ၊ ဂရုစိုက်လွန်းအားကြီးတာပေါ့ဗျာ ၊ ဒီလိုမျိုးတွေ ဖြစ်နေတာကို ကိုယ့်ချစ်သူက နားလည်ပေးနိုင်ရင်တော့ကောင်းပါတယ် ၊ အော် ငါ့ကိုချစ်လို့ သူ ဒီလိုဖြစ်နေတာပါလား ဆိုပြီး နားလည်ပေးနိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့ ၊ အဲ နားမလည်ပေးနိုင်ရင်တော့ ပြသာနာကြီးပြီ ၊ ကိုယ့်ချစ်သူက ကိုယ့်ကိုထင်လိမ့်မယ် သူ ငါ့ကို မယုံလို့များ ငါ့နောက်တကောက်ကောက်လိုက်နေတာလား ၊ ငါ့နောက်တကောက်ကောက် လိုက်နေရအောင် ငါက အဲဒီလောက်တောင် မယုံကြည်ရတဲ့ သူဖြစ်နေပြီလား ငါ့ကိုအဲလိုများ သတ်မှတ်ထားလားဆြိုပီး ကိုယ့်ချစ်သူက ကိုယ့်ကို အထင်လွဲသွားတာလေးတွေ ဖြစ်လာနိုင်ပါတယ် ( သတိထားနော် အချစ်ကြီးသူတွေ ) ၊ ဒါဆို ကိုယ့်ချစ်သူကို ဂရုမစိုက်ဘဲ ပစ်ထားရမှာလား ၊ အဲလိုကြီးလည်းလုပ်စရာမလိုပါဘူး ၊ ဂရုစိုက်သင့်တဲ့နေရာမှာတော့ ဂရူစိုက်ပေးရပါမယ် ၊ ဥပမာ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဂရုစိုက်တာမျိုး စသဖြင့်ပေါ့ ၊ ယုံကြည်သင့်တဲ့နေရာမှာလည်း ယုံယုံကြည်ကြည် စိတ်သန့်သန့်လေးနဲ့ ယုံကြည်ပေးသင့်ပါတယ် ၊ ကိုယ့်ချစ်သူကို ယုံကြည်သင့် သလား စိတ်ချသင့်သလား ဆိုတာ ကိုယ့်ချစ်သူရဲ့ နောက်ကြောင်း ၊ စိတ်နေသဘောထားပေါ်ကိုကြည့်ပြီး ဆုံးဖြတ်ရင် အကောင်းဆုံးပါ ၊ ဆုံးဖြတ်လို့ရပါတယ် ၊ နေရာတကာ သံသယမျက်လုံးတွေနဲ့ဘဲ ကြည့်မနေသင့်ပါဘူး ၊ သံသယလွန်ကဲတာဟာ ကိုယ့်ကိုကိုယ် နှိပ်စက်နေတာနဲ့အတူတူပါဘဲ ၊ဘုရားက တစ်ဘက်ထဲကိုပဲ ကြည့်စေချင်ရင် မျက်စိတစ်လုံးဘဲပေးထားမှာပေါ့ သံသယမျက်လုံးတွေနဲ့ဘဲ ကြည့်နေမယ်ဆိုရင်တော့ ကိုယ့်ချစ်သူကို ကိုယ်ကိုတိုင် သတ်မှတ်ပေးလိုက်တာဘဲ မယုံကြည်သင့်တဲ့သူ ၊ စိတ်မချရတဲ့သူလို့ ။



မိန်းကလေးတော်တော်များများဟာ စည်းကမ်းတွေ ဘောင်တွေအောက်မှာ မနေလိုကြပါဘူး ၊ တချို့ စုံတွဲတွေမှာ ရှိပါတယ် ၊ ယောက်ျားလေးက ချစ်သူမိန်းကလေးကို တခြား သူစိမ်းယောက်ျားလေးနဲ့ စကားမပြောခိုင်းတာတို့ ၊ အပြင်သွားရင် သူမပါဘဲ မသွားရဘူးတို့ ၊ တခြား သူစိမ်းယောက်ျားလေးနဲ့ တွဲသွားတွဲလာ မလုပ်ရဘူးတို့ ၊ ဒါမျိုးတွေက တကယ်တော့ မဖြစ်သင့်ပါဘူး ၊ လူရယ်လို့ဖြစ်လာပြီဆိုရင် ပတ်ဝန်းကျင် ၊ လူ့ဘောင်အသိုင်းက၀ိုင်း ၊ လူမှုရေးဆိုတာရှိပါတယ် ၊ လူတွေထဲမှာ နေတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် လူတွေနဲ့တော့ ဆက်ဆံရမှာဘဲ ၊ နောင်တစ်ချိန် စီးပွားရေးလောကထဲဝင်ရင် ဘယ်လိုလုပ်မလဲ အမျိုးသား ၊ အမျိုးသမီး ခွဲခြားလို့မဖြစ်ဘူးလေ ၊ လူအသိုင်းအ၀ိုင်းထဲမှာနေတဲ့ အတွက် လူမှုရေးတော့ ရှိရမှာပေါ့ ၊ သူကတော့ ပြောပါလိမ့်မယ် အဲဒါ နင့်ကို ချစ်လို့ ၊ နင့်ကို ချစ်လို့ဆိုပြီး ၊ တကယ်တော့ ချစ်တာမဟုတ်ဘူး ကိုယ့်ချစ်သူကို မယုံကြည်တာ ၊ နားလည်မှုမရှိတာ ၊ အဲလို စည်းတွေဘောင်တွေ သတ်မှတ်ထားမယ်ဆိုရင်တော့ သတိပေးလိုက်မယ်ဗျာ စည်းတွေဘောင်တွေ သတ်မှတ်ထားတက်တဲ့သူများ ၊ မကြာပါဘူး ခြေစုံကန်ပြီး ထွက်ပေါက်ရှာသွားပါလိမ့်မယ် ၊ မယုံရင်စောင့်ကြည့်နေပါ ကိုယ့်ကို စွန့်ခွာသွားပါလိမ့်မယ် ၊ ပြီးတော့ စိတ်ကောက်တက်သူများ အထူးအဖြင့် မိန်းကလေးတွေ ၊ ထစ်ခနဲရှိ စိတ်ကောက်တတ်ကြတယ် ၊ နားလည်ပါတယ် ကိုယ့်ချစ်သူရဲ့ ချော့တာလေးခံချင်လို့၊ နွဲ့ဆိုးလေးဆိုးချင်လို့ စိတ်ကောက်ကြတယ်ဆိုတာ ၊ ဒါပေမဲ့ဗျာ စိတ်ကောက်တိုင်းမကောင်းပါဘူး ၊ စိတ်ဆိုးသင့်တဲ့နေရာ ကောက်သင့်တဲ့နေရာမှာ ဘဲ ကောက်ပေါ့ ၊ နေရာတကာ တော့ အချော့ခံချင်လို့ စိတ်ကောက်တယ် ဆိုတာတော့ မဖြစ်သင့်ပါဘူး ၊ ဒီနေရာမှာလည်း နားလည်မှုလေးတွေ လိုအပ်နေတာပါ အရာရာကို နားလည်ပေးပြီး အကောင်းမြင်လေးနဲ့ မြင်ပေးမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ ၊ ယောက်ျားလေးတွေကတော့ ပြောပါလိမ့်မယ် ဒီလိုဆိုးတာလေးတွေကိုဘဲ ချစ်နေတာ ၊ ကောက်တာလေးဘဲချစ်နေတာ ၊ နှုတ်ခမ်းဆူတာလေးဘဲ ချစ်နေတာ ဆိုပြီး လျှာရိုးမရှိတိုင်း ပြောပြပါလိမ့်မယ် ယောက်ျားလေးတွေ ယောက်ျားလေးတွေ ၊ ဒါမျိုးပြောတာတွေဟာ ဖြစ်နိုင်ပါတယ် ဟုတ်လည်းဟုတ်လောက်ပါတယ် စချစ်ခါစအချိန်မှာဆိုရင်ပေါ့ ၊ ခဏ ခဏ စိတ်ကောက်လွန်းရင်တော့ နောက်ပိုင်းမှာ အဖုအထစ်လေးတွေ ရှိလာပါလိမ့်မယ် ၊ စချစ်ခါစ မှာတော့ ချစ်လို့ ခွင်လွတ်ပေးနိုင်ပေမဲ့ ၊ ကြိမ်ဖန်များလာရင်တော့ သည်းခံနိုင်မှာမဟုတ်ဘူးနော် ၊ လူဘဲဗျာ ၊ ကျောက်တုံးမှ မဟုတ်တာ ၊ ကျောက်တုံးကျောက်ခဲတွေတောင်မှ ပွတ်ပါများရင် သေးသွား အမှုန့်ဖြစ်သွားသေးတာဘဲမဟုတ်လား ၊ သည်းခံနိုင်မှုဆိုတာ အတိုင်းအတာတစ်ခုအထိဘဲရှိပါတယ် ၊ နောက်ပိုင်းမှာ ကိုယ့်ကို ငြီးငွေ့သွားပြီး ထွက်ပေါက်ရှာသွားတာမျိုးတွေဖြစ်လာလိမ့်မယ်နော် (စိတ်ကောက်တက်သူများ သတိထား ) ၊ လူတိုင်းဟာ ခန္တီပါရမီနဲ့ ပြည်စုံတဲ့ လူတွေ မဟုတ်တဲ့အတွက် အရာရာကိုတော့ နားလည်ပေးနိုင်မှာမဟုတ်ပါဘူး ။



ရည်းစားထားတယ်ဆိုတာ လူနှစ်ယောက် ကြိုးတစ်ချောင်းကို အစွန်းနှစ်ဖက်စီကဆွဲနေသလိုဘဲ နှစ်ဖက်လုံးက တင်းတင်းဆွဲရင် ကြိုးက ပြတ်ထွက်သွားမယ် ၊ နှစ်ဖက်လုံးလျော့လွန်းနေပြန်ရင်လည်း ကြိုးကကြာလာရင် ဆွေးပြီးပြတ်သွားမှာဘဲ ၊ ဒီတော့ တစ်ဖက်ကတင်းရင် တစ်ဖက်ကလျော့ပေးလိုက် ၊ ဒီဘက်ကတင်းရင် ဟိုဘက်ကလျော့ပေးလိုက် ၊ ဒါဆိုရင် အဲဒီကြိုးဟာ ဘယ်နည်းနဲ့ မှ ပြတ်နိုင်စရာ အကြောင်းမရှိပါဘူး ချစ်သူတွေမှာလည်း တူတူပါဘဲ ၊ တစ်ဦးက တင်းနေရင် တစ်ဦးက လျော့ပေးလိုက်တာ အကောင်းဆုံးပါဘဲ ၊ နှစ်ဦးလုံးက တင်းနေရင်တော့ စိတ်မကောင်းစရာတွေဘဲ ဖြစ်လာပါလိမ့်မယ် ၊ အချစ်စစ်တို့လျှောက်ရမဲ့ လမ်းသည် ဘယ်သောအခါမှ မဖြောင့်ဖြူး ၊ သိပ်ကိုမှန်တဲ့စကားလေးပါ ချစ်သူတွေ လျှောက်ရမဲ့ လမ်းဟာ အလွန်ကြမ်းတမ်းပါလိမ့်မယ် ကြုံတွေ့လာမဲ့ ပြသာနာတွေ အခက်ခဲတွေ ကို ကြောက်ပြီး ပုန်းရှောင်တာမျိုးတော့ မလုပ်မိပါစေနဲ့ ၊ ကိုယ်ချစ်သူရှေ့မှာ မားမားမတ်မတ် ရပ်တည်ရင်ဆိုင်လိုက်ပါ အထူးသဖြင့် ယောက်ျားလေးတွေကို ဦးတည်ပြောချင်ပါတယ် ၊ ချစ်သူတွေမှာ ပထမဆုံးကြုံတွေ့ရမဲ့ ပြသာနာက တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ၊ နားလည်မှုဟာ ချစ်သူတွေအတွက် အလွန်အရေးကြီးပါတယ် ၊ သတိထားရမဲ့ အချက်ကလေးတွေ ရှိပါတယ် ၊ အမျိုးသားတွေ ကိုယ့်ချစ်သူနဲ့တွေ့တဲ့ အချိန်မှာ ရည်းစားဟောင်းအကြောင်း မပြောမိပါစေနဲ့ ၊ မင်းကို ကိုယ်ချစ်တယ်ဆိုတဲ့ စကားလေး ၊ အဲဒီ ချစ်တယ်ဆိုတဲ့ စကားလေးကို အစဉ်ပြောပေးရပါမယ် ၊ အချိန်တိုင်းကြီး ၊ နေတိုင်း ပြောရမယ်လို့လည်း မဆိုလိုပါဘူး ၊ ပြောပါများလာရင်လည်း ရိုးသွာတာတွေ မလေးနက်တာတွေ ဖြစ်လာပါလိမ့်မယ် ၊ ကိုယ့်ချစ်သူရဲ့ မွေးနေ့ ၊ ကိုယ်ကို့ အဖြေပေးတဲ့ နေ့ အဲဒီနေ့ တွေကိုတော့ စွဲစွဲမြဲမှတ်ထားဖို့တော့ အရေးကြီးပါတယ် ၊ တခြားဟာတွေ အမှတ်မရရင် နေပါစေ ၊ ဒီ နှစ်ရက်ကိုတော့ ဦးနှောက်ထဲမှာ စွဲနေဖို့လိုအပ်ပါတယ် ၊ ကိုယ့်ချစ်သူအတွက် ကိုယ်သူ့ကိုဘယ်လောက်ချစ်ကြောင်း သိစေဖို့ မထင်မှတ်တာလေးတွေ ၊ အံသြစေတာလေးတွေ ကို မကြာခဏဖန်တီးပေးသင့်ပါတယ် ၊ ဒါမှလည်း ကိုယ့်ချစ်သူက ကိုယ့်ဆီမှာဘဲ စိတ်ရောက်နေမှာပါ် သာယာနေမှာပါ ၊ တခြားသော သူစိမ်းတစ်ယောက်စီ စိတ်ရောက်နေတာမျိုးလုံးဝအဖြစ်မခံပါနဲ့ ၊ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ကိုယ့်ဘက်မှာရှိနေဖို့ အလွန်အရေးကြီးပါတယ် ။



အရေးကြီးတဲ့ နောက်တစ်ချက် ၊ ချစ်သူချင်း သဘောထားတိုက်ဆိုင်မှု ၊ အလွန်အရေးပါ ပါတယ် ၊ (အသွင်တူမှ အိမ်သူဖြစ်မယ် ) ဆိုတဲ့ စကားလေးကို ကြားဖူးပါသလား ၊ အဓိပ္ပာယ်ကိုကော သေချာသိပါသလား ၊ အချို့သော ချစ်သူစုံတွဲတွေမှာ စိတ်သဘောထားမတိုက်ဆိုင်တဲ့ ပြသာနာလေးတွေရှိပါတယ် ၊ အထူးသဖြင့် မိန်းကလေးတွေပေါ့ သူနဲ့ ကိုယ်နဲ့ အကြိုက်ခြင်းမတူတာတို့ ၊ ကိုယ်ကြိုက်တဲ့ အစားအစာနဲ့ သူကြိုက်တာနဲ့ မတူတာတို့ ၊ ကိုယ်က ဒီအရောင်လေးကြိုက်တယ် သူကတော့ တခြားရောင်ကြိုက်တယ် စသဖြင့် ဒီလိုအသေးမွှားပြသာနာလေးတွေက အစ ပြသာနာရှာတက်ကြတယ် ၊ အသွင်တူမှအိမ်သူဖြစ်မှာ ဆိုတဲ့စကားကို အဓိပ္ပာယ်ကောက်တာလွဲပြီး ဒီလိုပြသာနာလေးတွေ ဖြစ်လာတာပါ ၊ တကယ်တော့ ဒါတွေဟာ အယူသီးမှုတွေပါ ၊ (အသွင်တူမှ အိမ်သူဖြစ်မှာ) သေချာစဉ်းစားကြည့်ပါ အသွင်တူမှလို့ပြောတာပါ အကြိုက်တူမှ လို့ပြောတာ မဟုတ်ပါဘူး ၊ အသွင်တူတယ်ဆိုတာကလည်း ၊ သူနဲ့ကိုယ်နဲ့ လုပ်ပုံကိုင်ပုံလေးတွေ ၊ သူဖြစ်ချင်တာကို ဖြစ်စေချင်တဲ့အတိုင်း ကိုယ်ကဖြစ်အောင်လုပ်ပေးနိုင်တာလေးတွေ ၊ စတာတွေပါ ၊ အကြိုက်ချင်းတူမှ ဘာညာဆိုတာ အယူသီးမှုတစ်ခုပါဘဲ ၊ အသွင်တူဖို့ ဆိုတာကလည်း ၊ လူတွေဟာ မွေးလာကတည်းက လူတစ်ကိုယ် စိတ်တစ်မျိုး ဗီဇတစ်ခုစီပါလာတက်ကြပါတယ် ၊ ဒါကြောင့် လူလူချင်း အသွင်တူဖို့ဆိုတာ မလွယ်ပါဘူး ၊ ဒါဆို ဘယ်လိုမျိုး ဘယ်ချိန်မှာ အသွင်တူတယ်လို့ခေါ်နိုင်သလဲ ၊ တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကားပုံလေးလိုပါဘဲ ၊ လူတွေဟာ ကိုယ်နဲ့ နီးစပ်ရာကို အတုယူ ပြုမူ တက်ကြပါတယ် ၊ တခြားသော လူတစ်ယောက်နှင့် အနေနီးလေ တခြားသူရဲ့ အပြုအမူ ပြောပုံဆိုပုံတွေ ဟာ ကိုယ်ဆီမှာ ပါလာတက်လေပါဘဲ ၊ ကျွန်တော်ဆိုလိုချင်တာက ၊ ကိုယ်ချစ်သူနဲ့ စ ချစ်ခါစမှာတော့ ဘယ်လိုမှ အသွင်မတူနိုင်ပါဘူး ၊ ဒါကို စိတ်သောကတစ်ခုအနေနဲ့ မသတ်မှတ်ပါနဲ့ ၊ ဒါပေမဲ့ အချိန်ကြလာတာနှင့်မျှ ၊ ရည်စားသက်တမ်းကြာလာပြီး မိမိချစ်သူနဲ့အနေနီးလာတာနဲ့အမျှ ၊ သူ့ရဲ့ ပြောပုံဆိုပုံလေးတွေ ၊ သူလုပ်တက်တဲ့ အပြုအမူလေးတွေက ကိုယ့်ဆီမှာ လာပြီး ပြုမှုလာပါတယ် လုပ်ဆာင်လာပါတယ် ၊ အဲဒီအချိန်ကြမှဘဲ အသွင်တူမှ အိမ်သူဖြစ်မယ် ဆိုတဲ့စကားလေးရဲ့ အဓိပ္ပာယ်ပေါ်လွင်လာတာပါ ။

ဒါ့ကြောင့် ချစ်သူတွေမှာ အရေးကြီးဆုံး အချက်ဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့နဲ့ ယုံကြည်မှု၇ှိဖို့ပါဘဲ ၊ ဒီနှစ်ချက်သာ သင်တို့ဆီမှာရှိမယ်ဆိုရင် ပျော်ရွှင်စွာနဲ့ ဘ၀ခရီးကြမ်းကို ချစ်သူလက်တွဲပြီး အတူလျှောက်လှမ်းနိုင်မှာပါဗျာ။
ချစ်သူတိုင်း ပေါင်းဖက်စုံမက်နိုင်ပါစေ။

No comments:

Post a Comment