Abdominal Pain နာတယ်ဆိုတာ မကောင်းပါ


May 25, 2010 at 3:10 PM
ဆရာရှင့် သမီး ဗိုက်တအား အောင့်အောင့်နေပါသဖြင့် ဆရာနှင့် တိုင်ပင်ချင်ပါသည်။ ကန်တော့ပါ ဆရာရှင့်၊ ဘယ်ဘက် ဆီးစပ် အပေါ်နားမှ စတင်ပြီး၊ ၀မ်းဗိုက်တပြင်းလုံး ပူ၍ စူးလာကာ ရင်ညွန့်ထိ တက်အောင့်ပါသည်။ ဆေးရုံသွား၍ ပြသသောအခါ X-Ray/CT Scan ဖြင့် စစ်ဆေးသော်လည်း၊ normal result သာပြ၍ Abdominal Pain ဟူ၍သာ မှတ်ချက်ချ၍ ဆေးများ ပေးလိုက်ပါသည်ရှင်။ ဆေးများကို သောက်သော်လည်း
သိသိသာသာ သက်သာလာခြင်း မရှိသေးပါ ဆရာရှင့်။ အစာ စားပြီးနောက် ပိုနာသဖြင့် အရည်သာသောက် နေရပါသည်ရှင့်။ ဆီးသွား မှန်သော်လည်း၊ ၀မ်းမသွားသည်မှာ ၄, ၅ ရက် ရှိနေပါပြီရှင့်။ ဗိုက်အောင့်သဖြင့် မအိပ်ရသော ညပေါင်းလည်းများ နေပါပြီးရှင့်။ ကျေးဇူးပြုပြီး အကြံဥာဏ်များပေးပါရှင့်။

မဖတ်ရသေးရင်တော့ Peptic ulcer လေနာဆိုတာ ဘုရင်မှာလည်းဖြစ်သည် ကိုပါ ဖတ်စေချင်တယ်။

Abdominal ဆိုတဲ့ ခေါင်းစဉ်ကို Music သမားတွေက ဖတ်ရင် (တိုရွန်တို) က Rapper လို့ ထင်ချင်ထင်နေမယ်။ မဟုတ်ပါ၊ ဗိုက်ပါသူတိုင်း ခံစားရတဲ့ ဝေဒနာအကြောင်းသာ ဖြစ်ပါတယ်။ လေနာမဟုတ်ဘဲ ဗိုက်နာတာတွေ အများကြီး ရှိတယ်။ “အနာမဲ့သူ ရှင်ပါကူ” ကလွဲရင် လူတိုင်းလိုလို ဗိုက်နာတာက ခဏခဏဖြစ်ကြရတယ်။ တချို့ ခွဲစိတ်ခံကြရတယ်။

ဗိုက်ဆိုတာ လူ့ကိုယ်မှာ နေရာအများဆုံး ယူထားတယ်။ အထဲမှာ အင်္ဂါတွေကလည်း စုံလှတယ်။ နှလုံးနဲ့ အဆုပ်သာရှိတဲ့ ရင်ခေါင်း Chest (Thorax) အောက်က Abdomen ဗိုက်ဖြစ်တယ်။ ရင်ခေါင်းနဲ့ ဗိုက်ကို Diaphragm ကြွက်သား ခုံးခုံးကြီး တခုနဲ့ နယ်နိမိတ် ခြားထားတယ်။ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အသဲ၊ ဘေလုံး၊ သည်းခြေအိပ်၊ ကျောက်ကပ်၊ ဆီးပြွန်ဆိုတဲ့ အင်္ဂါတွေရယ် သူတို့နဲ့ တွဲနေတဲ့ သွေးကြောတွေ၊ (လင့်ဖ်) ကြောတွေ၊ အာရုံကြောတွေ၊ အမြှေးတွေ ရှိကြတယ်။ ဗိုက်နဲ့ တဆက်ထဲ အောက်မှာရှိတာက Pelvis တင်ပါးဆုံပိုင်း။ သူအထဲမှာ Bladder ဆီးအိမ်၊ Uterus သားအိမ် (အမျိုးသမီး)၊ Prostate ဆီးအကြိတ် (အမျိုးသား) နဲ့ Rectum အစာဟောင်းအိမ်တွေ ရှိကြတယ်။

နယ်နိမိတ် ဆိုတာ သင်ကြား-မှတ်သားလို့ အဆင်ပြေအောင် ပြောရတာပါ။ တနေရာမှာ တခုခုဖြစ်ရင် ကပ်နေတဲ့ နေရာကိုပါ သက်ရောက်စေတယ်။ ဒါ့ကြောင့် တိုင်းပြည်တခုမှာ တခုခုဖြစ်ရင် အိမ်နီးချင်းတွေ မနေသာတဲ့ သဘောမျိုး။ ပြည်တွင်းရေးကိစ္စဆိုပြီး၊ မျက်နှာလွှဲနေတာမျိုးကို ကျန်းမာရေးမှာ လုပ်မရပါ။

ဗိုက်နာတာကို ချက်ချင်းဖြစ်-အတင်းနာတာကို Acute pain in abdomen ရောဂါတွေခေါ်တယ်။ ရမ်းကုဆရာတွေက နာတဲ့နေရာမှာ ဆေးထိုးတယ်။ နာတာကို သိတဲ့ အာရုံကြောက အမျိုးမျိုးရှိနေလို့ ဗိုက်နာတာကို ရိုးရိုးစင်းစင်း၊ စဉ်းစားလို့ မရဘူး။

Visceral pain မျိုးက အထဲအင်္ဂါတွေမှာ တခုခုဖြစ်လို့ ဟိုနားကလို၊ ဒီနားကလို အောင့်တာမျိုး။ Vague, Dull, Nauseating အန်ချင်သလိုလဲ နေတတ်တယ်။ ဗိုက်အပေါ်ပိုင်းမှာ ရှိကြတဲ့ အစာအိမ်၊ အူသိမ်အစပိုင်း၊ အသဲ၊ သရက်ရွက်တွေမှာ ဖြစ်ရင် ဗိုက်အပေါ်ပိုင်းမှာ နာတယ်။ အူသိမ်၊ အူအတက်နဲ့ အူမကြီးအစပိုင်းက ဖြစ်ရင် ချက်တ၀ှိုက်မှာ နာတယ်။ အူမကြီးနဲ့ ဆီးလမ်းကဖြစ်ရင် ဗိုက်အောက်ပိုင်းမှာ နာတယ်။ Autonomic nerve ဆိုတဲ့ အာရုံကြောတွေ ကြောင့်ဘဲ။

Somatic pain ဆိုတာက Parietal peritoneum ဗိုက်အတွင်းအဖုံးလွှာမှာ Infection ပိုးဝင်ရင် နာတာမျိုးက စူးစူးရှရှ၊ နေရာအတိအကျ နာတယ်။ ဘာ့လို့လဲဆိုတော့ Somatic nerves ဆိုတဲ့ အာရုံကြောကြောင့်ဘဲ။

Radiating pain ဆိုတာ တနေရာမှာ ရောဂါဖြစ်နေပြီး ဘာမှမဆိုင်တဲ့နေရာမှာ သွားပြီးနာတာကို ခေါ်တယ်။ အသဲရောဂါ၊ သည်းခြေအိတ်ရောဂါ၊ နှလုံးရောဂါတွေကနေ ပခုံးထိပ်မှာ လာနာတတ်တယ်။ အာရုံကြောတွေက ခါးရိုးမကြီးထဲက Spinal cord မှာ လာဆုံနေကြလို့ဘဲ။ ညာပခုံးမှာ လာနာရင် Gall bladder stone သည်းခြေကျောက်၊ ဘယ်ပခုံးလာနာရင် Ruptured spleen ဘေလုံးကွဲတာ၊ ဒါမှမဟုတ် Pancreatitis သရက်ရွက်ရောင်တာ ဖြစ်တတ်တယ်။ Urinary stone ဆီးလမ်း ကျောက်တည်တာကနေ Pubis ဆီးစပ်၊ Testis ကျားအစေ့၊ Vagina မွေးလမ်းကြောင်းအထိ နာလာတတ်တယ်။

Peritonitis ဆိုတဲ့ ဗိုက်ဖုံးလွှာရောင်တာဟာ ခွဲစိတ်ပညာ အရေးပေါ်အခြေအနေတခု ဖြစ်တယ်။ Gastric perforation အစာအိမ်ပေါက်ခြင်း၊ Appendicitis အူအတက်ရောင်ခြင်း၊ diverticulitis အူမကြီးရောင်ခြင်း၊ intestinal obstruction အူပိတ်ခြင်း၊ Pancreatitis သရက်ရွက်ရောင်ခြင်း၊ Pelvic inflammatory disease တင်ပါးဆုံတွင်းရောင်ခြင်း၊ သားအိမ် ပြင်ပသန္ဓေတည်ခြင်း၊ စတာတွေကြောင့် ဖြစ်စေတယ်။

ကလေးငယ်တွေမှာ ဖြစ်တာက လူကြီးတွေနဲ့ မတူပြန်ဘူး။ ကလေးငယ်ငယ် တအားငိုတယ်ဆိုရင် ဗိုက်နာတာကို အရင် စဉ်းစား။ လေ မဟုတ်ရင် သံကောင် အဖြစ်များတယ်။ ဒိထက် ဆိုးဝါးတာတွေထဲမှာ imperforate anus မွေးကတည်းက စအိုပေါက် မပါတာ။ Intussusception အူကနေအူထဲ တိုးဝင်သွားတာတွေ ပါတယ်။

ရောဂါရာဇ၀င် ကောင်းကောင်းပြောတတ်ရင် ဆရာဝန်ကို ကူညီရာကျတယ်။ ကိုယ်ဖြစ်တာကိုယ် မပြောတတ်သူတွေ ရှိတယ်။ စကားပြောကောင်းသူတွေက ဟန်မကျဘူး။ ပိုပြောတတ်တယ်။ စာရေးကောင်းသူတွေက လူနာကောင်းတွေ ဖြစ်နိုင်တယ်။

• စူးစူးရှရှနဲ့ တချက်တချက် အသက်ရှူတန့်သွားအောင် နာလိုက် ရပ်လိုက်ဖြစ်တာဟာ သည်းခြေလမ်း ပြဿနာ။
• အောင့်နာပြီး၊ အန်လာတာမျိုးက အူပိတ်နေတာ။
• ရစ်ရစ်နာပြီး၊ မှန်မှန် ဖြစ်လာတာမျိုးဆိုရင် Appendicitis အူအတက်၊ Intestinal obstruction အူသိမ်ပိတ်ခါစ၊ Mesenteric ischemia အူမြှေးသွေးကြောပိတ်တာ။
• စူးရှပြီး၊ တောက်လျှောက် နာတာဟာ လှုပ်ရှားလေ ဆိုးလေ ဖြစ်ရင် Peritonitis ၀မ်းတွင်းခေါင်းမြှေးရောင်တာ။
• မီခလုပ်ဖွင့်လိုက်တော့ မီးလင်းသလို ဗြုန်းစားကြီး နာလာတာမျိုးက Gastric perforation အစာအိမ်ပေါက်တာ။ Renal stone ကျောက်ကပ်ကျောက်တည်တာ၊ Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ပြီးပေါက်တာ။
• ဆုတ်ဖြဲခံရသလို နာတာမျိုးက Dissecting Aneurysm သွေးလွှတ်ကြော ဖေါင်းကွဲတဲ့ ရောဂါ။
• အရင်ကလည်း နာဘူးသူဆိုရင် Peptic ulcer လေနာ၊ Gallstone colic သည်းခြေကျောက်၊ Diverticulitis အူမကြီးထဲက ရောင်တာ တခုခုဖြစ်နိုင်တယ်။
• စမ်းကြည့်ရတာနဲ့ နာတာ မမျှအောင် နာတာမျိုးဆိုရင် Mesenteric ischemia အူအမြှေး သွေးမလျှောက်တာ။
• ဗိုက်နာတာက ဘယ်လိုနေရင် သက်သာသလဲ။ Peptic ulcer disease က Antacids သောက်လို့ သက်သာတယ်။ Peritonitis ဆိုရင် အသာလေးလှဲနေလို့ သက်သာတယ်။
• ဗိုက်လဲနာတယ် အန်မယ်၊ ၀မ်းလဲလျှောတာမျိုးက Gastroenteritis အစာလမ်းရောင်တာ။ ဗိုက်နာတာ ကြာပြီးမှ အန်လာမယ်၊ အူတွေလှုတ်ရှားသံ မကြားရသူဟာ Acute intestinal obstruction အူလမ်းပိတ်တာ။

