ဘ၀အတွက် ရည်ရွယ်ချက်


 
လူအများစုက ဘ၀အတွက် ရည်ရွယ်ချက် အမျိုးမျိုးရှိကြသည်။ တချို့တွေက ဘ၀မှာ အောင်မြင်ချင်ကြသည်၊ ချမ်းသာချင်ကြသည်။ နာမည်ကြီးချင်ကြသည်။ တချို့ကတော့ ဘ၀ကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းလိုကြသည်။ တချို့ကတော့ ဘ၀ကို လွယ်လွယ်တွေးပြီး၊ ပေါ့ပေါ့လေး ဖြတ်သန်းချင်ကြသည်။ တချို့တွေအတွက် ဘ၀က အစစအရာရာ အဆင်သင့်ဖြစ်နေပြီး ဖြောင့်ဖြူးသည်။ တချို့တွေအတွက် အခက်အခဲများကို ကျော်ဖြတ်ပြီး ကြိုးစားရသည်။

ပညာ၏အရေးပါမှု
ဘယ်လိုရည်ရွယ်ချက်မျိုးမဆို ပညာက အခြေခံကျသည့်နေရာမှာ ပါဝင်သည်ဟု ကျမယုံကြည်သည်။ ပညာဟုဆိုရာတွင် ကျောင်းတွေကပေးသော အတန်းပညာသာမက၊ ဘ၀ကပေးသော လက်တွေ့ပညာ၊ အသိပညာ တို့လည်း ပါဝင်သည်။ ပညာရှိမှ ကျမတို့ အမြင်ကျယ်ပြီး ကိုယ့်ဘ၀မှာ ဖြစ်နေတာတွေကို စဉ်းစားဆင်ခြင်တတ်မည်။ ဘ၀မှာ ဘာတွေလုပ်နိုင်သလဲဆိုတာ တွေးတတ်လာမည်။

ကျမစာသင်ရသော မြန်မာကျောင်းသား ကျောင်းသူများကို ဘ၀မှာ ဘယ်လို ရည်ရွယ်ချက်တွေ ရှိလဲဟု ကျမက မေးလေ့ရှိသည်။ အများစုက အလုပ်ကောင်းကောင်းရဖို့၊ လူတန်းစေ့ နေနိုင်ဖို့ လိုချင်ကြသည်။ တချို့တွေကတော့ လူ့အဖွဲ့အစည်းအတွက် အသုံးဝင်သောသူ ဖြစ်ချင်ကြသည်။ သူတို့အားလုံးက အတန်းပညာမှာ တပြေးညီရှိကြသော်လည်း၊ မတူညီကြသော ဘ၀များမှ လာကြသည့်အတွက် ဘ၀ကပေးသော အသိပညာ ကွဲပြားကြသည်။ ထို့ကြောင့် ဘ၀အတွက် ရည်ရွယ်ချက်တို့လည်း ကွဲပြားသွားကြသည်။

အထူးသဖြင့် လူငယ်ဘ၀မှာ ကျမတို့ ကြီးပြင်းသော ပတ်ဝန်းကျင်က ကျမတို့ ဘ၀မှာ ဘာလုပ်ချင်တယ်ဆိုတာအပေါ် သက်ရောက်မှုရှိတတ်သည်။ ကျမငယ်စဉ်က မိဘတွေပြောဖူးသော စကားတခွန်းရှိသည်။ “ဖေဖေ မေမေတို့က သားနဲ့သမီးကို ဒီတသက်တော့ ပညာအမွေပဲ ပေးနိုင်မယ်။ ပညာရွှေအိုး လူမခိုး ဆိုတဲ့အတိုင်း ပညာကိုသာ ဘ၀မှာ အရေးကြီးတဲ့ အမွေတခုအနေနဲ့ သင်ယူကြ”။

