မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းရန် နိုင်ငံတကာလေကြောင်းလိုင်း ခုနစ်ခုကမ်းလှမ်း


Posted on Jul 07 12 - 02:53 PM
မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းရန် နိုင်ငံတကာလေကြောင်းလိုင်း ခုနစ်ခုကမ်းလှမ်း
လာမည့်ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းရန် သက်ဆိုင်ရာနှင့် လာရောက်ညှိနှိုင်းမှု ပြုလုပ်ထားသော နိုင်ငံတကာလေကြောင်းလိုင်း ခုနစ်လိုင်းအထိရှိကြောင်း သတင်းရရှိသည်။ ဂျပန်နိုင်ငံအခြေစိုက် ANA၊ ကာတာနိုင်ငံအခြေစိုက် Qatar၊ ဂျာမနီအခြေစိုက် Condor၊ ကိုရီးယားလေကြောင်း၊ ဟောင်ကောင်အခြေစိုက် PIA လေကြောင်း၊ ထိုင်ဝမ်အခြေစိုက် EVA လေကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်အခြေစိုက် Biman လေကြောင်းလိုင်းများဖြစ်သည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းကျော်ကပြောသည်။ "အများစုကတော့ ပျံဖြစ်မှာပါ။ မန္တလေးကိုပျံဖို့ တရားဝင်လျှော်ထားတာတော့ Air Asia လေကြောင်းလိုင်းတစ်ခုပဲရှိသေးတယ်။ ဒါကိုလည်း ခွင့်ပြုပေးမှာဖြစ်ပါတယ်" ဟု ဒေါ်နွယ်နီဝင်းကျော်ကပြောသည်။ ထို့အပြင် မန္တလေးမြို့သို့ တိုက်ရိုက်ပျံသန်းလိုသော လေကြောင်းလိုင်းများအားလုံးကိုလည်း ဖိတ်ခေါ်ကြောင်းနှင့် ခွင့်ပြုပေးရန် အစီအစဉ်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းကပြောသည်။ လက်ရှိစီစဉ်နေသော လေကြောင်းလိုင်း ၆ လိုင်းမှ ကာတာလေကြောင်းလိုင်းမှာ အောက်တိုဘာလ ၁ ရက်တွင် စတင်ပျံသန်းမည်ဖြစ်ပြီး Condor လေကြောင်းလိုင်းမှာလည်း အောက်တိုဘာလတွင် စတင်ပျံသန်းမည်ဖြစ်သည်ဟု သတင်းရရှိသည်။ ရန်ကုန်လေဆိပ်သို့ ၀င်ထွက်သွားလာနေသော ဧည့်သည်ဦးရေမှာ ဇွန်လကုန်ထိ တစ်သန်းခွဲခန့်ရှိပြီး ယခုနှစ်တွင် သုံးသန်းခန့် ၀င်ထွက်သွားလာနိုင်ကြောင်းနှင့် ထိုပမာဏမှာ ရန်ကုန်လေဆိပ်၏ လက်ခံနိုင်သောပမာဏထက် ကျော်လွန်နေကြောင်း ဒေါ်နွယ်နီဝင်းကျော်ကပြောသည်။ လက်ရှိတွင် ရန်ကုန်လေဆိပ်သို့ ပြည်တွင်းလေကြောင်းလိုင်း ၆ လိုင်း၊ နိုင်ငံတကာလေကြောင်းလိုင်း ၁၄ လိုင်း ပျံသန်းပေးနေပြီး ၂၀၁၁ ခုနှစ်က ခရီးသည် ၂ ဒသမ ၄ သန်း ၀င်ထွက်သွားလာခဲ့သည်ဟု သတင်းရရှိသည်။

ရေးသားသူ - အောင်သူရ
Credit - 7Day News, Vol(11) Issue(17)

No comments:

Post a Comment