၂၁ ရာစုပညာရေး



ကိုယ်သင်ချင်တာ ကိုယ်ရွေးချယ်ခွင့်ရှိလာမယ်
၂၁ ရာစု ပညာရေးအရွေ့ သို့မဟုတ် ပါရာဒိုင်းဟာ “မဖြစ်နိုင်ဘူး” ဆိုတာတွေကို စိန်ခေါ်နေတဲ့ အနေအထားကို ရောက်လာပြီ။ လက်ရှိ လက်ခံကျင့်သုံးနေကြတဲ့ ပညာရေးဟာ ၁၉ ရာစုလောက်ကတည်းက ကျင့်သုံးလာတဲ့ ပညာရေးစနစ်ရဲ့ ဝဲဂယက်ထဲကနေ ရုန်းထွက်နိုင်စွမ်း မရှိသေးဘူး။ အဲဒီမဖြစ်နိုင်ပါဘူးဆိုတာတွေကို ပြောနေတဲ့
ပညာရှင်ကြီးတွေရဲ့ အစွဲကိုဖြုတ်နိုင်မယ်ဆိုရင် ပညာရေးပါရာဒိုင်းဟာ အပြောင်းအရွေ့မြန်မယ် ထင်ပါတယ်။
Scott McLeod ဆိုသူက သူ့ ဘလော့ဂ် မှာ “Dangerously Irrelevant” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ရေးထားပါတယ်။ “ကြောက်မက်ဖွယ်ကောင်းသော ဆက်စပ်မှု ကင်းမဲ့ခြင်း” လို့ပြောရမယ်ထင်ပါတယ်။ သူ ညွှန်းထားတာက လက်ရှိခေတ်စားနေတဲ့ “Mission Imopssible” ရုပ်ရှင်ဇာတ်ကား အမည်ကိုပါ။
သူက ပညာရေးမှာ “ကိုယ့်ကို ပေးထားတဲ့ အလုပ် (assignment) ဟာ၊ ကိုယ်တိုင်ရွေးချယ်တာမျိုးပဲ ဖြစ်သင့်တယ်” လို့ အခိုင်အမာဆိုထားတယ်။ ဆရာက လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ချပေး လိုက်လို့ လုပ်ရတာမျိုး မဖြစ်သင့်ဘူး လို့ပြောထားတယ်။ အဲဒါ ၂၁ ရာစုရဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။
ခုချိန်ဟာ ၂၁ ရာစုကိုရောက်နေပြီ။ ဒါပေမယ့် ကျွန်တော်တို့ကျောင်းတွေဟာ ၂၁ ရာစုကို ရင်ဆိုင်ယှဉ်ပြိုင်နိုင်လောက်အောင် ဘာမှအဆင်သင့်မဖြစ်သေးဘူး။ အထူးသဖြင့် နည်းပညာပိုင်းပေါ့။ အပြောင်းအလဲ ပါရဒိုင်းတစ်ခုခုဖြစ်ဖို့ဆိုတာ လွယ်တာတော့မဟုတ်ပါဘူး။
ဒါပေမယ့် “ကျောင်း” လို့ပြောလိုက်ရင် ပုံစံဟောင်းထဲက မပြောင်းလဲနိုင်တဲ့ အမြင်တစ်မျိုး တည်းရှုမြင် သုံးသပ်မှုမျိုးကိုတော့ ပြောင်းရတော့မယ် ထင်ပါတယ်။ မူဝါဒတွေ ချမှတ်နေရတဲ့ အစိုးရ၊ မိဘ၊ ဆရာ၊ ကျောင်းသား အားလုံးရဲ့စိတ်တွေထဲမှာ ၂၁ ရာစု ပညာရေးပါရာဒိုင်းကို အသင့်ရင်ဆိုင်ဖို့ ပြင်ဆင်ထားသင့်ပါပြီ။