ကျမတို့မောင်နှမလည်း မိဘတွေပြောတဲ့အတိုင်း ဘ၀မှာ ချမ်းသာဖို့ဆိုတာထက်၊ ပညာတတ်ရင် လူတန်းစေ့နေနိုင်မယ်ဆိုတာကို ယုံကြည်ပြီး ကြိုးစားခဲ့ကြသည်။ ဘွဲ့ကောင်းကောင်းရဖို့၊ အလုပ်ကောင်းကောင်းရဖို့တို့က ထိုစဉ်က ကျမတို့၏ ရည်ရွယ်ချက်များ ဖြစ်ခဲ့သည်။

အွန်လိုင်းပေါ်က ဆောင်းပါးတပုဒ်မှာ နယူဇီလန်နိုင်ငံရှိ အသက် ၁၈ နှစ်အောက် ယောက်ျားလေးတချို့၏ ဘ၀အတွက် ရည်ရွယ်ချက်များက ကလေးအများကြီးယူဖို့၊ မိန်းကလေး တယောက်ပြီး တယောက်နှင့် လက်မထပ်ဘဲ တွဲနေဖို့၊ အိမ်တွေအများကြီး ပိုင်ဆိုင်ဖို့၊ အစိုးရဆီက အထောက်အပံ့ကို ရနိုင်သလောက်ရဖို့ စတာတွေ ဖြစ်သည်ဟု ရေးထားတာ ဖတ်ဖူးသည်။ မြန်မာနိုင်ငံမှ လူအများစုအတွက် ထိုသို့ ရည်ရွယ်ချက်မျိုးနှင့် လူငယ်တွေ ရှိသလားဟု အံ့သြချင်
အံ့သြမည်။

သို့သော် သူတို့ကြီးပြင်းရသော ပတ်ဝန်းကျင်ကို ပြန်ကြည့်ဖို့ လိုအပ်သည်။ သူတို့နိုင်ငံမှာ အသက် ၁၈ နှစ်အောက်မှာ ကလေးရှိလျှင် အစိုးရဆီက ထောက်ပံ့ကြေး လျှောက်ခွင့်ရှိသည်။ ထို့ကြောင့် ကလေးတယောက်မွေးလိုက်လျှင်၊ သူတို့ တွဲနေသော မိန်းကလေးကို မှီခိုပြီး၊ အလုပ်လုပ်စရာမလိုဘဲ ၀င်ငွေရနိုင်သည်ဟု သူတို့က ခံယူထားသည်။

သူတို့မိခင်တွေတုန်းကလည်း ယောက်ျား တယောက်ပြီး တယောက်နှင့် လက်မထပ်ဘဲတွဲရင်း၊ ကလေးတွေမွေးရင်း၊ ထောက်ပံ့ကြေးပိုက်ဆံနှင့် ရပ်တည်ကြသည်။ ဒီတော့ တခြားနည်းလမ်းနှင့် ဘ၀မှာရပ်တည်ဖို့ အခွင့်အလမ်းရှိတယ်ဆိုတာတွေ သူတို့မစဉ်းစားကြတော့ချေ။ ထိုလူငယ်များကို လမ်းမှန်ရောက်အောင် ကျောင်းတက်ခိုင်းပြီး၊ အလုပ်တခုလုပ်နိုင်သည့် အရည်အချင်းရှိအောင် အတန်းပညာပေးရသည်။ အလုပ်တခုရဖို့ ကြိုးစားချင်စိတ်ရှိလာအောင် အသိပညာပါ ပေးရသည်။

ငယ်ရွယ်စဉ် လူငယ်ဘ၀မှာ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကို အတိုင်းအတာတခုအထိ ကောင်းမွန်သော ဘ၀လမ်းကြောင်းပေါ်ရောက်အောင် တွန်းပို့နိုင်လျှင် တော်သေးသည်။ ထိုသို့မဟုတ်ခဲ့သော် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်အသိစိတ်ဓါတ်နှင့် ကိုယ့်ဘ၀ဦးတည်ချက်ကို ရှာနိုင်ဖို့ အတိုင်းအတာတခုအထိ ပညာရှိဖို့ အရေးကြီးသည်။

ဥပမာအနေနှင့် အမေရိကန်လူမျိုး Liz Murray အကြောင်း ပြောချင်သည်။ သူမကို HIV ရှိနေသော မူးယစ်ဆေးဝါးစွဲနေသော မိဘများက မွေးဖွားခဲ့သည်။ သူမပတ်ဝန်းကျင်မှာ ဟစ်ပီလူမျိုးတွေ ပြည့်ကျပ်နေခဲ့ပြီး သူတို့ဘ၀များ၏ ပျက်စီးယိုယွင်းမှုတွေကိုကြည့်ပြီး သူမက သင်ခန်းစာယူတတ်ခဲ့သည်။ ဒါကြောင့် အဲလို ဘ၀မျိုးကနေ လွတ်မြောက်ဖို့ ပညာကို ကြိုးစားသင်ယူခဲ့သည့်အတွက် နောက်ဆုံးမှာ ဟားဗတ်တက္ကသိုလ်ကို ရောက်ရှိခဲ့ပြီး၊ ပညာတတ်တယောက် ဖြစ်ခဲ့သည်။

ဆန္ဒ၊ ၀ီရိယ ရှိဖို့
ပညာက ကျမတို့ဘ၀မှာ အဓိကကျသော နေရာမှာပါဝင်သော်လည်း၊ သူ့တခုတည်းနှင့် မလုံလောက်သေးချေ။ လွန်ခဲ့သော ဆယ်နှစ်ကျော်က နိုင်ငံတကာ အသိအမှတ်ပြုခံရသော ပရောဖက်ရှင်နယ်ဘွဲ့တခုကို ပိုင်ဆိုင်ထားလျှင် အလုပ်ကောင်းတခုရနိုင်သည်။ သို့သော် ခုချိန်မှာတော့ ဘွဲ့တခုရတာနှင့် ဘ၀မှာ လူတန်းစေ့နေနိုင်ဖို့၊ အလုပ်ကောင်းရဖို့၊ အောင်မြင်ဖို့ စတာတွေ မသေချာတော့။

ပါရဂူဘွဲ့ရထားသော အသက် ၃၃ နှစ်အရွယ် စပိန်အမျိုးသမီး Coral Herrera Gómez ဆိုလျှင် ခုချိန်ထိ ပုံမှန်အလုပ်မရသေး။ မိဘများနှင့်နေရတုန်းဖြစ်သည်။ စပိန်နိုင်ငံတွင် ၅၀ ရာခိုင်နှုန်းထက်ပိုသော အသက် ၂၅ နှစ်အောက် လူငယ်များ အလုပ်မရှိကြချေ။ အိုင်ယာလန်တွင်လည်း သုံးပုံတပုံသော လူငယ်များအတွက် အလုပ်မရှိကြ။ မြန်မာနိုင်ငံတွင်လည်း ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေသော၊ ကျပန်းအလုပ်လုပ်နေရသော လူငယ်အများစုရှိသည်။

ထိုသို့အခြေအနေကို ရင်ဆိုင်နေရသူများက ငါတို့ ဘာမှလုပ်လို့ မရတော့ပါဖူးဟု စိတ်ဓါတ်ကျ လက်မှိုင်ချတတ်ကြသည်။ တကယ်တော့ ကျမတို့အားလုံး ဘ၀မှာ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးကြတာဖြစ်သည်။ ဆန္ဒ၊ ၀ီရိယ နှင့် ပညာတို့ကြောင့် အောင်မြင်သွားသော စင်္ကာပူလူမျိုး Dr. William Tan အကြောင်းကို ဥပမာပေးချင်သည်။

သူဟာ အသက် ၂ နှစ်သား အရွယ်တည်းက ပိုလီယိုကြောင့် ခါးမှစပြီး အောက်ပိုင်းသေခဲ့သည်။ သူ့အစ်မအကြီးဆုံးက သူ့ကို ကျောင်းသို့ အမြဲချီပို့ပေးပြီး ကျောင်းဆက်တက် စေခဲ့သည်။ နောက်ဆုံးမှာ သူဟာ စကောလားရှစ်ရပြီး ဆရာဝန်တယောက် ဖြစ်သည်အထိ ထူးချွန်ခဲ့သည်။ အောက်ပိုင်းသေသောအချက်ကို အလျှော့ မပေးဘဲ ဘီးတပ်ကုလားထိုင်ကို သုံးပြီး မာရသွန်တွေမှာ အပြေးဝင်ပြိုင်ခဲ့သည်။ နိုင်ငံတကာမှာ ဟောပြောပွဲတွေ လုပ်ပြီး၊ လူမှုရေး အကူအညီ အဖွဲ့တွေ အတွက် ရန်ပုံငွေ ရှာဖွေပေးနိုင်ခဲ့သည်။ သူဟာ တကယ်လို့သာ ပိုလီယိုကြောင့် စိတ်ဓာတ်ကျပြီး၊ ဘ၀ကို အံတုပြီး ဇွဲရှိရှိနှင့် မကြိုးစားခဲ့လျှင် ခုလို အခြေအနေ ဖြစ်လာနိုင်မှာ မဟုတ်ချေ။

ဂျပန်နိုင်ငံက လူငယ်တချို့ကတော့ ခက်ခဲသောအခြေအနေတွေကို ရင်ဆိုင်ရသောအခါ သူတို့ဘ၀၏ ရည်ရွယ်ချက်များကို ပြောင်းဖို့ ၀န်မလေးကြချေ။ သူတို့နိုင်ငံမှာ ဘွဲ့ရပြီးသော်လည်း ပုံမှန်အလုပ်တခုရဖို့ ခဲယဉ်းသည်။ အလုပ်ခွင်တွေမှာ လူကြီးတွေကပဲ နေရာယူထားကြသဖြင့် မျိုးဆက်သစ်လူငယ်တွေအတွက် အလုပ်ရှားလာသည်။ အများစုက ပုံမှန်မဟုတ်သော ယာယီအလုပ်မျိုးတွေသာ လုပ်ကြရသည်။ ပုံမှန်အလုပ်ရပြန်လျှင်လည်း သူတို့မိဘတွေလို အလုပ်တွေ အရမ်းပိနေသော ဘ၀မျိုးကို မလိုလားကြတော့ချေ။

အသက် ၃၀ ကျော် ကားထုတ်လုပ်ရေးမှာလုပ်သော ဂျပန်အင်ဂျင်နီယာတယောက်ဆိုလျှင်၊ သူ့အလုပ်မှာ ချီးမွန်းခံရသည့်အထိ အောင်မြင်သော်လည်း၊ ယာယီအလုပ်သမားပုံစံ လုပ်နေရတာကို စိတ်ကုန်လာသဖြင့်၊ အင်ဂျင်နီယာအလုပ်ကို စွန့်ပစ်ပြီး၊ ထိုင်ဝမ်နိုင်ငံမှာ တရုတ်စာသင်လိုက်သည်။ နောက်တယောက်ကတော့ အင်တာဗျူး ၁၀ ခုသွားပြီး၊ စိတ်ပျက်ခါ၊ ပုံမှန်အလုပ်ကို မလုပ်ဘဲ၊ ယာယီအလုပ်တွေသာလုပ်ပြီး ဘ၀ကို သက်တောင့်သက်တာ ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်သည်။

ရည်ရွယ်ချက်ဆိုတာ ရွေးချယ်မှု
တကယ်တော့ ကျမတို့ဘ၀၏ ရည်ရွယ်ချက်များက ကျမတို့၏ ကိုယ်ပိုင်ရွေးချယ်မှုများပေါ်လည်း မူတည်သည်။
အတော်အသင့် ချမ်းသာသော ကျမအသိနှစ်ယောက်ဆိုလျှင် တယောက်က သူ့မိသားစုနှင့် ပျော်ရွှင်ကျန်းမာစွာ ဘ၀ကို သက်တောင့်သက်တာဖြတ်သန်းသည်။ နောက်တယောက်ကတော့ သူ့ကိုယ်ပိုင်လုပ်ငန်းကိုလုပ်ရင်း၊ နိုင်ငံခြားမှာ ဆင်းရဲနွမ်းပါးစွာ မိသားစု အသိုင်းအ၀ိုင်းမရှိ သေဆုံးသွားသော မြန်မာအလုပ်သမားများအတွက် အသုဘချပေးသော ပရဟိတအဖွဲ့ကို ဦးဆောင်လုပ်သည်။ သူတို့ နှစ်ယောက်လုံး၏ ဘ၀ဦးတည်ချက်တွေက မတူညီသော်လည်း သူတို့ တဦးချင်းစီအတွက်တော့ ဘ၀က ကျေနပ်အားရစရာ ဖြစ်နေပုံရသည်။

အရင်က ကျမဘ၀အတွက် ရည်ရွယ်ချက်က ပရောဖက်ရှင်နယ် အလုပ်လုပ်သူတယောက်အနေနှင့် ဘ၀၏ လှေကားထစ်မှာ အမြင့်ကို ရောက်အောင်တက်ဖို့၊ ဘ၀မှာ သက်တောင့်သက်တာ ပျော်ရွှင် ကျန်းမာစွာ နေနိုင်ဖို့၊ ပိုက်ဆံစုဖို့ စတာတွေ ဖြစ်ခဲ့သည်။ ကျမသူငယ်ချင်းများ၊ အလုပ်အတူလုပ်သူများကလည်း ကျမလိုပင်။ ကျမတို့အားလုံး ကိုယ့်ဇုန်လေးထဲမှာ ကိုယ့်ဘာသာ ဖြတ်သန်းခဲ့ကြသည်။

နောက်ပိုင်းမှာတော့ ဘ၀မှာ အတွေ့အကြုံတွေ ပိုများလာပြီး၊ ကိုယ့်လောက် ဘ၀မှာကံမကောင်းသူတွေကို ကူညီဖို့၊ ဘ၀မှာ ကိုယ့်အတွက်ပဲ ကြိုးစားပြီး ကုန်ဆုံးတာမျိုးမဟုတ်ဘဲ၊ လူ့အဖွဲ့အစည်းအတွက် အသုံးဝင်သူတယောက်အနေနှင့် ဖြတ်သန်းချင်လာသည်။ အင်ဂျင်နီယာလုပ်တာထက် စာသင်ကြားရေးပိုင်းကို စိတ်အားထက်သန်လာသည်။ ထိုပြောင်းလဲမှုများကြောင့် ဘ၀မှာ ကျမ၏ ရည်ရွယ်ချက်များလည်း ပြောင်းလဲခဲ့သည်။

တကယ်တော့ ပြောင်းလဲနေသော ဘ၀တွင် ကျမတို့ ရည်ရွယ်ချက်များက တသမတ်ထဲ ဖြစ်နေဖို့ ခဲယဉ်းသည်။ အသက်အရွယ်၊ ကြုံတွေ့ရသော အခြေအနေ၊ ပိုင်ဆိုင်ထားသော အတန်းပညာ၊ အသိပညာ တို့ပေါ် မူတည်ပြီး ပြောင်းလဲနေတတ်သည်။ လူတဦးစီ၏ ဘ၀အတွက် ရည်ရွယ်ချက်များကလည်း မတူညီနိုင်ပေ။ ကိုယ့်ရွေးချယ်မှုအပေါ် မူတည်ပြီး ကွဲပြားတတ်ကြသည်။ လူတဦးတယောက်ဆီ၏ ရည်ရွယ်ချက်တွေကို ကောင်းတယ်၊ မကောင်းဘူးဟု ပြောဖို့လည်း ခဲယဉ်းလှပေသည်။
Ref:     Young boys aim for life on benefits
          In Japan, young face generational roadblocks
(၃ရက် ဇူလိုင်လ ၂၀၁၂ ထုတ် Venus News Journal တွင် ဖော်ပြပြီးဖြစ်သည်)
ခင်နှင်းစိုး
၂၉ ဇွန် ၂၀၁၂

from : http://www.maukkha.org/index.php/feature-article/2204-maukkha-khin-hning-soe

No comments:

Post a Comment