** စိတ်ကျန်းမာမှ ချမ်းသာရ…

…စိတ်သည် အရာရာတိုင်းကို ဦးဆောင်နိုင်သည်။
“ စိတ်ဆန္ဒသာ
ပြင်းပြပါစေ၊ မပြီးမြောက်နိုင်သောကိစ္စဟူ၍ မရှိ ” တဲ့။
စိတ်တစ်လုံးဆောင်မှသာ မိမိရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ကျွန်မတို့၏ နေ့စဉ်ဘ၀များတွင် စိတ်ချမ်းသာမှုမရှိဘဲ နေထိုင်ရပ်တည်နေရမည်ဆိုပါက ဘ၀သည်
အဓိပ္ပါယ် ကင်းမဲ့နေမည်မှာ အမှန်ပင်ဖြစ်သည်။ စိတ်သည် လူတိုင်း၏ ကျန်းမာရေးအတွက်
အဓိကသော့ချက်နေရာမှ ပါဝင်နေသည်။ “ စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်လေတော့ ကိုယ်လွင့်”
ဆိုသကဲ့သို့ စိတ်ကြောင့် ခန္ဓာကိုယ်မှာ ရောဂါကပ်ရောက်သော သာဓကတွေ များစွာရှိပါသည်။
ရင်ကျပ်၊ ပန်းနာ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတို့သည် စိတ်က ရုပ်အပေါ်ကို
လွမ်းမိုးမှုကြောင့်ဖြစ်ပွားလာသည်မှာ ထင်ရှားပါသည်။ ရုပ်ပိုင်းဆိုင်ရာတစ်ခုခု ချို့ယွင်းပါက
ဆေးစား၊ ဆေးသောက်၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် ကုစားလျှင် အမြန် ပြန်လည်၍ ကောင်းမွန်လာနိုင်သည်။
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိပါက ကုသရန် မလွယ်ကူလှပါ။ စိတ်ကို စိတ်ဖြင့်သာ ကုသ၍ ရသည်။
စိတ်ဒဏ်ရာအား ကုသပျောက်ကင်းရန် အချိန်များစွာ ပေးရပေလိမ့်မည်။ ထို့ကြောင့် စိတ်ကျန်းမာရေးကို
များစွာဂရုစိုက်ရမည်။ စိတ်ကျန်းမာမှသာ ကိုယ်ခန္ဓာကျန်းမာနိုင်မည်။ ကိုယ်စိတ်နှစ်ပါးလုံး
ကျန်းမာမှသာလျှင် ချမ်းသာခြင်း အစစ်အမှန်ကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

…စိတ်ချမ်းသာမှု နှင်းမှုန်လေးများနှင့်တွေ့လျှင် အေးမြခြင်းကို ခံစားရသကဲ့သို့
စိတ်ဆင်းရဲမှု မီးတောင်ကြီးကို ကျော်ဖြတ်နေရသည့်အချိန်များသည် မီးခဲငုံထားရသကဲ့သို့
ပူလောင်လှစွာ ခက်ခက်ခဲခဲ ဖြတ်သန်းရပြန်သည်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးဆက်ဆံရေး စသဖြင့် မိမိတို့လုပ်ဆောင်နေရသည့်ကဏ္ဍတိုင်းတွင်
ပျော်ရွှင် ကြည်နူးဖွယ်ရာ တိုးတက်အောင်မြင်မှုများရှိသကဲ့သို့ ကြေကွဲဝမ်းနည်းဖွယ်ရာ ရှုံးနိမ့်မှုများနှင့်လည်း ကြုံတွေ့နေကြရပါသည်။ အရာရာ အဆင်ပြေ ချောမွေ့နေသောအခါများတွင် မိမိကိုယ်ကို ယုံကြည်မှုများ နှင့်အတူ အားတက်ရွှင်လန်းမိသည်။ ရှေ့ဆက်လျှောက်လှမ်းရမည့် ဘ၀ခရီးအတွက် စီမံကိန်းများ ချမှတ်ကာ အနာဂါတ် မျှော်လင့်ချက်များဖြင့် အရာရာကို ရင်ဆိုင်လိုသောစိတ်များ ထက်သန်လာရပါသည်။ ဒါကအောင်မြင်မှုများ ရနေချိန်တွင် ချမ်းသာပျော်ရွှင်နေတတ်သော စိတ်သဘာဝတစ်ခုဖြစ်မည်ထင်ပါသည်။ ထိုစိတ်ကပင် အရှုံးများနှင့် ရင်ဆိုင်ကြုံတွေ့လာရသည့်အခါများတွင် စိတ်ဓါတ်ကျတတ်ပြန်သည်။ မိမိကိုယ်မိမိ ရှုံးနိမ့်မှုအတွက်
သိမ်ငယ်စိတ်၊ အားငယ်စိတ်များဖြင့် ညှိုးနွမ်းရပြန်သည်။ စိတ်ဓါတ်ကြံ့ခိုင်သည် ဆိုသူများသည်ပင်
လောကဓံ၏ ရိုက်ခတ်မှု၊ လှိုင်းတံပိုးများနှင့် ကြုံဆုံလာရသောအခါ ခံနိုင်ရည်ရှိအောင် ကြိုးစားရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပါ။

…စိတ်၏ ဖြစ်တည်မှု၊ စဉ်းစားတွေးခေါ်မှု၊ ထွေပြားဆန်းကြယ်မှု၊ အပြောင်းအလဲ မြန်ဆန်မှု၊ တည်ငြိမ်
အေးချမ်းစွာနေလိုမှုနှင့် စေလိုရာစေခိုင်းတတ်သော၊ ထိန်းချုပ်ရန် ခက်ခဲသော စိတ်တွင်းဖြစ်စဉ်များသည်
စက္ကန့်တိုင်း၊ မိနစ်တိုင်း အချိန်နှင့်အမျှ ပြောင်းလဲနေသော စိတ်၏သဘော၊ သဘာဝကို သိမြင်စေပါသည်။ ကျွန်မ၏စိတ်တွင်းဖြစ်စဉ်နှင့် ပတ်ဝန်းကျင်ရှိ အခြားသူများ၏ စိတ်နေသဘောထား ပြောင်းလဲမှုများစွာကိုလည်း
စိတ်ဝင်စားစွာဖြင့် စူးစမ်း လေ့လာနေမိမြဲ ဖြစ်ပါသည်။ ကျွန်မအများဆုံးတွေ့ထိ ခံစားရသည်က စိတ်နေသဘောထား မြင့်မြတ်သော၊ ရင့်ကျက် တည်ငြိမ် အေးဆေးသော၊ အရာရာကို အကောင်းမြင်သော စိတ်ဖြင့် ရှုမြင်တတ်သော၊ စိတ်ကောင်းနှလုံးကောင်း ရှိကြသည့် ဆရာသမားကောင်းများ၏ မွန်မြတ်သော စိတ်ဖြင့် လုပ်ဆောင်မှုများပင်
ဖြစ်ပါသည်။ ဆရာသမားများ၏ စိတ်ငြိမ်းအေးစွာထားတတ်မှု၊ ပျော်ရွှင်သောစိတ်ထားဖြင့် အရာရာကို
ရင်ဆိုင်တတ်မှုများသည် ကျွန်မအား ကောင်းသောစိတ်အစဉ်ကို မွေးဖွားရန် အားဖြစ်စေပါသည်။ ကိုယ်ကျိုးအတွက်
မဟုတ်ဘဲ အများကောင်းကျိုး သယ်ပိုး ဆောင်ရွက်ခြင်းများသည် မိမိစိတ်ကို ကြည်နူးချမ်းမြေ့စေနိုင်ကြောင်းကို သိမြင်စေပါသည်။

…အချို့သူများသည် မိမိကိုယ်ကို အလွန်ထိန်းချုပ်စောင့်စည်းတတ်ကြသည်။
စိတ်ပျော်ရွှင်ဖွယ်ရာကိစ္စများနှင့် ကြုံတွေ့ရလျှင်လည်း လွတ်လပ်ပေါ့ပါးစွာ မပျော်ရွှင်တတ်ကြပေ။ အဆင်မပြေသည့်ကိစ္စများနှင့် တွေ့ကြုံ ရလျှင်လည်း မကျေနပ်စိတ်များကို မြိုသိပ်ထားတတ်ကြသည်။ ထိုသို့မကျေနပ်သည့်စိတ်များ၊ အလိုမကျ သည့်စိတ်များ၊ အလွန်အမင်း ထိန်းချုပ်တတ်လွန်းသည့်
စိတ်များသည် အချိန်ကြာလာသည်နှင့်အမျှ မိမိ၏ မသိစိတ်တွင် တဖြည်းဖြည်းကြီးထွားလာပြီး စိတ်ရောဂါများဖြစ်လာတတ်သည်ကို ကျွန်မ၏ချစ်ခင်ရင်းနှီးသောသူများစွာတွင် ကိုယ်တိုင်တွေ့ကြုံခဲ့ရဖူးပါသည်။ အချို့သူတို့သည် စိတ်ရောဂါဖြစ်နေသည်ကို သူတို့ကိုယ်တိုင် မသိပါ။ ၄င်းတို့၏မိသားစု
အသိုင်းအ၀ိုင်းများကလည်း မရိပ်မိသည့်အခြေအနေမျိုး ဖြစ်နေတတ်သည်။ သူတို့ကိုယ်တိုင်
စိတ်ရောဂါဖြစ်နေမှန်း သိသည့်အချိန်တွင် ရောဂါမှာ အပြင်းစား အဆင့်ရောက်နေပြီး ထိုအခါမှ
ဆေးပြင်းများ သောက်ရခြင်း၊ ဆေးရုံတက် ကုသရခြင်းများသည် ကာယကံရှင်နှင့်
၎င်း၏မိသားစုများအား စိတ်ဆင်းရဲခြင်းဒုက္ခကို ပို၍ဖြစ်စေသည့်အပြင် ၀န်ထုပ်ဝန်ပိုးတစ်ခုသဖွယ်လည်းဖြစ်စေပါသည်။ ဤကဲ့သို့ ဆိုးရွားလှသည့်
စိတ်ရောဂါဝေဒနာအား မည်သူ့ကိုမျှ မခံစားစေလိုသော စေတနာဖြင့် ဤပိုစ့်အား ရေးသားခြင်းဖြစ်ပါသည်။
…ထို့ကြောင့် ကျွန်မတို့သည် စိတ်ညစ်စရာများ ကြုံတွေ့လာရပါက စိတ်ကိုတတ်နိုင်သမျှ ထိန်းသိမ်း၍
ပျော်ပျော်နေတတ်အောင် ကြိုးစားကြရပေမည်။ သောကစိတ်ကို ထိန်းချုပ်နိုင်ရပေမည်။ စိတ်ညစ်နေသော
အာရုံအား ပြောင်းလဲပစ်ရမည်။ အလည်အပတ်ခရီးသွားခြင်း၊ ပျော်ပွဲရွှင်ပွဲများသို့သွားခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ သီချင်းနားထောင်ခြင်း၊ သူငယ်ချင်းများနှင့် ၀ိုင်းဖွဲ့စကားပြောဆိုခြင်းတို့သည် စိတ်အာရုံကို အပြောင်းအလဲ
ဖြစ်စေသဖြင့် စိတ်ညစ်နေချိန်များတွင် လုပ်ဆောင်သင့်ပါသည်။ မိမိတစ်ဦးတည်း တွေးချင်ရာတွေး၊
ငေးချင်ရာငေးပြီး စိတ်ဆင်းရဲနေမည့်အစား ခင်မင်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများအား
မိမိခံစားချက်များ မျှဝေခံစားစေခြင်းဖြင့် သောကများကို လျော့နည်းသွားစေနိုင်ပါသည်။

…အချို့ကား ရုတ်တရက်ကြုံတွေ့လိုက်ရသောကိစ္စများကြောင့် စိတ်ထိခိုက်သွားသည်။ စဉ်းစားချင့်ချိန်ရန်
အချိန်မပေးနိုင်တော့ပေ။ ထို့ကြောင့်စိတ်ညစ်စရာများ တွေ့ကြုံလာရပါက တဖြည်းဖြည်း စဉ်းစားချင့်ချိန်၍
စိတ်တွင်ဖြေသိမ့်နိုင်အောင် ကြိုးစားရပေမည်။ မိမိအလုပ်အကိုင်တွင် အမှားအယွင်းများရှိလာပါက
စိတ်ညစ်စရာများဖြစ်လာတတ်သည်။ ထို့ကြောင့် မည်သည့်ကိစ္စတွင်မဆို စဉ်းစဉ်းစားစားဖြင့်
ဖြည်းဖြည်းမှန်မှန် လုပ်ကိုင်သွားရန်လိုသည်။ ယင်းသို့လုပ်ကိုင်ခြင်းဖြင့် အတိမ်းအစောင်း
အမှားအယွင်း တွေ့ကြုံနိုင်စရာ မရှိတော့ပေ။ တွေ့သည့်တိုင်အောင် ဆိုးဆိုးရွားရွား မဖြစ်နိုင်ပေ။

