ကောင်းမွန် သန့်ရှင်းသည့် အစိုးရသစ်အဖြစ် ရပ်တည်နိုင်ရေးနှင့် အစိုးရဋ္ဌာနများအတွင်း လာဘ်ပေးလာဘ်ယူမှုအား စစ်ဆေးနိုင်ရန် လာဘ်ပေး လာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ စတင်ဖွဲ့စည်း

ပည်ထောင်စု အစိုးရသစ်အဖွဲ့ တာဝန်ယူပြီးနောက် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရသစ် ဖြစ်ပေါ်လာရေး အတွက် အစိုးရအဖွဲ့အစည်းများအတွင်း အဂတိတရားများ ကင်းရှင်းရေးနှင့်လာဘ်ပေးလာဘ်ယူမှုများ ပပျောက် စေရေးအတွက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီအား ဒီဇင်ဘာလ ၉ရက်နေ့က နိုင်ငံတော် သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၁၃ဖြင့် ဖွဲ့စည်းလိုက်ကြောင်း  သိရှိရပါသည်။


အစိုးရသစ်တက်လာပြီး ၂ နှစ် ပြည့်ရန် လအနည်းငယ်အလိုတွင် ပထမဆုံး ဖွဲ့စည်းခဲ့သည့် အဆိုပါ ကော်မတီတွင်  ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ အတွင်းရေးမှုးအဖြစ် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှုးချုပ် ဦးလှထွန်းနှင့် အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ သမ္မတရုံးဝန်ကြီးဋ္ဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွှန့်၊ သမ္မတရုံး ၀န်ကြီးဋ္ဌာန(၂) ပြည်ထောင်စု ၀န်ကြီး ဦးစိုးမောင်၊ သမ္မတရုံး ၀န်ကြီးဋ္ဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ သမ္မတရုံးဝန်ကြီးဋ္ဌာန (၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်နှင့်  နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ဝင် ဦးသန်းကျော် တို့ ပါဝင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ၏ လာဘ်ပေး လာဘ်ယူမှုများမှာ ကမ္ဘာ့နိုင်ငံများတွင် အဆိုးရွားဆုံး အနေအထားဖြင့် ရပ်တည်နေသည့်အတွက် ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ် ပေါ်ထွန်းလာရေးအတွက် လာဘ်ပေး လာဘ်ယူမှုများအား ထိရောက်စွာ ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်နှင့် လာဘ်ပေးသူ လာဘ်ယူသူများအနေဖြင့်  အမျိုးသားအကျင့်စာရိတ္တ မထိခိုက်ရေးအတွက် ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ပေးရန်၊ ပြည်သူ့ဘဏ္ဍာ၊ လစာရယူပြီး ပြည်သူ့ဝန်ထမ်း နေသော ၀န်ထမ်းများအနေဖြင့် အမျိုးသားရေး စိတ်ဓာတ်ဖြင့် တစ်ဦးချင်း တစ်ဋ္ဌာနချင်း ကောင်းမွန်စေရန် ပြန်လည်ပြုပြင်၍ တိုင်းပြည်နှင့် လူမျိုးသိကာ ပြန်လည်မြှင့်တင်ရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရဋ္ဌာန အဖွဲ့အစည်း တိုးတက်ကောင်းမွန်အောင် ပြန်လည်ပြုပြင်ရေးနှင့် စပ်လျင်း၍ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်က ပြောကြားခဲ့သည်။  
လက်ရှိဖွဲ့စည်းခဲ့သည့် ကော်မတီနှင့် စပ်လျင်း၍ ­Myanmar Development Resource Institute မှ တာဝန်ရှိသူတစ်ဦးက တရားရေးဝန်ထမ်းများ ဥပဒေ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၏ လာဘ်ပေး လာဘ်ယူမှုကြောင့် တရားစီရင်ရေး ယိမ်းယိုင်နေခြင်းနှင့် ငွေများ တရားနိုင်စေသည့် ဘက်လိုက်သော ဆုံးဖြတ်ချက်များ မရှိစေရန်၊ ၀န်ထမ်းများ ဘ၀ရပ်တည်ရေးအတွက် လုံလောက်သောလစာ၊ ပင်မလုပ်ငန်းနှင့် မသက်ဆိုင်သည့် အလုပ်များ ခိုင်းစေခြင်းမပြုရန်၊ ဋ္ဌာနဆိုင်ရာ အသုံးစရိတ်များအား ခေတ်ကာလနှင့်အညီ သင့်တော်သည့် အသုံးစရိတ် တိုးမြှင့်ပေးရန် သဘာဝသယံဇာတများအား အကျိုးရှိသည့် လုပ်ငန်းများတွင် အသုံးချခြင်းရှိမရှိနှင့် မည်သည့်နေရာများတွင် အသုံးပြုနေမှုများအား စစ်ဆေးကူညီနိုင်သည့် လုပ်ငန်းများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်နေမှုများအား အရှိန်တိုးမြှင့်လုပ်ကိုင်ရန် လိုအပ်ကြောင်း ထောက်ပြပြောဆိုခဲ့ပါ သည်။
''လာဘ်ပေး လာဘ်ယူမှုတွေကို တိုက်ဖျက်နိုင်မှပဲ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မယ်။ အကျင့်ပျက်ခြစားတဲ့ ကိစ္စကို တွန်းလှန်တိုက်ဖျက်ဖို့ လွယ်ချင်မှ လွယ်မယ်၊ ဒါပေမဲ့ လုပ်ကို လုပ်ရမှာပါ'' ဟု စီးပွားရေးပါမောက္ခ ဒေါ်ရီရီမြင့်က ပြောကြားခဲ့ပါသည်။
လာဘ်ပေးလာဘ်ယူမှုများ  ပေးချေနေရခြင်းနှင့် စပ်လျင်း၍ ထိရောက်စွာ အရေးယူနိုင်ရန် ပြည်သူများအနေဖြင့် အထောက်အထား အချက်ခိုင်လုံစွာဖြင့် ပြည်ထဲရေး ၀န်ကြီးဋ္ဌာနသို့ တိုင်ကြားနိုင်ပြီ ဖြစ် ကြောင်း ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment