အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ရုံးချုပ်ရှေ့တွင် သုံးနာရီကြာ ဆန္ဒဖော်ထုတ်


Photo
7Day News Journal
ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသမှ ရွှေလုပ်သား ၄၅ ဦးခန့်သည် ယနေ့(အောက်တိုဘာ ၂၉) နံနက် ၉ နာရီမှစတင်၍ တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ရုံးချုပ်ရှေ့တွင် သုံးနာရီကြာ ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် ရမည်းသင်းမြို့ မိုးထိမိုးမိဒေသ ကာကွယ်စောင့်ရှောက်ရေး၊ အနိုင်ကျင့်ဗိုလ်ကျသော ကုမ္ပဏီဝန်ထမ်းများအား အရေးယူရေး၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု အရေးယူရေး၊ ကုမ္ပဏီကြောင့် ဆက်လက်မလုပ်နိုင်သူများအား နစ်နာကြေးပေးရေး၊ ရွှေလုပ်သားတို့ အရေးတော်ပုံအောင်ရမည်၊ ရွှေမြင်တင်စာချုပ်အား အပြည့်အ၀ လိုက်နာရေး စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။
ကုမ္ပဏီဘက်မှလည်း ၄င်းတို့၏ ရုံးတွင်း ဧရိယာအတွင်း အချောင်လိုချင်စိတ်သည် မိမိလူမျိုးနှင့် တိုင်းပြည်အကျိုးကို ထိခိုက်စေပါသည်၊ ဒီမိုကရေစီနိုင်ငံဖြစ်ပါသည်၊ လူအများစု၏ဆန္ဒကို လေးစားပါ၊ လူ့အလို နတ်မလိုက်နိုင်၊ တရားဥပဒေဖြင့်သာ မျှတမှုကိုရယူပါ အစရှိသည့် စာတန်းများကို ချိတ်ဆွဲထားသည်ကို တွေ့ရသည်။
ဆန္ဒဖော်ထုတ်ပွဲကို တရားဝင်ခွင့်ပြုချက်ရယူ၍ နံနက် ၉ နာရီမှ ၁၂ နာရီထိ ပြုလုပ်ခွင့် ရရှိခဲ့ပြီး နယ်မြေခံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အချို့လည်း လာရောက်စောင့်ကြပ်ပေးခဲ့သည်။
ဓာတ်ပုံ - ထက်ပိုင်ဖြိုး

No comments:

Post a Comment