၂၁ ရာစုပညာရေးဆိုတာ
၂၁ ရာစုပညာရေးဆိုတာဘာလဲ။ ၂၁ ရာစုပညာရေးကို ဒီလိုဖွင့်ဆိုကြတယ်။
ရဲရင့်သောပညာရေး၊ ပုံစံခွက်ကို ချိုးဖျက်တဲ့ပညာရေး၊ ပြုပြင်ပြောင်းလဲနိုင်တဲ့ ပညာရေး၊ ဖန်တီးတီထွင်လိုစိတ်ရှိရမယ့် ပညာရေး၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ့် ပညာရေး၊ တစ်လမ်းသွားမဟုတ်၊ လမ်းပေါင်းများစွာနဲ့ ပေါင်းစပ်နိုင်တဲ့ပညာရေးလို့ ဖွင့်ဆိုကြပါတယ်။
ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုဖြစ်စဉ် မြန်ဆန်တဲ့အတိုင်း ပညာရေးကိုလည်း လိုက်လံပြောင်းလဲ နိုင်စွမ်းရှိသော၊ ဖြစ်နိုင်ခြေပေါင်းများစွာနဲ့ ပြဿနာပေါင်းများစွာကို ရင်ဆိုင်နိုင်စွမ်းရှိသော ပညာရေးဟာ ၂၁ ရာစုအတွက် ပညာရေး ဖြစ်ပါတယ်။

၂၁ ရာစုဆိုတာ
ထောင်စုနှစ်သစ်ကို ကြိုဆိုလိုက်တာကတော့ နည်းပညာတော်လှန်ရေးပါ။ ယခု ကျွန်တော်တို့ နေထိုင်နေကြရတာက လူမျိုး၊ ဘာသာကွဲပြားမှုအမျိုးမျိုးကြားမှာ နေထိုင်နေရသလို၊ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာလိုဖြစ်အောင် ဂလိုဘယ်လိုက်ဇ် (globalized) လုပ်ခြင်းလည်း ခံလိုက်ရပါတယ်။ ခေတ်သစ်လူ့ဘောင်ဟာ ရှုပ်ထွေးဆန်းပြားမှုတွေကြားမှာ မီဒီယာ ပေါင်းစုံနဲ့ လွှမ်းခြုံထားခြင်း ခံရပါတယ်။
ULCA က ဒေါက်တာ ဒေါက်ဂလပ်စ် ကဲနား ကတော့ နည်းပညာတော်လှန်ရေးဟာ “နှုတ်ပြော” ကနေ “ရုပ်ပြော” ဖြစ်သွားတယ်လို့ ဆိုတယ်။ သူဆိုလိုချင်တာကတော့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုတာကို အထင်ကြီး နေရာကနေ အင်တာနက်ခေတ်ကို တန်းရောက်သွားတယ်လို့ ဆိုလိုတာပါ။

၂၁ ရာစု အတတ်ပညာ
၂၁ ရာစုကျောင်းတွေဟာ နည်းပညာနဲ့ အတတ်ပညာကို ပေါင်းစပ်နိုင်ရပါလိမ့်မယ်။ ပညာရေးရဲ့ ဦးတည်ချက်ဟာ အလုပ်အတွက်၊ ဘ၀အတွက်ဦးတည်ထားတဲ့ ပညာရေးမျိုး ဖြစ်ရမယ်။ အသက်မွေးဝမ်းကြောင်းမှုကို အထောက်အကူပြုသောပညာရေး၊ အလုပ်နဲ့ ပညာရေးပေါင်းစပ်ပေးနိုင်တဲ့ လက်တွေ့ကျသော သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားရေး ကို ဦးတည်ထားရပါလိမ့်မယ်။
၂၁ ရာစု လုပ်ငန်းခွင်ပညာရေးအတွက် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းတွေဟာ ပညာရပ်နယ်ပယ်တစ်ခုတည်း သက်သက်အတွက် မဟုတ်ဘဲ၊ ပညာရပ် အားလုံးနဲ့ပါ ဆက်နွှယ်ပတ်သက်နေတာမျိုး ဖြစ်သင့်တယ်။ သင်ကြားမှု-သင်ယူမှုသက် သက်မဟုတ် ဘဲ လက်တွေ့လုပ်ဆောင်မှု (project-based) ကိုဦးစားပေးတဲ့ သင်ရိုးညွှန်းတမ်းတွေ ဖြစ်သင့်ပါတယ်။ ဒီနေရာမှာ “The Global Achievement Gap” ဆိုတဲ့ စာအုပ်မှာ စာရေးသူ တိုနီ ဝဂ်နာက Project-based သင်ရိုးညွှန်းတမ်းကို ဘာလဲဆိုတာ ဒီလိုရှင်းပြထားတယ်။
- ဝေဖန်ဆန်းစစ်နိုင်စွမ်းရှိသော အတွေးအမြင်နှင့် ပြဿနာပေါင်းစုံကို ဘက်ပေါင်းစုံမှ ဖြေရှင်းနိုင်စွမ်းရှိခြင်း
- တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပေါင်းကူးဆက်သွယ်နိုင်သော ကွန်ရက်ထူထောင် နိုင်ပြီး၊ အတော်ဆုံး၊ အကောင်းဆုံး၊ စွမ်းအားအရှိဆုံးသူက ဦးဆောင်သူအဖြစ် တာဝန်ယူ နိုင်ခြင်း
- သွက်လက်ချက်ချာပြီး၊ ပတ်ဝန်းကျင်နှင့် အလိုက်လျောဆုံး နေထိုင်ပြောဆိုတတ်သူ တစ်ယောက်ဖြစ်ခြင်း
- ကိုယ်စွမ်းကိုယ်စရှိသူ၊ စွန့်ဦးတီထွင် စွမ်းဆောင်ရှင်တစ်ယောက်ဖြစ်စေခြင်း
- နှုတ်မှုရေးရာ အပြောအဆိုကောင်းခြင်း၊ အရေးအသား အဆင်ပြေချောမွေ့ခြင်းတို့ဖြင့် ဆက်ဆံရေးကောင်းမွန်စေခြင်း
- အချက်အလက်တစ်ခုအပေါ် လက်ခံနိုင်စွမ်းရှိပြီး ဝေဖန်ပိုင်းဖြတ် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိခြင်း
- သိချင် တတ်ချင်စိတ်ပြင်းပြပြီး စိတ်ကူး စိတ်သန်းကောင်းခြင်း
အထက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းကို project-based လို့ခေါ်ပါတယ်။