…လူ့ဘ၀သက်တမ်းတစ်လျှောက်တွင် အခက်အခဲများသည် အမြဲတစေ ရှိနေတတ်သည်။
“ ရေပတ်လည် ၀ိုင်းရံလျက်ရှိသော ကုန်းမြေကိုကျွန်း…’’
ဟုခေါ်သကဲ့သို့ အခက်အခဲများ ၀ိုင်းရံလျက်ရှိသော သတ္တ၀ါကို “လူ” ဟုခေါ်သည်ဟု ဆိုရပေလိမ့်မည်။
စိတ်အနှောက်အယှက်ဖြစ်မှု၊ အခက်အခဲ အကျပ်အတည်းတွေ့မှုများကို ဘ၀ တစ်လျှောက်တွင်
အမြဲတမ်းရင်ဆိုင်နေရမည်။ ဘ၀အစမှ ဘ၀နိဂုံးချုပ်သည့်တိုင်အောင် ဤကိစ္စများကို မလွဲမသွေ
တွေ့ဆုံနေကြရမည်ဖြစ်ပေသည်။ ယင်းသို့နိယာမတရားဖြစ်သော အခက်အခဲ အကျပ်အတည်း
များကို တွေ့ကြုံရတိုင်း စိတ်ညစ်နေရန်မလို။ ၄င်းတို့ကို ကြိုးစား၍ ကျော်လွှားဖြတ်သန်းရမည်။

…အခက်အခဲသည် နေရာတိုင်းတွင်ရှိနေသည်။ လူသည် ဦးနှောက်ဖြင့်စဉ်းစား၍ ခန္ဓာကိုယ်နှင့်
ရင်းနှီင်္းကာလှုပ်ရှားရုန်းကန်နိုင်၏။ ဇွဲ၊ လုံ့လ၊ ၀ီရိယရှိသောလူတို့သည် အခက်အခဲကြုံတွေ့ရသော်လည်း
ပြေလည်အောင် ဖြေရှင်းနိုင်သော အစွမ်းအစရှိကြသည်။ အခက်အခဲဆိုသည်မှာလည်း လူ့ဘ၀အတွက် ရုန်းကန်ရန်
ခွန်အားကို ဖြစ်စေသည်။ အခက်အခဲတွေ့တိုင်း၊ ပြဿနာရင်ဆိုင်ရတိုင်း
စိတ်ညစ်နေရန်မလိုပေ။
စိတ်ညစ်နေလျှင် အလုပ်မပြီး။ စိတ်ပျော်လက်ပျော်နှင့် ကိုယ်တွယ်ဖြေရှင်းရန်သာလျှင် အကြောင်းရှိသည်။
သတ္တိမွေးကာ အခက်အခဲဟူသမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမည်။ “ဒုက္ခပါဘဲ” ဟု ညည်းတွားကာ မျက်နှာကို
ရှုံမဲ့နေရုံမျှဖြင့် ပြဿနာသည် ပြေလည်မသွားပေ။ အခက်အခဲ အစိုင်အခဲသည် ပြေပျောက်မသွား။
ရင်ဆိုင် ယှဉ်ပြိုင်၍ အနိုင်ယူမှသာလျှင် အခက်အခဲကို ကျော်လွှားနိုင်သည်။ အခက်အခဲမှ ဖြတ်ကျော်အနိုင်ရလျှင်
ပျော်ရွှင်သည်။ လူ့ဘ၀တွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရန်မှာ အရေးကြီးဆုံးအချက်ပင်ဖြစ်သည်။

…လူပျင်းလူညံ့တို့၏ သဘောကား စိတ်ဓါတ်ပျော့ညံ့၏။ စိတ်ဓါတ်ပျော့ညံ့လျှင် စိတ်ဓါတ်ကျဆင်းကာ အားငယ်
လာတတ်ကြသည်။ ဤတွင်စိတ်ဆင်းရဲကာ စိတ်သောက ရောက်ကြကုန်၏။ ထိုအခါ ပျော်ရွှင်မှုနှင့် ကင်းဝေးကြ
ရလေသည်။
“ လူ့ဘ၀သည် မျက်ရည်နှင့် ရယ်မောခြင်းတို့အကြားတွင် တည်ရှိနေသည်…”ဟု ခါလေလ်ဂျီဘယန်းက
ဆိုခဲ့သည်။ လူသားများသည် သုခ၊ ဒုက္ခနှစ်မျိုးစလုံးကို ပြုလုပ်နေသူများဖြစ်ကြ၏။ ကံကြမ္မာသည်
သူ့လမ်းအတိုင်းရှိသည်။ ကံကောင်းခြင်း၊ ကံဆိုးခြင်းဆိုသည်မှာ မြင်နိုင်စွမ်းသောအရာမဟုတ်။
ကံဆိုးခြင်းသည် သောကရောက်စေ၏။ ကံကောင်းခြင်းသည် ပျော်ရွှင်စေ၏။ စိတ်ထဲမှာ တွေးတောရာ၌
ကံကြမ္မာကို ရိုးမယ်ဖွဲ့ကာ အဆိုးချည်းသက်သက်တွေးနေလျှင် ကံဆိုးသည်ဟု စိတ်စွဲလာမည်။ စိတ်ပူပင်
သောကရောက်လာမည်။

…စိတ်တွင် ကြည်ကြည်လင်လင်တွေးတောကာ “ ကံကောင်းပြီ ” ဟုယူဆလျှင်
စိတ်သောကမရောက်နိုင်ပေ။ စိတ်အစွဲအလမ်းတစ်ခုခု၏
အကောင်းဖက်ကို လှည့်ထားပြီး သောကကို လုံးဝမေ့ဖျောက်ထားလျှင် ပျော်ရွှင်မှုသည်
အလွယ်တကူရောက်ရှိလာတတ်ပေသည်။ သောကပျောက်ကွယ်စေရန် စိတ်ကူးပြောင်း ပေးရန်လိုသည်။ စိတ်အစွဲအလမ်းဖျောက်ကာ စိတ်ညစ်စရာများကို တွန်းလှန်ဖယ်ရှားပြီး စိတ်ပြေ လက်ပျောက် ဖြစ်စေရမည်။ သောကပျောက်ကွယ်သွားလျှင် စိတ်ညစ်ခြင်းမရှိတော့ဘဲ ပျော်ရွှင်လာပေမည်။

…လူသားတစ်ဦးအနေဖြင့် စိတ်တိုစရာကိစ္စများ၊ ဒေါသဖြစ်စရာကိစ္စများနှင့်လည်း ကြုံတွေ့ရမည်။ လက်လွတ်ဆုံးရှုံးစရာကိစ္စများနှင့်လည်း ရင်ဆိုင်ရမည်။ စိုးရိမ်ပူပန်စရာကိစ္စများနှင့်လည်း အချိန်မရွေး ထိပ်တိုက်တွေ့ကြုံနိုင်သည်။ ထိုသို့ကြုံတွေ့လာသောအခါများတွင် မိမိကိုယ်မိမိ သတိဖြင့် ဖြေသိမ့်တတ်ရမည်။ ခွင့်လွတ်သင့်သည့်အရာများကို ခွင့်လွတ်နိုင်ရမည်ဖြစ်ပြီး လက်လွတ်သင့်သည့်အရာများကိုလည်း
လက်လွတ်နိုင်အောင် ကြိုးစားသွားရပေမည်။
…ငယ်စဉ်ခလေးဘ၀မှသည် အိုမင်းရင့်ရော်ချိန်ထိ အရွယ်မရွေး စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးရမည်။
ခလေးဘ၀ကပင် မိဘများနှင့် ဆရာ.ဆရာမများက မိမိခလေးအကျင့်စရိတ္တ ကောင်းမွန်တိုးတက်ရေး၊
အသိအမြင် မှန်ကန်ရေးအတွက် အနီးကပ် ဂရုစိုက်၍ လမ်းညွှန်မှုပေးနေရမည်။

…အပျိုဖော်၊ လူပျိုပေါက်အရွယ်ရောက်သည့်အခါတွင်လည်း ဟိုမုန်းဓါတ်အပြောင်းအလဲများကြောင့် တက်ကြွမှု
လွန်ကဲခြင်း၊ ပူပင်သောကများခြင်း၊ အထီးကျန်ဝေဒနာခံစားရခြင်း စသည့် အပြုအမူပိုင်းဆိုင်ရာ
စိတ်ဓါတ် ပြောင်းလဲလာမှုများကို သတိမူပေးရမည်။

…လူလတ်ပိုင်းအရွယ်တွင် အလုပ်တာဝန်များပြားခြင်းကြောင့် အလုပ်၏ ဖိစီးမှုဒဏ်ခံစားရခြင်း၊
အိမ်ထောင်ပြု၍ အလုပ်ကတစ်ဖက်၊ ခလေးငယ်ပြုစု စောင့်ရှောက်ခြင်းကတစ်ဖက်နှင့် စိတ်ဖိစီးမှု
တိုးလာခြင်းများသည် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ခလေးအရွယ်၊ ကြီးကောင်ဝင်သည့်အရွယ်၊
လူလတ်ပိုင်းအရွယ် များတွင် အပြောင်းအလဲများကြောင့် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သကဲ့သို့
သက်ကြီးပိုင်း အရွယ်တွင်လည်း ဟိုမုန်းအပြောင်းအလဲကြောင့် ၀မ်းနည်းခြင်း၊ မိမိခင်ပွန်းအပေါ်၊
သားသမီးများအပေါ်တွင် ယခင်ကကဲ့သို့ မပြုစု မလုပ်ပေးနိုင်တော့သည်ကို အားငယ်ခြင်း၊
အားမလို အားမရဖြစ်ခြင်း၊ စိတ်အလိုမကျ ဖြစ်တတ်ခြင်းများကို တွေ့ရကြောင်း ကျန်းမာရေးဆောင်းပါးများတွင်
ဖတ်ခဲ့ရဖူးပါသည်။ စိတ်ဓါတ်ပြင်းထန် ထက်မြက်သော လူကြီးလူအိုများသည် ပင်စင်ယူသွားသောအခါများတွင် စိတ်ကျရောဂါများဖြစ်တတ်ကြသည်။


…အမေရိကန် စိတ်ကျန်းမာရေး အဖွဲ့အစည်းမှလည်း စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်တိုးတက်စေရေးအတွက် လိုက်နာသင့်သည့်အချက်များအား လမ်းညွှန်မှုပြုထားသည်ကို ဖတ်ခဲ့ဖူးပါသည်။
(၁) အာဟာရပြည့်ဝစွာ စားသောက်ခြင်း ၊
(၂) နှစ်ခြိုက်စွာ အိပ်စက်ခြင်း ၊

(၃) စိတ်ဖိစီးမှု လျော့ချခြင်း ၊
(၄) ပြဿနာအများစုနှင့် ကင်းဝေးအောင် နေထိုင်ခြင်း ၊
(၅) မိမိစိတ်ကို ထိန်းချုပ်ခြင်း ၊
(၆) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း ၊
(၇) ဈေးဝယ်ထွက်ခြင်း ၊
(၈) တရားထိုင်ခြင်း ၊
(၉) အများအကျိုး များများဆောင်ရွက်ခြင်း ၊


*** Tips For Mental Health…
(၁) ယုံကြည်မှုကို တည်ဆောက်ပါ ၊

(၂) အခက်အခဲတွေကို လက်ခံလိုက်ပါ ၊
(၃) မိသားစု (သို့) သူငယ်ချင်းများအတွက် အချိန်ယူပါ ၊

(၄) ၀င်ငွေထွက်ငွေ မျှတပါစေ… ၊
…လိုအပ်တာတွေထက် လိုချင်တာတွေအတွက် အသုံးအစွဲကြီးခြင်းဟာ
ငွေကြေးပြဿနာကို အဓိက
ဖန်တီးပေးတဲ့ တရားခံပါဘဲ။
(၅) စေတနာဝန်ထမ်း လုပ်ဆောင်ပါ… ၊
…စေတနာ့ဝန်ထမ်းအလုပ်တွေဟာ ၀င်ငွေရတဲ့လုပ်ငန်းမဟုတ်ပေမယ့် အသင်းအဖွဲ့တွေကနေ
ပြန်ရတဲ့ ပျော်စရာကောင်းတဲ့ စိတ်ကျေနပ်နှစ်သိမ့်မှုဟာ ဘာနဲ့မှ လဲလို့မရနိုင်တဲ့
ပျော်ရွှင်မှုတစ်မျိုးပါဘဲ။
(၆) Stress ကို ကိုင်တွယ် ဖြေရှင်းပါ ၊
(၇) ကြံ့ခိုင်ခြင်းနှင့် ခွန်အားကို ရှာပါ… ၊

…မိမိချစ်ခင်ရင်းနှီးသော မိတ်ဆွေများကို မိမိပြဿနာများ ဝေငှခံစားစေပါ။
ဆွေးနွေးတိုင်ပင်ပြောကြားပါ။

(၈) ကဏ္ဍတွေ ခွဲခြားထားပါ… ၊
…၀မ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ဒေါသဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်းတွေကို အချိန်တိုင်း
ခေါင်းထဲ ထည့်မထားပါနဲ့၊
အပိုင်းလိုက်ထားပါ။
(၉) မိမိကိုယ်ကို ဆန်းစစ်ပါ… ၊
…သင်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ အရင်ဆန်းစစ်ပါ။ ဘာတွေကို သင်ပြောင်းလဲနိုင်သလဲ၊
ဘာတွေကို မပြောင်းလဲနိုင်ဘူးလဲ၊ ဘာတွေ လုပ်ဆောင်မှ သင့်ဘ၀မှာ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုတွေ
ရမှာလဲဆိုတာ ကိုယ့်ကိုယ်ကို သိဖို့ အရေးကြီးပါတယ်။

…လူသည် ပျော်ရွင်မှုကိုလည်း ဖန်တီးသည်။ စိတ်ဆင်းရဲမှုကိုလည်း ဖန်တီးသည်။
“ မည်သူမပြု မိမိမှု” သာလျှင်ဖြစ်ချေ၏။
လူတို့သည် “ လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုသကဲ့သို့
ကြံစည်သင့်သည်ကို ကြံစည်ကြရမည်။ ပျော်ရွှင်မှုကို လိုချင်သည်။
မိမိ၏စိတ်တိုင်းကျဖြစ်စေရန် မိမိကိုယ်တိုင် ဖန်တီးယူရပေမည်။ ၀မ်းနည်းမှုကို တွေ့လျှင်
တတ်နိုင်သမျှစိတ်ကို ထိန်းသိမ်းနိုင်ရမည်။ တရားဓမ္မဖြင့် ဖြေသိမ့်ရမည်။ ၀မ်းသာပျော်ရွှင်စရာရှိလျှင်လည်း
သတိရှိရမည်။
အတိုင်းအဆနှင့် ပျော်ရွှင်ခြင်းသည် မှန်ကန်၏။ သို့ဖြစ်ပေရာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတို့သည်
ခံယူသောသူ၏စိတ်တွင်သာ မူတည်နေပေသည်။ လူတိုင်း စိတ်ချမ်းသာအောင်ထားတတ်၊ ခံယူတတ်မှသာ ကိုယ်ခန္ဓာကျန်းမာခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လောကီလောကုတ္တရာ နှစ်ဖြာသောကောင်းကျိုးကို
စိတ်တိုင်းကျ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ချမ်းသာခြင်းအစစ်အမှန်ကို ရရှိစေရန်
စိတ်ကျန်းမာရေးကို အလေးအနက်ဂရုပြုသင့်ပါကြောင်း ကမ္ဘာသစ်သူငယ်ချင်းများအားလုံးအား
မျှဝေပေးလိုက်ပါသည်။

…Ref; People Magazine & ပျော်ရွှင်မှုနည်းပညာ ( စိုးထိုက် )…

…သူငယ်ချင်းများအားလုံး စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာကြပါစေ…

မေတ္တာဖြင့်…
အေးအေးမိုးမိကူး
(၈.၁၀.၂၀၁၀)

No comments:

Post a Comment