ဗိုက်နဲ့ မဆိုင်ဘဲ ဗိုက်နာတာမျိုးတွေလဲ ရှိသေးတယ်။ Rectus muscle hematoma (ဗယ်လီ) ကြွက်သားမှာ သွေးခဲ နေတာ၊ Testicular torsion ကျားအစေ့လိမ်နေတာ၊ Herpes zoster ရေယုံ၊ Alcoholic ketoacidosis အရက်နာ၊ Diabetic ketoacidosis ဆီးချို၊ Myocardial infarction နှလုံးသွေးကြောကျဉ်း၊ Pneumonia နူမိုးနီးယား၊ Pulmonary embolism အဆုပ်သွေးခဲပိတ်၊ Heavy metal, Methanol poisoning အဆိပ်သင့်၊ Scorpion sting ပင့်ကူကိုက်၊ Opioid withdrawal ဘိန်းဖြတ်။

ရောဂါတွေ တန်းစီရေးပြရတာကို ဖတ်ပြီး၊ သိပ် မကြောက်စေချင်ပါ။ စုံအောင် မရေးရင် ထိန်ချန်မှု ရောက်မှာ စိုးလို့ပါ။ ဗိုက်နာရင် ဆရာဝန်ပြပါ။ မနေနိုင် မထိုင်နိုင် မနာသူများ၊ ဆရာဝန်မပြခင် လှမ်းမေးချင် မေးနိုင်ပါတယ်။ ကုတဲ့နည်းတွေ မရေးသေးပါ။ မေးတဲ့သူကိုတော့ တိုက်ရိုက် ဖြေလိုက်ပါတယ်။ ဆေးကျောင်းသားတွေသာ စာအများကြီး ဖတ်ရတဲ့ဇာတာ ပါတယ် မဟုတ်လား။

လူဆိုတာ နာတာ မခံချင်ကြဘူး။ ဒီလိုဖြစ်သူတွေက (နော်မယ်လ်) ပုံမှန်ဖြစ်တယ်။ နာတာကို သာယာသူတွေ ရှိတယ်။ “အနာခံမှ အသာစံရမယ်” ဆိုတာကို သိလို့တော့ မဟုတ်ဘူး။ Sadism (Sadomasochism) ခေါ်တဲ့ စိတ်ခြေအနေတမျိုး ရှိသူတွေကတော့ အနာခံချင်ကြသတဲ့။ အမှန်က တဗိုက်ထဲနာနာ၊ ဗိုက်သန်းငါးဆယ်နာနာ၊ နာတာ မကောင်းပါ။

Dr. တင့်ဆွေ
၅-၇-၂၀၁၀

No comments:

Post a Comment