၂၁ ရာစု ကျောင်း၊ ဆရာ၊ တပည့်၊ သင်ရိုး
၂၁ ရာစုပညာရေးဟာ စက်ရုံ၊ အလုပ်ရုံတစ်ခုထဲကို လုပ်သားတွေလာသလို ကျောင်းကို ကျောင်းသားနဲ့ ဆရာတွေ အချိန်မှန်လာ၊ အချိန်မှန်ပြန်၊ သတ်မှတ်ထားတာပဲလုပ်ဆိုတဲ့ ပုံစံအဟောင်းကို ပြောင်းရပါတော့မယ်။ ဖတ်စာအုပ်ဖြင့် အမောင်းခံနေရသော ကျောင်းသားဘ၀၊ ဆရာကသာ ပြောဆိုညွှန်ပြ သင်နေရသော ဆရာဗဟိုပြုဝါဒ၊ စာအုပ် ခဲတံ ဘော့ပင်တို့ဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေသော ပညာရေးစနစ်တွေအားလုံး ပြုပြင်ပြောင်း လဲရပါလိမ့်မယ်။
“ပညာတတ်” ဆိုတာကို “ဘာသာရပ် တစ်ခုခုတွင် တတ်သိလိမ္မာခြင်း” ဆိုတာထက် “ပညာရပ်တစ်ခုခုဖြင့် လုပ်ငန်းတစ်ခုခုကို အောင်မြင်အောင် ဖော်ဆောင်နိုင်ခြင်း” ဆိုတဲ့သဘောမျိုးရောက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိရပါလိမ့်မယ်။ အဲဒီလို ဖော်ဆောင် နိုင်စွမ်းရှိအောင်လည်း သင်ကြားတဲ့ သင်ရိုးတွေကအစ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရပါလိမ့်မယ်။
၂၁ ရာစုရဲ့ ကျောင်းဆိုတာ “အဆောက်အအုံ” တစ်ခုဆိုတာထက် “ဗဟိုဆုံချက်နေရာ” တစ်ခုဖြစ်သင့်ပါတယ်။ ကျောင်းဆိုတာ တံခါးပိတ်ထားတာမျိုး မဖြစ်ရဘူး။ ပွင့်လင်းပြီး ထင်သာမြင်သာရှိတဲ့နေရာမျိုး၊ ဆရာဆိုတာ သိက္ခာကြီးတဲ့ ရဟန်းတော်ကြီးတွေလို ဖြစ်မနေဘဲ ကျောင်းသား ဆရာဆက်ဆံရေးဟာ ရိုးစင်းပြီး မိတ်ဆွေ သူငယ်ချင်းလို ဖြစ်နေရင် ပိုကောင်းပါတယ်။
၂၁ ရာစုရဲ့ ဆရာဆိုတာ အချက်အလက် ထုတ်ပေးတဲ့စက်မဟုတ်ပါဘူး။ ဒါကြောင့် ကျောင်းသားကို အသိ၊ အတတ်ပညာရအောင် အကူအညီပေးသူဖြစ်သင့်ပါတယ်။ သင်ကြားသူမဟုတ်တော့ပါဘူး။ လမ်းညွှန်သူ ဖြစ်သွားပါပြီ။ ပညာကိုနည်းပေး လမ်းပြသူ ဆိုတဲ့သူတွေဖြစ်သွားပါပြီ။ ၂၁ ရာစုမှာ ပညာမျိုးဆက်သစ်တွေကို မွေးထုတ်ပေးဖို့ လိုလာပါတယ်။ ကျောင်းဆိုတာ အနုပညာ ယဉ်ကျေးမှုများနဲ့ အချက်အလက်များကို စုံစမ်းရာဌာနဆိုတဲ့အသွင် ရောက်လာပါလိမ့်မယ်။
၂၁ ရာစုသင်ယူသူ တပည့်ဆိုတာ ပုံစံပြောင်းသွားပြီ။ ယခင်က ငယ်ရွယ်စဉ်မှာ ပညာရှာရ မယ်ဆိုပြီး ကျောင်းပို့ကြတာများတယ်။ သတ်မှတ်ထားတဲ့အချိန်၊ သတ်မှတ်ထားတဲ့ အတန်းမှာ၊ သတ်မှတ်ထားတဲ့ သင်ရိုးတွေကို သင်ယူစေပြီး၊ သတ်မှတ်ထားတဲ့ စာမေးပွဲကို ဖြေစေကာ၊ အဆင့်သတ်မှတ်ခြင်းကို ခံရသူကို ကျောင်းသား သို့မဟုတ် တပည့်လို့ သတ်မှတ်လိုက်ကြပါတယ်။ ယနေ့ခေတ် ကျောင်းသားဆိုတဲ့ သဘောတရားဟာ ပြောင်းလဲသွားပါပြီ။
- ကျောင်းသားစိတ်ပါဝင်စားပြီး လေ့လာလိုက်စားချင်တဲ့ ပညာရပ်ကို ဗဟိုပြုသင့်ပါတယ်။ တကယ့် လက်တွေ့ဘ၀နဲ့ ကိုက်ညီတဲ့ ဘ၀ပညာရေးမျိုးကို သူတို့ရွေးချယ်နိုင်ခွင့် ပေးရပါ လိမ့်မယ်။
- ပညာရေးမှာ မဖြစ်မနေဆိုတာထက် ကျောင်းသားစိတ်လှုပ်ရှားပြီး သိချင်၊ တတ်ချင်၊ လေ့လာစူးစမ်းချင်တဲ့ ပညာရေးမျိုး ဖြစ်သင့်ပါတယ်။ ဘ၀တစ်သက်တာ ပညာရှာချင်စိတ်၊ လိုချင်စိတ်၊ လိုချင်တဲ့အချိန်မှာ ရယူနိုင်တဲ့နည်းလမ်းတွေဖြစ်သင့်ပါတယ်။
- ကိုယ်သင်ကြားတဲ့ အကြောင်းအရာတွေဟာ ခေတ်၊ စနစ်၊ လူမှုဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်တာမျိုး၊ အမြဲတန်းပြုပြင် ပြောင်းလဲနိုင်တာမျိုးတွေနဲ့ သင်ယူနိုင်သူတွေ ဖြစ်ရပါလိမ့်မယ်။
- ကျောင်းမှာ စိတ်လှုပ်ရှားစွာနဲ့ ရရှိသွားတဲ့ အချက်အလက်လေးတစ်ခုဟာ၊ ကျောင်းက အိမ်ကိုပြန်ရောက်တဲ့အထိ စူးစမ်းလေ့လာချင်စိတ်နဲ့ ထပ်ပြီးလေ့လာသင်ယူနိုင်သူတွေ ဖြစ်အောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိရပါလိမ့်မယ်။


၂၀ ရာစုနဲ့ ၂၁ ရာစုပညာရေး ခြားနားချက်
၂၀ ရာစု
၂၁ ရာစု
ဆရာဗဟိုပြုပညာရေးစနစ်ကျင့်သုံးသည်။ သင်ရိုးညွှန်း တမ်းများ သည် တစ်ပိုင်းတစ်စစီ ပြန့်ကျဲနေသည်။ ကျောင်းသားများ တစ်ဦးချင်းလုပ်ဆောင်နိုင်စွမ်းကို သာ ဦးစားပေးသည်။ အလွတ်ကျက်မှတ် ရွတ်ဆိုပြ နိုင်မှုဖြင့် ပိုင်းဖြတ်သည်။ 
ပတ်ဝန်းကျင်လေ့လာသင်ယူမှုကို ဦးစားပေးသည်။ ထို့ကြောင့် စာသင်ခန်းထဲမှ ပြင်ပထွက်ကာ လေ့လာ သင်ယူမှုများ ပြုလုပ်လာသည်။ ပန်းခြံ၊ တိရစ္ဆာန် ဥယျာဉ်၊ ပြတိုက်များသည် စာသင်ခန်းများ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သဘာဝတရား၊ အစစ် အမှန်၊ လက်တွေ့ကျကျ၊ ဆက်စပ်ဆီလျော်မှုကို ဦးစား ပေးလာသည်။ လက်တွေ့လုပ်ငန်း project-based ကို အခြေခံသည့် သင်ကြား သင်ယူမှုပုံစံ ဖြစ်လာသည်။

အချိန်ဇယားသတ်မှတ်ချက်ကို အခြေပြုသည်
ရလဒ်ကိုသာ စဉ်းစားသည်
အလွတ်ကျက်မှတ်၊ ပြန်ဆိုပြ၊ ရေးသားနိုင်သူ အမှတ်ယူစနစ်ဖြစ်သည်
ကျောင်းသားသိမှု၊ လုပ်ဆောင်နိုင်မှု၊ လုပ်ဆောင် ချင်မှုကိုသာ ဦးစားပေးသည်။ အသေးစိတ် အတိအကျ ရေး။ ရွတ်ပြစရာမလို
သင်ခန်းစာများသည် သိခြင်း၊ သဘောပေါက် နား လည်ခြင်းနှင့် ပြန်လည်လုပ်ဆောင်ပြနိုင်ခြင်းကိုသာ ဦးတည်ထားသည်
သင်ခန်းစာများကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ပေါင်းစပ်ခြင်း၊ အကဲဖြတ်ခြင်းများပြုလုပ်နိုင်စေရန် ဦးစားပေးသည်။ သင်ခန်းစာ စီစဉ်ပုံ စနစ်သည် အောက်ခြေမှ အထက် သို့ အဆင့်ဆင့် တက်သွားစေသည့်နည်းဖြစ်သည်
ဖတ်စာအုပ်သည် အဓိကကျသည်
သုတေသနပြုခြင်းသည် အဓိကကျသည်
ဆရာပြုသမျှ နုနေရသော passive learning သင်ယူမှုမျိုးဖြစ်သည်
ကိုယ်တိုင်လေ့လာပညာရှာချင်သည့် active learning သင်ယူမှုမျိုးဖြစ်သည်
သင်ယူသူသည် နံရံလေးဘက်ကြား ပိတ်မိနေကာ အထီးကျန်ဆန်လှသည်
သင်ယူသူများ တစ်ဦးနှင့်တစ်ဦး ပူးပေါင်း၊ အဖွဲ့လိုက် လုပ်ဆောင်၊ ကမ္ဘာကိုဖြန့်ကျက်၊ ကွန်ရက်တွေ ထူထောင်၊ ကမ္ဘာ့စာသင်ခန်း ပုံစံဖြစ်လာသည်
ဆရာဗဟိုပြု သင်ကြားရေးစနစ်ဖြစ်သဖြင့် ဆရာပြော သမျှ၊ ဆရာသင်သမျှ အဟုတ်မှတ်လေ့လာ၊ ခံယူ ကျင့်သုံး လိုက်နာကြရသည်
ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ် ဖြစ်သည်။ ဆရာ ဆိုသည်မှာ ကူညီပံ့ပိုးသူ၊ လမ်းညွှန်သူ သာဖြစ်သည်
ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ ဆိုသည့် ဆရာများလက်တွင် ကြီးပြင်းလာရသဖြင့် လွတ်လပ်မှု ကင်းပြီး အချုပ်အနှောင်အတွင်း တုတ်နှောင်ခြင်း ခံကြရသည်
ကျောင်းသား၏ လွတ်လပ်စွာ ခံယူ၊ လေ့လာ၊ သင်ယူ၊ ကြိုးပမ်း၊ အားထုတ်မှုကို အခြေခံသည်

“စည်းကမ်း” ဆိုသည်မှာ ဖိစီးမှုကြီးတစ်ခုလိုဖြစ်နေ သည်။ ဆရာက ကျောင်းသားကို မယုံကြည်၊ ကျောင်း သားကလည်း ဆရာကို မယုံကြည်။ ကျောင်းသားက မတက်ကြွ၊ ဆရာတွေက စိတ်ဓာတ်ကျနေကြသည်
“စည်းကမ်း” သည် ပြဿနာမဟုတ်။ ဆရာနှင့် ကျောင်းသား အပြန်အလှန်လေးစားမှုကို   တည်ဆောက်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် ဆရာဆိုသည်မှာ သင်ကြားသူမဟုတ် ပူးတွဲ လေ့လာသူ ဖြစ်နေသည်။ ကျောင်းသားဘ၀ လေ့လာ သင်ယူရခြင်းဆိုသည်မှာ လွတ်လပ်ပြီး ဖိစီးမှု ကင်းနေသည်

သင်ရိုးညွှန်းတမ်းများသည် အဆက်အစပ်မရှိ၊ တစ်ပိုင်း တစ်စ လိုရာကိုထည့်သွင်းကာ သင်ကြားခြင်းခံရသည်
ပညာရပ်နယ်ပယ်တစ်ခုမက လေ့လာနိုင်မှုကို လမ်းဖွင့် ပေးထားသဖြင့် ကိုယ်လေ့လာချင်သည့် အကြောင်း အရာနှင့် ဆက်စပ်မှုများကို စိတ်ကြိုက် လေ့လာခွင့်ရှိသည်။ ပေါင်းစပ်ဆက်နွှယ်မှုရှိသည့် သင်ရိုးညွှန်းတမ်းမျိုးကိုသာ ပြဋ္ဌာန်းပေးသည်

အဆင့်၊ အမှတ်ကိုအခြေခံသည်
ကိုယ်သင်ယူလေ့လာသည့် အကြောင်းအရာ အပေါ် တွင် ပေါက်မြောက်အောင်မြင်သည့် အဆင့်ကို အခြေခံသည်
ရည်မှန်းချက် အကန့်အသတ်နှင့်ဖြစ်သည်
ရည်မှန်းချက် မြင့်မားသလောက် လုပ်ဆောင် နိုင်စွမ်းရှိ သည်။ မကောင်းလျှင် ကောင်းအောင် မလုပ်နိုင်ဆို သည့် စိတ်ဓာတ်မျိုးတွေရှိနေသဖြင့် လေ့လာ၊ ပေါက်မြောက်အောင်လေ့လာ၊ သေချာစွာလေ့လာ နိုင်မှသာ ဘ၀မြင့်မားမည်ကို နားလည် သဘောပေါက်ကြသည်။ စက်ဘီးစီးတတ်၊ ကိုယ့် ဟန်ချက် ကိုယ်ထိန်းနိုင်လျှင် လွှတ်ပေးလိုက်သည့် သဘောဖြစ်သည်
ဆရာသည် တရားသူကြီးဖြစ်နေသည်။ တစ်ဖက်သတ် ဆုံးဖြတ်ချက်ကြောင့် ကျောင်းသားသည် သေမိန့် ကျသလို ဖြစ်သွားနိုင်သည်
ကိုယ်တိုင်လေ့လာ၊ အဖွဲ့လိုက်လုပ်ဆောင်၊ ရလဒ်ဖြင့် ပိုင်းဖြတ်ကြရသည်။ ဆရာက တစ်ဖက်သတ် ပိုင်းဖြတ်ခြင်းထက် ဂျူရီအဖွဲ့ဖြင့် ပိုင်းဖြတ်သလိုမျိုး အများကပိုင်းဖြတ်ပိုင်ခွင့်ရှိသည်
သင်ရိုးညွှန်းတမ်း၊ ကျောင်းတို့သည် အဆက်အစပ် ရှိချင်မှရှိမည်။ ကျောင်းတက်ရခြင်းမှာ အဓိပ္ပာယ်မရှိ ဆိုသည့် အတွေးမျိုးဝင်နိုင်သည်
သင်ရိုးညွှန်းတမ်းဆိုသည်မှာ ကျောင်းသား၏ စိတ်ဝင်စားမှု၊ ခံစားလိုမှု၊ စွမ်းဆောင်နိုင်မှုတို့နှင့် ဆက်နွှယ်နေပြီး တကယ့် ပကတိဘ၀နှင့် ကင်းလွှတ်မှု မရှိပေ

လေ့လာခြင်း၊ ပိုင်းဖြတ်ခြင်းတို့သည် ဖတ်စာနှင့် ရေးသားနိုင်မှုတို့အပေါ်တွင် အဓိကထားသည်
လုပ်ဆောင်နိုင်စွမ်း၊ တင်ပြနိုင်မှု၊ ပရောဂျက်နှင့် လုပ်ငန်းတွင် မီဒီယာကို ပုံစံအမျိုးမျိုးဖြင့် ထည့်သွင်း နိုင်မှု၊ ကိုယ်စွမ်းရှိသလောက် ဖော်ထုတ်ပြသနိုင်မှုကို အဓိကထားသည်
ကျောင်းသား၏ နားလည်တတ်ကျွမ်းမှုကို အမျိုးမျိုး သော ဖော်ထုတ်ပြသမှုများကို လစ်လျူရှုသည်
ဖတ်စာ၊ သင်ရိုးညွှန်းတမ်းသက်သက်ဖြင့် ပြင်ပ လေ့လာ ဖြည့်စွက်ချက်မပါမှုကို လစ်လျူရှုသည်
အရေး၊ အဖတ်၊ အတွက် “အသုံးလုံး” ပညာလောက် ကိုသာ အလေးထားသည်
အရေး၊ အဖတ်၊ အတွက်၊ အင်္ဂလိပ်စာ၊ အင်တာနက် “အငါးလုံးလောက်” အခြေခံ ဖြစ်လာသည်။ ၂၁ ရာစု၊ ထောင်စုနှစ်ကို ကြိုတင်မပြင်ဆင်ထားလျှင် ခေတ် နောက်ကျ ကျန်ခဲ့မည်ကို နားလည်ကြသည်။ ကိုယ့်တိုင်း ပြည်ကိုယ့်လူမျိုးကိုကျော်ပြီး၊ ကမ္ဘာကို မျှော်ကြည့်နိုင်သည့် လေ့လာသင်ယူမှုမျိုးကိုသာ ဦးစားပေးလာကြသည်

စက်ရုံ အလုပ်ရုံပုံစံ၊ ဝန်ထမ်းလိုအပ်ချက်အရ မွေးထုတ်ပေးသည့် ပညာရေးဖြစ်သည်။ ၁၉ ရာစု စက်မှုခေတ် လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့် ပညာရေးမျိုးဖြစ်သည်။ စီမံခန့်ခွဲမှုကို အဓိကထားသည်
ကမ္ဘာ့လိုအပ်ချက်ကို အဓိကထားသည်။ ကိုယ့် တိုင်းပြည် လိုအပ်ချက်ထက်ကျော်ပြီး မျှော်ကြည့် လာကြသည်။ အဆင့်မြင့်နည်းပညာလူ့ဘောင် ဖြစ်လာသည်။ အဆင့်မြင့်စေရန် အမြဲအဆင့်မြှင့် နေကြရသည်

နိုင်ငံတော်ကသတ်မှတ်ပေးထားသည့် စာမေးပွဲ တစ်ခုခုဖြင့် ပိုင်းဖြတ် ကန့်သတ်ထားခြင်း ခံကြရသည်
စံအဖြစ် သတ်မှတ်ထားသော စာမေးပွဲများ ရှိသော် လည်း သူ့နေရာနှင့် သူ့အတိုင်းအတာ၊ သူ့ သတ်မှတ်ချက် အတိုင်းသာဖြစ်သည်။ နိုင်ငံတော် သည် ပညာရေးကိုမပိုင်းဖြတ်။ ပညာရေးကို သူ့အပိုင်း သူ့အကန့် လိုအပ်ချက်အရ လိုအပ်သည့်အဖွဲ့ အစည်းက ပိုင်းဖြတ်သွားမည်။ မလိုအပ်သည့် ဘောင်ခတ်မှုဖြင့် အတားအဆီးမဖြစ်စေရ


Ref : Kellner, Douglas; New Media and New Literacies: Reconstructing Education for the New Millennium
တင်ညွန့်

No comments:

Post a Comment