ပုဂ္ဂလိက သင်တန်းကျောင်း ဖွင့်လှစ်လိုသူများ စတင်လျှောက်ထားနိုင်


ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက သင်တန်းကျောင်း ဖွင့်လှစ်လိုသူများ ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထား၍ ဆက်သွယ် လျှောက်ထားနိုင်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ကြေညာသည်။ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ပူးပေါင်းဆောင်ရွက်၍သော် လည်းကောင်း၊ ကိုယ်ပိုင်အဖြစ် တည်ထောင်လို၍သော် လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။ “ကိုယ်ပိုင်ကျောင်းအဖြစ် နိုင်ငံခြားသင်တန်းကျောင်း ဖွင့်မယ်ဆိုရင် ပြည်တွင်းက မြန်မာအချို့ ပါဝင်ရမှာ ဖြစ်တယ်။ မြန်မာကျောင်းဆိုရင်လည်း သတ်မှတ်ထားတဲ့ ဆရာတွေ ရှိရမှာ ဖြစ်တယ်။ ပုဂ္ဂလိက သင်တန်းကျောင်း ဖွင့်လှစ်လိုသူတွေအတွက် သတ်မှတ် စည်းကမ်းတွေ ရှိပြီးသားပါ။ အဲဒီစည်းကမ်းတွေအတိုင်း ညီညွတ်တဲ့သူတွေ အနေနဲ့ ဆက်သွယ် လျှောက်ထားနိုင်မှာပါ” ဟု ပညာရေး အတိုင်ပင်ခံ ဆရာဦးမိုးသူက ပြောသည်။ နိုင်ငံတော်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ပေါ်ပေါက်လာမည့် အလုပ်အကိုင် အခွင့်အလမ်းတွင် ကဏ္ဍအလိုက် ကျွမ်းကျင်လုပ်သား များစွာ လိုအပ်နေကြောင်း သိရသည်။ ကျွမ်းကျင်လုပ်သား ပိုမိုရရှိရန်နှင့် လုပ်သားထု ကျွမ်းကျင်မှု မြှင့်တင်နိုင်ရန် အတွက် ပြည်တွင်း/ပြည်ပမှ ပုဂ္ဂလိကသင်တန်းကျောင်း အမျိုးမျိုး ဖွင့်လှစ်လိုသူများသည် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ပူးပေါင်းဆောင်ရွက်လိုသူများ (သို့) ကိုယ်ပိုင်တည်ထောင်လိုသူများ ဆက်သွယ်နိုင်ကြောင်း ကြေညာထာခြင်းဖြစ်သည်။ “လက်ရှိ သင်တန်းကျောင်းတွေက ပေးတဲ့ Certificate အများစုက ပြည်တွင်း နေရာအချို့မှာပဲ အသုံးဝင်တယ်။ တကယ်လည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နိုင်မယ့် နိုင်ငံတကာကလည်း အသိအမှတ်ပြုမယ့် သင်တန်းကျောင်းတွေ များများပေါ်ထွန်းဖို့ မျှော်လင့်ပါတယ်” ဟု အထက (၁) အင်းစိန်ရှိ ကျောင်းသားမိဘ တစ်ဦးဖြစ်သည့် ဦးအေးလွင်က ပြောသည်။ ပုဂ္ဂလိက သင်တန်းကျောင်း ဖွင့်လှစ်လိုသူများ အနေဖြင့် သတ်မှတ်ထားသည့် နေရာအကျယ်အဝန်း၊ လေကောင်းလေသန့် ကောင်းမွန်မှု၊ ကွန်ပျူတာခန်း၊ အရည်အချင်း ပြည့်ဝသော ဆရာ/ဆရာမများ ရှိရမည်ဖြစ်ကြောင်း ဆရာဦးမိုးသူက ဆက်လက်ပြောကြားသည်။ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ နေပြည်တော်သို့ ဆက်သွယ်နိုင်မည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment